Thursday, September 29, 2016

ချင်းတွင်းမြစ်အတွင်း ရေမည်းများစီးဆင်းမှုမှာ ဂရက်ဖိုက် အနယ်အနှစ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ



Image may contain: plant, tree, outdoor, nature and one or more people
မုံရွာ စက်တင်ဘာ ၂၈
ချင်းတွင်းမြစ်အတွင်း ရေမည်းများစီးဆင်းမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာရင်းစစ်ချုပ်ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာရှင်းလင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ချင်းတွင်းမြစ်အတွင်း ရေမည်းများစီးဆင်းမှုနှင့်ပတ်သက်ပြီး အကြောင်းအရင်းကို သိရှိစေရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တာဝန်ပေးချက်အရ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးစိုးလွင်ပါ သဘာဝပတ်ဝန်းကျင်ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ ဆရာဝန်များနှင့် တိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ များပါဝင်သော လေ့လာစုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းအဖွဲ့သည် သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကိုးနေရာတွင်လည်းကောင်း၊ စက်တင်ဘာ ၆ ရက်တွင် ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် လည်းကောင်း၊ နန့်စလိန် ချောင်းတစ်လျှောက်တွင်လည်းကောင်း စစ်ဆေးနိုင်ရန်အတွက် ခြေကျင်တစ်ဖွဲ့နှင့် ရေလမ်းမှတစ်ဖွဲ့ စေလွှတ်စစ်ဆေးခဲ့ပြီး တွေ့ရှိသည့် အနက်ရောင်ရေများ၊ မည်းမည်းအမှုန် အနည်အနှစ်များဖြစ်သည့် ဂရက်ဖိုက် (Graphite)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
''နန့်စလိန်ချောင်းအတွင်း ကောက်ယူသော နမူနာများ၊ မည်းမည်းအမှုန် အနည်အနှစ်တွေက (Graphite)တွေပါ။ နန့်စလိန်ချောင်းတစ်လျှောက်ရဲ့ ဘူမိဗေဒမှာ နာဂအသွင်ပြောင်းကျောက်များ အဓိက ဖုံးလွှမ်းလျက်ရှိတာကို တွေ့ရပါတယ်။ ဂရက်ဖိုက်တွေဟာ ကျောက်လွှာကြားမှာ အလွှာပါးဖြစ်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါမှာ အလွှာကြားရေစိမ့်ဝင်ပြီး ပြိုကျ ပျော်ဆင်းတဲ့အတွက် ရေမည်းများ ချောင်းအတွင်းကို စီးဝင်တာပါ''ဟု ဘူမိဗေဒပညာရှင် ဦးအောင်ကြင်က ပြောသည်။
အခမ်းအနားတွင် ရေမည်းလေ့လာရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဦးစိုးလွင်က လေ့လာရေးခရီးစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ရေမည်းများစီးဆင်းမှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် အမြင်ရှုထောင့်မှလည်းကောင်း၊ ဘူမိဗေဒ ပညာရှင်ဦးအောင်ကြင်က ဘူမိဗေဒပညာရှုထောင့်မှလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက် ရောက်လာသော မုံရွာအခြေစိုက် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ် ၂၂ ရက်တွင် ခန္တီးမြို့အနီး၊ ၂၄ ရက်တွင် ဟုမ္မလင်း၊ ၂၆ ရက်တွင် မော်လိုက်၊ ၂၇ ရက်တွင် ကလေးဝမြို့၊ ၂၈ ရက် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် မင်းကင်းမြို့နယ်နှင့် မွန်းတည့် ၁၂ နာရီတွင် ကနီမြို့နယ်နှင့် ကင်းရွာအနီးမှ ဖြတ်သန်းစီးဆင်း ခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ကနီမြို့နယ်နှင့် မင်းကင်းမြို့ နယ်အကြား မောက္ကတော်ကျေးရွာအနီးတွင် အမည်းရောင်များ ပျက်ပြယ်သွားကြောင်း သိရသည်။
မင်းဝေ(မုံရွာ)၊ မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment