Friday, September 2, 2016

မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီ၊ပုထိုး၊ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရန် အလှူငွေ မြန်မာငွေကျပ် သန်း ၁ဝဝ ပေးအပ်လှူဒါန်း



Image may contain: 5 people , text
နေပြည်တော် စက်တင်ဘာ ၁
ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်း စေတီ၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ယူနန်ပြည်နယ် ရွှေလီမြူနီစီပယ်အုပ်ချုပ်ရေးဌာနမှ အလှူငွေ မြန်မာငွေကျပ် သန်း ၁ဝဝ အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က လှူဒါန်းရခြင်း အကြောင်းရှင်းလင်းရာတွင် ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ် ရှေးဟောင်းစေတီ၊ ပုထိုးများ၊ အဆောက်အအုံများသည် မြန်မာ ပြည်သူများ၏ အလွန်အဖိုးတန်သည့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းလူထု၏ အတူတူရှိသည့် ယဉ်ကျေးမှုအမွေအနှစ်ပင် ဖြစ်ပါကြောင်း၊ ပုဂံဒေသစေတီ၊ပုထိုး၊ အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ခြင်းမှာ ကျွန်တော်တို့ လူသားများ၏ တာဝန်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ ယူနန်ပြည်နယ် အစိုးရကိုယ်စား ကျပ်သန်း ၁ဝဝ လှူဒါန်းသည့်အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရှေးဟောင်းယဉ်ကျေးမှု ဌာနမှအဖွဲ့ကိုစေလွှတ်ပြီး စက်ယန္တရား ပစ္စည်းများကိုပါပေးပို့၍ ပုဂံဒေသရှိ စေတီ၊ပုထိုးများကို နဂိုအတိုင်း ပြန်လည်ပြုပြင်မွမ်းမံပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ်များသည် မြန်မာပြည်သူလူထု၏ အသည်းနှလုံးဖြစ်ပြီး ယခုလိုပျက်စီးသွားသည့်အတွက် အာဆီယံနိုင်ငံများနှင့် ဥရောပသမဂ္ဂနိုင်ငံများကပါ အကူအညီများပေးရန် နေ့စဉ်ကမ်းလှမ်း လျက်ရှိကြောင်း၊ တရုတ်-မြန်မာ ရွှေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါကြောင်း၊ အန်ကောဝပ်ဘုရား ကျောင်းပြုပြင်ရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နည်းပညာဖြင့် လုပ်ဆောင်ခဲ့ရာ ကောင်းမွန်သည်ကို သိရကြောင်းနှင့် ပုဂံဒေသရှိ ပြုပြင် ရေးလုပ်ငန်းများတွင် ပါဝင်ကူညီသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများကိုကျေးဇူး တင်ရှိပါကြောင်းနှင့် ကျန်းမာ ချမ်းသာပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အအုံများ ပြုပြင်နိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးက ကျပ်သန်း ၂ဝ နှင့် ယူနန်ပြည်နယ် ရွှေလီမြူနီစီပယ်အုပ်ချုပ်ရေးဌာနမှ ကျပ်သန်း ၈ဝ စုစုပေါင်း ကျပ်သန်း ၁ဝဝ ကိုလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
(သတင်းစဉ်)

No comments:

Post a Comment