Friday, September 2, 2016

အမျိုးသားလွှတ်တော်အစည်းအဝေး




ကျောက်တော်မြို့နယ် သရက်တပင်-ဂုပ္ပီထောင့်လမ်းနှင့် အဆိုပါလမ်းပေါ်ရှိ တံတား ၁၁ စင်းကို ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်

No automatic alt text available.
နေပြည်တော် စက်တင်ဘာ ၁
ကျောက်တော်မြို့နယ် သရက်တပင်-ဂုပ္ပီထောင့် ကျေးရွာ ချင်းဆက်လမ်းကို ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုရန်ပုံ ငွေတွင်လည်းကောင်း၊ အဆိုပါလမ်းပေါ်ရှိ တံတား ၁၁ စင်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေတွင်လည်းကောင်း လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက သရက်တပင်-ရွာမပြင်-ကျားနင်းကန်-လိပ်မ-စိန်ခြုံ-ကြာခပ်ပြင်-စဖိုသား-လမု သား-ဂုပ္ပီထောင့် ကျေးရွာချင်းဆက်လမ်းသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူရမည့် လမ်းဖြစ်သောကြောင့် အဆိုပါဌာနမှ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄) ရက်မြောက် နေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ''ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ သရက် တပင်-ဂုပ္ပီထောင့်လမ်းပေါ်ရှိ တံတား ၁၁ စင်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် သရက်တပင်-ရွာမပြင်-ကျားနင်းကန်-လိပ်မ-စိန်ခြုံ-ကြာခပ်ပြင်-စဖိုသား-လမုသား-ဂုပ္ပီထောင့် ကျေးရွာ ချင်းဆက်လမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ကျောက် ချောလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊မရှိ'' မေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ''ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သာယာကုန်း ကျေးရွာအနီး၌ ပြင်ဖြူတာတမံကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိသိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြင်ဖြူတာကို တာပုံစံကျပြုပြင်ရန်အတွက် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသခံတောင်သူလယ်သမားများနှင့် မြေယူရန်နေရာ၊ ရေတံခါးတည်ဆောက်ရန်နေရာများကို ကြိုတင်ညှိနှိုင်း ထားရှိရန်လိုအပ်မည်ဖြစ်ပြီး သဘောတူညီမှုရှိပါက တာပုံစံကျ ပြုပြင်ခြင်းနှင့် ကွန်ကရစ်ရေတံခါးနှစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ (၃၇၃ ဒသမ ၅ဝ)သန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်လျာထားပြီး ရန်ပုံငွေခွဲ ဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ''ရခိုင်ပြည်နယ် မင်းပြားမြို့ကမ်းပြိုထိန်းသိမ်းရေးလုပ်ငန်းကို ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက မင်းပြားမြို့နယ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ စတင်၍လျာထားပြီး ဦးစားပေးအလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းဖြေကြားသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုး မြင့်(ခ)ဆင်မြူရယ်၏ ''ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ သိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဝန်ကြီးဌာနအနေဖြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများအပေါ် ဆန်းစစ်ခြင်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (Environmental Impact Assessment- EIA Procedure) လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၄ ခုနှစ်အထိ ၁ဝနှစ်ကြာ လည်ပတ်ခဲ့သော တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံ၏ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင် နိုင်စေရန်အတွက် တင်ဒါခေါ်ယူစိစစ်ခဲ့ပြီး တင်ဒါအောင်မြင်သည့် တရုတ်နိုင်ငံ Wuxi Huaguang Electric Power Engineering ကုမ္ပဏီလီမိတက်သို့ နှစ်ရှည် ငှားရမ်းခဲ့ပါကြောင်း။
ယခုအခါ ကုမ္ပဏီအစီအစဉ်ဖြင့် EIA/SIA လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး Desulfurization Equipment, Denitration Equipment နှင့် Online Monitoring Equipment များကို တပ်ဆင်ရန် စ်ီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသခံ ပြည်သူလူထုနှင့် မီဒီယာများအား စီမံကိန်းလုပ်ငန်း ဆိုင်ရာများ တွေ့ဆုံရှင်းလင်းခြင်း လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
ကော့သောင်ဒေသရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံနှင့် နောင်ချိုဒေသတွင်ရှိသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အဆိုပါ စက်ရုံများသည် အသေးစားနှင့် အလတ်စားအဆင့်ရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လျှပ်စစ်ဥပဒေတို့အရ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအမံဖြင့် ဆောင်ရွက်သော စီမံကိန်းများဖြစ်ပါကြောင်း ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment