Friday, September 30, 2016

မြန်မာ့လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရသည့် ကျော်ကိုကိုနှင့် သီဟဇော်ပြန်လည်ရောက်ရှိ




 
 
သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ဖိုးသော်ဇင်


ရန်ကုန် စက်တင်ဘာ ၂၉

၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ဥရောပနိုင်ငံများ တွင် သွားရောက်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်း သည် ပြီးခဲ့သည့်ရက်ပိုင်းက ကစားသမားနှစ်ဦးလျှော့ချခဲ့ရာ အမာခံကစားသမား ကျော်ကိုကိုနှင့် တောင်ပံကစားသမား သီဟဇော် တို့ပါဝင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်တွင် အမာခံ ကစားသမားအဖြစ် တောက်လျှောက်ကစားခဲ့သည့် ကျော်ကိုကို ပါဝင်ခဲ့သောကြောင့် မြန်မာ့ဘောလုံးအသိုင်းအဝိုင်းကြားတွင် လှုပ်ခတ်ခဲ့ပြီး စိတ်ဝင်တစားဖြစ်ခဲ့သည်။

ကျော်ကိုကိုနှင့် သီဟဇော်တို့သည် စက်တင်ဘာ ၂၈ ရက် က ဂျာမနီနိုင်ငံ နစ်ဘတ်မြို့မှ ပြန်လည်ထွက်ခွာလာရာ စက်တင် ဘာ ၂၉ ရက် နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည်။ လက်ရွေးစင် အသင်းမှ ပြန်လည်စေလွှတ်ခံရခြင်းနှင့် ပတ်သက် ၍ ကျော်ကိုကိုက ''ကျွန်တော်တို့နှစ်ဦး ပြန်လည်စေလွှတ်ခံရတာ ဟာ အပြင်မှာ သတင်းထွက်နေတဲ့ စည်းကမ်းပိုင်းကြောင့် ပြဿနာဖြစ်လို့မဟုတ်ပါဘူး။ နည်းပြချုပ်အနေနဲ့ မိမိကို အခွင့်အရေးများပေးခဲ့သော်လည်း နည်းပြလိုချင်သည့် ပုံစံ အတိုင်း မကစားနိုင်ခဲ့သဖြင့် ဥရောပခရီးစဉ်တွင် နေရာ
ပြောင်းကစားခဲ့ရ၍ အခက်အခဲဖြစ်ကာ နည်းပြနှင့် ညှိနှိုင်းခဲ့ရာ တိုက်စစ်တွင် ကစား သမားများပြားနေ၍ မိမိထက် အကောင်းဆုံးဖြစ်နေသော လူငယ်ကစားသမား များကြားတွင် ရွေးချယ်ရခက်ခဲနေပြီး ဟောင်ကောင်နှင့် လေးနိုင်ငံပြိုင်ပွဲတွင် ကစား ခဲ့သည့် ညာခြမ်းမှာ အဆင်ပြေတယ်ထင်ပြီး နည်းပြက ကစားစေခဲ့ခြင်းဖြစ်သော ကြောင့်၊ မိမိတို့တွေကို အုပ်ချုပ်/နည်းပြအဖွဲ့တွေက ပြန်ခိုင်းခြင်းမဟုတ်ဘဲ ဆိုက်ပရပ်စ်အထိ လိုက်ပါခွင့်ပြုခဲ့သဖြင့် သို့သော် အသင်းနှင့်ပူးပေါင်းပြီး လေ့ကျင့် ခွင့်မရသောကြောင့် ရန်ကုန်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

အခုလို ပြန်လည် စေလွှတ်ခံရသော်လည်း မိမိအနေနဲ့ ပြန်ရွေးချယ်လိုပါက အဆင်သင့်ဖြစ်အောင် ပြင်ဆင်လေ့ကျင့်နေမှာဖြစ်ပြီး မိမိကိုအခွင့်အရေး တစ်ကြိမ်ထပ်ပေးဖို့ တောင်းဆိုချင်သလို၊ အခွင့်အရေးရပါက ယခုထက်ပိုကြိုးစားမှာဖြစ်ရာ အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲတွင် ပါဝင်လိုကြောင်း '' ဟု ပြောကြား ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခရီးစဉ်ကို ကစားသမား ၂၅ ဦးဖြင့် သွားရောက်ခဲ့ပြီး နှစ်ဦးလျှော့ချခဲ့သောကြောင့် ၂၃ ဦးဖြင့် ဆက်လက်လေ့ကျင့် လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခရီးစဉ်မှ အောက်တိုဘာလ ဒုတိယပတ်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။


No comments:

Post a Comment