Thursday, September 29, 2016

ပြန်လည်နိုးထလာသည့် သတိပြုဖွယ်ငလျင်


ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ချောက်မြို့ကိုဗဟိုပြု၍ အင်အား ရစ်(ခ်ျ)စတာစကေး ၆ ဒသမ ၈ အဆင့်ရှိ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ပုဂံဒေသတွင်ရှိသည့် စေတီ ဘုရားကျောင်းကန်အုတ်ဂူ ၄ဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ နှစ်ပေါင်း ၄ဝ ကျော်ကြာမှ ရုတ်တရက်လှုပ်ခတ်ခဲ့သည့်  အဆိုပါငလျင်မှာ ငလျင်အန္တရာယ်နှင့်မကင်းသည့် မြန်မာနိုင်ငံရှိမြို့ပြအဆောက်အအုံများ အတွက်အရေးပေါ်သတိပြုအချက်ပေးခေါင်းလောင်းထိုးလိုက်သကဲ့သို့ ပင်ဖြစ်သည်။

ပုဂံဒေသရှိစေတီဘုရားပုထိုးများ ပျက်စီးခဲ့ရသည့် ချောက်မြေငလျင်သည် စစ်ကိုင်းပြတ်ရွေ့၏ အရွေ့တစ်ချက်သာဆိုသော်လည်း အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာနိုင်သည့်   သဘာဝဘေးငလျင်ကြီးများ လှုပ်ခတ်နိုင်ကြောင်း အသိပေးလှုပ်နှိုးလိုက်သလိုပင်ဖြစ်သည်။ ထို့ကြောင့် အဆိုပါငလျင်လှုပ်ခတ်ပြီးနောက်  ငလျင်ပညာရှင်များက ဖြစ်ပေါ်လာနိုင်သောငလျင်ဘေး၊ ထိခိုက်ပျက်စီးဆုံးရှုံးနိုင်သည့်အခြေအနေနှင့် ကြိုတင်ကာကွယ်သတိပြုနိုင်ဖွယ်တို့ကို ထုတ်ဖော်အသိပေးလာကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် အဓိကပြတ်ရွေ့ကြောများဖြစ်သည့် စစ်ကိုင်းပြတ် ရွေ့၊ ကဘော်ပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့နှင့် ကျောက်ကြမ်းပြတ်ရွေ့များအပြင် အခြားပြတ်ရွေ့ငယ်များစွာရှိပြီး ကီလိုမီတာ တစ်ထောင်အရှည်ရှိကာ  တောင်နှင့်မြောက်သွယ်တန်းနေသည့်  စစ်ကိုင်းပြတ်ရွေ့သည် အဓိကသတိပြုဖွယ် ပြတ်ရွေ့ကြီးဖြစ်၍ အင်အားပြင်းမြေငလျင်ကြီးများ လှုပ်ခတ် လာရန်ရှိနေသည်ကို ပညာရှင်များက  သတိပေးလာကြသည်။

