Friday, September 2, 2016

ပြည်သူ့လွှတ်တော်အစည်းအဝေး


=====================

မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက်ရှိ မဏ္ဍိုင်အားကစားကွင်းနှင့်ပတ်သက်၍ မေးမြန်းဖြေကြား

The Mirror Daily's photo.
နေပြည်တော် စက်တင်ဘာ ၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၂၄)ရက် မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ မြောက်ဥက္ကလာပ မြို့နယ် (ဂ)ရပ်ကွက်ရှိ မဏ္ဍိုင်အားကစားကွင်းကို မြို့နယ်အဆင့် အဆင့်မြင့် အားကစားကွင်းကြီးအဖြစ် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါအားကစားကွင်းကို အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် အစီအစဉ်မရှိပါကြောင်းနှင့် သဘောတူငှားရမ်းထားသည့် စာချုပ်ပါစည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်များအရ စီမံခန့်ခွဲသူဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ အကြောင်းကြား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဘောလုံးကွင်းများ ငှားရမ်းခြင်းသဘောတူစာချုပ် အပိုဒ် (၁၃) (က) တွင် အငှားချထားသည့် ဘောလုံးကွင်းများကို အငှားချထားခြင်းခံရသူက လွှဲပြောင်းပေးအပ်ရမည်ဟု ဖော်ပြပါရှိသည့်အတွက် ယခင်အားကစားဝန်ကြီး ဌာနမှ အငှားချထားခြင်းခံရသူ ဟံသာဝတီယူနိုက်တက်ဘောလုံးကလပ် အသင်းအား မြောက်ဥက္ကလာပမြို့နယ်ရှိ မဏ္ဍိုင်အားကစားကွင်းကို တစ်နှစ်လျှင် ငှားရမ်းခ သိန်း(၃ဝ) ဖြင့် နှစ် (၃ဝ) ငှားရမ်းထားပါကြောင်း၊ စာချုပ်ပါ အပိုဒ် ၁၄ (ဂ)နှင့် အပိုဒ် (၁၅) (က) (ခ) တို့အရ အငှားချထားသည့် အားကစားကွင်းအား မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့သည့်လုပ်ငန်းများကို အစိုးရအဖွဲ့၏ စာဖြင့် ကြိုတင်ခွင့်ပြုသည့် သဘောတူညီချက်ရမှသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်ကို အငှားချထားခံရသူက ကျခံရပါမည်ဟု ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဟံသာဝတီယူနိုက်တက်ဘောလုံးကလပ် အသင်းတို့ကသာ သက်ဆိုင်ရာ ဘောလုံးကစားကွင်း၏ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများကို စာချုပ်ပါ စည်းကမ်းသတ်မှတ် ချက်များအတိုင်း တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မဆိုင်ပါကြောင်း ဖြေကြားသည်။
ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှကြိုင်၏ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဒါးကတိုက်နယ်တွင် ခုတင် (၁၆) လုံးဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုက်နယ်ဆေးရုံဖွင့်လှစ်ရန်အတွက် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၏ စိတ်အားထက်သန်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်သိရှိခဲ့ရသည့်အတွက် မိမိအနေဖြင့် ဆောင်ရွက် ပေးရန်အစီအစဉ်မရှိဟု ယတိပြတ်မပြောနိုင်သေးဘဲ အလားအလာကောင်းများ ရှိနေသည်ဟုသာ ပြောကြားလိုပါကြောင်း ဖြေကြားသည်။
ကန်ကြီးထောင့်မြို့နယ်တွင် (၂၅) ခုတင်ဆံ့ မြို့နယ်ဆေးရုံတစ်ရုံ၊ ကန်ရွာ တိုက်နယ်ဆေးရုံနှင့် ကျိုက်လတ်တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ (၃)ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဒါးကကျေးလက်ကျန်းမာရေးဌာနပိုင် နယ်မြေ အကျယ်အဝန်းမှာ (၅၆ ဒသမ ၈) စတုရန်းမိုင်ရှိပြီး ကျေးရွာအုပ်စုပေါင်း (၁၃) အုပ်စု၊ ကျေးရွာပေါင်း (၈၆) ရွာနှင့် လူဦးရေ (၃၄ဝ၈၂) ဦး ရှိပါကြောင်း၊ ဒါးကကျေးလက်ကျန်းမာရေးဌာနသည် ကန်ကြီးထောင့်မြို့နယ်ဆေးရုံနှင့် (၇) မိုင် (၄)ဖာလုံသာကွာဝေးပြီး မော်တော်ယာဉ်ဖြင့် မိနစ် ၃ဝ ခန့်သာ သွားလာရကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးနှင့် (၂၂) မိုင် (၂) ဖာလုံ ကွာဝေး၍ တစ်နာရီခန့်သာ သွားလာရပါကြောင်း၊ ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီး တိုက်နယ်ဆေးရုံနှင့် သုံးမိုင်ခွဲသာကွာဝေးပြီး သွားလာရေးလွယ်ကူသော နေရာဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။
ဟုမ္မလင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က ဟုမ္မလင်း မြို့နယ်အတွင်း ဥရုအထက်ပိုင်းဒေသ ပါဟုတ်ကြီးကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ခု ဖွင့်လှစ်ပေးရန်နှင့် အသစ်ခွဲဝေချထားပေးသော ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေး ဆရာ ဆရာမများ ခန့်ထားပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပါဟုတ်ကြီးကျေးရွာဒေသတွင် တိုက်နယ်ဆေးရုံအစား ကျေးလက်ကျန်းမာရေး ဌာနအသစ် (၁) ခု ဖွင့်လှစ်ရန် သင့်လျော်သည်ဟု ထင်မြင်ပါကြောင်းနှင့် မိမိအနေဖြင့် တိုင်းဒေသကြီးရှိ တာဝန်ရှိသူများနှင့် အမြန်ဆုံးချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင် (၂၅) လုံးဆံ့ ဆေးရုံအဆင့်မှ ခုတင် (၅ဝ) ဆံ့ စံကိုက်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းကို ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဇံက မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အစီအစဉ်မရှိသေးကြောင်းနှင့် တိုးမြှင့်မည်ဆိုပါကလည်း ကြိုတင်၍ ဘတ်ဂျက်တောင်းခံခြင်း၊ ဖွဲ့စည်းပုံတင်ပြခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment