Friday, September 2, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်




 
အားလုံးအတွက် (၂၁)ရာစုပင်လုံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံကို သြဂုတ်လ ၃၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ လွတ်လပ်ရေးရသည့်အချိန်မှ စ၍ မငြိမ်းမချမ်းဖြစ်ခဲ့သော မြန်မာ့နိုင်ငံရေးနှင့် ပြိုကွဲခဲ့ရသော တိုင်းရင်း သား စည်းလုံးညီညွတ်ရေးတို့ကို ပြန်လည်တည်ဆောက်မည့်အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် (၂၁)ရာစုပင်လုံကိုကျင်းပနိုင်ခဲ့ပါပြီ။
ညီလာခံကျင်းပရေးခန်းမကြီးအတွင်း နိုင်ငံရေးအင်အားစုအသီးသီး နှင့် တိုင်းရင်းသားစုံညီတို့၏ အသွေးအရောင်အမျိုးမျိုးရှိသော ရိုးရာဝတ်စုံ များဖြင့်  မြင်တွေ့ရသည်မှာ  ကျေနပ်အားရဖွယ်ကောင်းလှသည်။ တက် ရောက်သူအားလုံးတွင်လည်း ကျေနပ်အားရမှု၊ ဝမ်းမြောက်ဝမ်းသာရှိမှုတို့ကို မြင်တွေ့နေရသည်။ ဤသို့သော သမိုင်းဝင်နေ့ကို တက်ရောက်ပါဝင်ခွင့်ရ ခြင်းမှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပေသည်။
သို့ကြောင့်ပင်       နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏  မိန့်ခွန်းတွင် '' ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားတဲ့ ဧည့်သည်တော် များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက၊ က္ဘာတစ်ဝန်းက ကျွန်မတို့ အပေါ်  စိတ်ကောင်းစေတနာထားတဲ့ မိတ်ဆွေများရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်မတို့  ပြည်သူပြည်သားတွေရဲ့  အိပ်မက်တမ်းတချက်တွေနဲ့ လျှံနေ ပါတယ်'' ဟု ပြောသွားသည်။ ဤသို့ အိပ်မက်တမ်းတချက်များနှင့် လျှံနေရ ခြင်းမှာလည်း မငြိမ်းချမ်းသော  ကာလရှည်ကြာလှသောကြောင့်ဟုပင် ဆိုရပါမည်။ မည်မျှကြာသနည်းဆိုသော်  က္ဘာတွင် အရှည်ကြာဆုံး ပြည်တွင်းပဋိပက္ခဟုပင် ဆိုနိုင်ပါသည်။
လွတ်လပ်ရေးရပြီးသည်မှစ၍  နှစ်ပေါင်း ၇ဝ  နီးပါးကာလအတွင်း မြန်မာနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို  ဖြတ်သန်းဖူးသည်။ စစ်တပ် အာဏာသိမ်းမှုကို ကြုံတွေ့ဖူးသည်။ ဆိုရှယ်လစ်စနစ်ကိုလည်း ဖြတ်သန်းဖူး သည်။ ထို့နောက် ၈၈  လူထုအရေးတော်ပုံကြီးပြီးနောက် စစ်အာဏာရှင် စနစ်ကို ဖြတ်သန်းခဲ့ရပြန်သည်။ လွတ်လပ်ရေးနှင့်အတူ  ပေါ်ထွက်လာသော အယူဝါဒရေးရာလက်နက်ကိုင်များ ၁၉၉ဝ တွင် ချုပ်ငြိမ်းသွားခဲ့သော်လည်း ဆက်လက်ကျန်ရှိနေသည်မှာ တိုင်းရင်းသားလက်နက်ကိုင်များ  ဖြစ်ပေ သည်။ ခေတ်အဆက်ဆက်က ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နည်းလမ်းမျိုးစုံဖြင့်  ဆောင်ရွက်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေး ပန်းတိုင်နှင့်  အလှမ်းကွာခဲ့ရကြောင်း၊  ထို့ကြောင့်  မအောင်မြင်ခဲ့သော သမိုင်းဖြစ်စဉ်များကို သင်ခန်းစာယူပြီး ယနေ့ခေတ်၊  ယနေ့အချိန်အခါတွင် ကျွန်မတို့အားလုံးစုပေါင်းပြီး သမိုင်းသစ်ကို  ရေးသားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်ပေသည်။
ငြိမ်းချမ်းရေးရသင့်သည်မှာ  ကြာမြင့်ခဲ့ပါပြီ။ တိုင်းပြည်သည်လည်း ဒေသတွင်း နောက်အကျဆုံးနိုင်ငံတစ်ခုဖြစ်နေရသည်။ ''အချိန်လွန်နေပြီ ဖြစ်သော ငြိမ်းချမ်းရေး'' ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သုံးနှုန်း သွားသည်။ ထို့ကြောင့်ပင် ယခုကြိုးပမ်းဆောင်ရွက်မှုများသည် ဒီကနေ့ အခန်းထဲတွင်ရှိနေသော လူများ၏ အကျိုးစီးပွားအတွက် အဓိကမဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်များ စိတ်ရောကိုယ်ပါ  ငြိမ်းချမ်းလုံခြုံစွာ ရှင်သန် ကြီးပြင်းလာနိုင်ဖို့အတွက်ဖြစ်ကြောင်း၊ နောက်လာမယ့်မျိုးဆက်များဟာ ပဋိပက္ခများ၊  ဆုံးရှုံးနစ်နာမှုများကြောင့်  စိတ်၊ ခန္ဓာဒဏ်ရာအနာတရတွေ ဘယ်တော့မှ မရသင့်တော့ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
ယနေ့ အဓိကတာဝန်မှာ လက်နက်ကိုင်ပဋိပက္ခများ၏ မူလဇာစ်မြစ်ဖြစ် သည့် နိုင်ငံရေးပြဿနာများကို  ဖြေရှင်းနိုင်ဖို့ဖြစ်သည်။  ထိုသို့ဖြေရှင်း နိုင်ရန်  အဓိကလိုအပ်ချက်မှာ  အပြန်အလှန်နားလည်မှု၊  အပြန်အလှန် ယုံကြည်မှုနှင့်   ပူးပေါင်းအဖြေရှာနိုင်ရန်ပင်   ဖြစ်သည်။ ၁၉၄၇ ခုနှစ် (၂ဝ) ရာစုပင်လုံကာလကလည်း ပြည်သူလူထုအားလုံး၏  လွတ်လပ်ရေး အတွက် မျှော်လင့်ချက်များကို ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်းနှင့် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုပင်လုံစိတ်ဓာတ်မှာ ယခုရောက်ရှိနေသော (၂၁) ရာစုတွင်လည်း မရှိမဖြစ်လိုအပ်ချက်ပင်ဖြစ်နေပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြား ရာတွင်  MPC    ကို  ထူထောင်ပြီး  အပစ်အခတ်ရပ်စဲရေးကို ကြိုးပမ်းခဲ့ သော သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြု ကြောင်း၊ ယခင်အစိုးရက ငြိမ်းချမ်းရေးဆောင်ရွက်မှုကို ယခုကျွန်မတို့က ဆက်လက်ပြီး  တည်ဆောက်သွားပါမယ်ဟုလည်း    ပြောကြားခဲ့သည်။ ထို့ကြောင့်ပင်  ယခုရရှိထားသော  တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကိုအခြေခံ၍ ဆွေးနွေးညှိနှိုင်းပြုပြင်ထားသော နိုင်ငံရေးဆွေးနွေး မှုမူဘောင်ဖြင့် (၂၁) ရာစုပင်လုံကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
 ယခုလိုစုံညီ   ညီလာခံကြီးများကို   ခြောက်လတစ်ကြိမ်  ကျင်းပရန် ရည်ရွယ်ထားရာ ကြားကာလများတွင်လည်း အမျိုးသားအဆင့် ဆွေးနွေးပွဲ များကို ဒေသအလိုက်၊ အကြောင်းအရာအလိုက်၊ လူမျိုးအလိုက် ဆွေးနွေးမှု များ ရှိနေဦးမည်ဖြစ်သည်။ ယခုညီလာခံတွင်  မပါဝင်နိုင်ကြသေးသော အဖွဲ့များအတွက်လည်း နောင်ညီလာခံများတွင်ပါဝင်ရန် လမ်းဖွင့်ထားသည် ဖြစ်ရာ အနာဂတ်ကာလတွင်  ပိုမိုပြည့်စုံသော၊   ပိုမိုအောင်မြင်သော အားလုံးအတွက် တွေ့ဆုံညှိနှိုင်းမှုများကို  မြင်တွေ့လာရစရာရှိပါကြောင်း တင်ပြရပါသည်။       ။

No comments:

Post a Comment