ငလျင်ကြီးလှုပ်ခတ်ပါက ခိုင်ခံ့မှုအားနည်းသော အဆောက်အအုံများ ပြိုကျပျက်စီးနိုင်ရာ အထူးသဖြင့် စေတီဘုရားပုထိုးများသာမက ငလျင်ကြောကျရောက်ရာ မြို့ပြရှိခိုင်ခံ့မှုမရှိသော အဆောက်အအုံများအတွက် စိုးရိမ်မကင်းဖြစ်ရသည်။ ပြတ်ရွေ့ကြောင်းပေါ်တွင် လှုပ်ခတ်တတ်သော ငလျင်သဘောသဘာဝမှာ နှစ်ပေါင်း ၈ဝ သို့မဟုတ် ၁ဝဝ အကြာတွင် ပြန်လည်လှုပ်ခတ်သည့်သဘောရှိပြီး ပုဂံတွင်လှုပ်ခတ်ခဲ့သောငလျင်မှာ  ၁၉၇၅ ခုနှစ် ပုဂံငလျင်လှုပ်ခတ်ပြီးနောက် နှစ်ပေါင်း ၄ဝ အကြာ ယခု ၂ဝ၁၆ ခုနှစ်တွင် တစ်ကျော့ပြန် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်လှုပ်ခတ်နိုင်ခြေများသည့် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျှောက်၌ရှိသော မြို့ကြီးများတွင် ရန်ကုန်မြို့လည်း ပါဝင်ပြီး မြင့်မားသောမြို့ပြအဆောက်အအုံအများအပြားနှင့် လူဦးရေအထူထပ်ဆုံးသော မြို့တော်ကြီး တစ်ခုဖြစ်သည်။ ထိုမြို့ကြီးတွင် ငလျင်ဘေးအန္တရာယ်မှကာကွယ်နိုင်ရန်အတွက် တည်ဆောက်ပြီးသားအဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ၊မရှိ ပြန်လည်ဆန်းစစ်ရန် အထူးလိုအပ်နေပြီး အထူးသဖြင့်  သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ချက်ချင်းလိုအပ်သော အရေးကြီး အဆောက်အအုံများဖြစ်သည့်   ဆေးရုံများ၊  မီးသတ်စခန်းများ၊ ရဲစခန်း စသည့် အဆောက်အအုံများကိုလည်း  ပြန်လည်လေ့လာရန် လိုအပ်ကြောင်း ပညာရှင်တို့က အသိပေးလာသည်။

ရန်ကုန်ငလျင်ကို ပြန်လည်လေ့လာကြည့်လျှင် နှစ်ပေါင်း တစ်ရာအတွင်း လှုပ်ခတ်ခြင်းများစွာရှိခဲ့ပြီး ၁၉၃ဝ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ တွင် အင်အားရစ်(ခ်ျ)တာစကေး အဆင့်ရှစ်ဖြင့် အဆောက်အအုံများ ပြိုပျက်ကာ လူ ၅ဝ အထိ သေဆုံးမှုရှိခဲ့သည်။ နောက်ဆုံးလှုပ်ခတ်ခဲ့သည့်ခုနှစ် မှာ ၁၉၇ဝ ခုနှစ် သြဂုတ်လတွင် ၂၃ ကြိမ်၊ စက်တင်ဘာလတွင် ၂၄ ကြိမ် လှုပ်ခတ်သော်လည်း အပျက်အစီးဆုံးရှုံးမှုနည်းပါးခဲ့သည်။ ထိုစဉ်ကာလ က ရန်ကုန်မြို့တွင် အထပ်မြင့်တိုက်တာအဆောက်အအုံများမရှိ သလောက် နည်းပါးသောကြောင့် ပျက်စီးဆုံး ရှုံးမှုနည်းပါးခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ယခုအခါ အထပ်မြင့်အဆောက်အအုံများ များပြားလာရာ ၂ဝဝ၂ နောက်ပိုင်း အထပ်မြင့်အဆောက်အအုံများတွင် ခံနိုင်ရည်အားထည့်သွင်းထားပြီး ၂ဝဝ၂ ခုနှစ် အရှေ့ပိုင်းအဆောက်အအုံများတွင် ခံနိုင်ရည်အား ထည့်သွင်းမထားသည်မှာများသဖြင့် ထိုအဆောက်အအုံများအတွက် စိုးရိမ်ပူပန်ဖွယ်ဖြစ်သည်။ ထို့ကြောင့်  ရန်ကုန်မြို့ရှိအဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရေး၊ ငလျင်အန္တရာယ်ကာကွယ်ရေး စီမံချက်များရေးဆွဲဆောင်ရွက်ရေး စသည့်အစီအမံများကို ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင် ရွက်ခြင်းဖြင့် ပြည်သူလူထုစိတ်အေးရမည့်  မြို့ပြအဆောက်အအုံများ ဖော်ဆောင်ထားသင့်ပါသည်။

No comments:

Post a Comment