Thursday, September 29, 2016

ကမ္ဘာ့စီးပွားရေးနှေးကွေးနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ အနည်းငယ်တန့်နေခြင်းနှင့် ပြည်တွင်းမှ ကုန်သွယ်မှုကဏ္ဍလျော့နည်းနေခြင်းတို့ကြောင့် ဒေါ်လာဈေးမြင့်တက်မှု ဖြစ်ပေါ်နေခြင်းဖြစ်



Image may contain: 7 people
ဆုနှင်းလဲ့
လက်ရှိကာလတွင် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့စီးပွားရေး တစ်ခုလုံး ထိုင်းမှိုင်းနှေးကွေးနေသော အနေအထားတွင် ရှိနေသောကြောင့် မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း အနည်းငယ်တန့်နေကာ ပြည်တွင်း၏ ပို့ကုန် သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ လျော့နည်းနေမှု ကြောင့်လည်း ဒေါ်လာဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ယင်းမှာ ဈေးကွက်သဘောအရ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ပြည်တွင်း၌ အရည်အသွေးပြည့်မီသော ကုန်ထုတ် လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။
ဖြစ်လေ့ဖြစ်ထရှိ
လွတ်လပ်စွာ ကုန်သွယ်မှုပြုထားခြင်းတွင် သွင်းကုန် ပမာဏများပြားနေကာ ပြည်တွင်းမှ ပို့ကုန်ပမာဏ လိုအပ် ချက်ရှိနေခြင်းကြောင့်လည်း နိုင်ငံခြားငွေ လိုအပ်ချက်ရှိ နေခြင်းဖြစ်သည်။ လက်ရှိမိုးရာသီကာလဖြစ်နေခြင်းကြောင့် လည်း ပို့ကုန်ပမာဏ လျော့နည်းကျဆင်းမှုဖြစ်လေ့ဖြစ်ထရှိသော သဘောဖြစ်ကြောင်း ပညာရှင်များက သုံးသပ် သည်။ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းမှု မကြာမြင့်သေးခြင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေခြင်းနှင့် လတ်တလော ကမ္ဘာ့စီးပွားရေး နှေးကွေးနေခြင်းကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တန့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းသို့ နိုင်ငံခြားငွေ စီးဝင်မှုတန့်နေပြီး ပြည်ပမှ အကူအညီပေးမည့် ငွေကြေးများလည်း မရရှိသေးသည့် ကာလတွင် ကုန်သွယ်မှုကဏ္ဍတွင်လည်း ပို့ကုန်ပမာဏထက် သွင်းကုန် ပမာဏများပြားနေခြင်းကြောင့် နိုင်ငံခြားငွေလိုအပ်ချက် မြင့်တက်ကာ ဒေါ်လာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသုံးသပ်သည်။ သို့ရာတွင်လည်း လက်ရှိနိုင်ငံ တည်ဆောက်ဆဲကာလတွင် ရင်းနှီးကုန်စည်များ တင်သွင်းရသည့် ကာလဖြစ်သော ကြောင့် သွင်းကုန်ပမာဏ များပြားနေခြင်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ ပြတိုင်းလည်း စိုးရိမ်စရာမဟုတ်ကြောင်း၊ ယင်းတို့မှ အကျိုးဆက်များ ပြန်လည်ရရှိလာမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခတစ်ဦးက သုံးသပ်သည်။
တဒင်္ဂ ကြုံတွေ့
''ရွှေဈေး တက်တယ်။ ဒေါ်လာဈေးလည်း တက်တယ်။ နောက်ပြီး ကမ္ဘာ့စီးပွားရေးကလည်း အကုန်လုံး ထိုင်းမှိုင်းနေတဲ့အချိန်ဆိုတော့။ အခုနှစ် ဆရာတို့နိုင်ငံကလည်း သဘာဝဘေးကလည်းရှိခဲ့တာရယ်၊ MIC ဖွဲ့တာရော စောင့်ကြည့်နေကြတာဆိုတော့ နည်းနည်းနှေးသွားတာ။ ဒါတွေလည်းပါတယ်။ ဆရာ့အမြင်ကတော့ ကုန်သွယ်မှုက ကျသွားတယ်ဆိုတာက မနှစ်ကထက်ကျသွားတယ်။ ပို့ကုန် ရော၊ သွင်းကုန်ရော ကျသွားတယ်ဆိုတာက စီးပွားရေးနဲ့ပဲ ပြန်ဆိုင်တာပါပဲ။ ပြည်တွင်းစီးပွားရေးမှာ သဘာဝဘေးကြောင့် ထိခိုက်တာတွေလည်း ပါပါတယ်။ လက်ရှိ US ဆန်ရှင်ကလည်း လွတ်တော့မယ်။ GSP ကလည်း ရတော့ မယ်ဆိုတော့။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာလည်း US ကရော၊ EU ကရော တော်တော် များများ လာမယ့်လုပ်ငန်းတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ၊ အကူအညီတွေ ရလာနိုင်ရင်တော့ အခုဒီအချိန် တဒင်္ဂတော့ ကြုံတွေ့ရမှာပါ။ နောက်တစ်ခါ တိုင်းပြည်ရဲ့ စီးပွားရေးက သိပ်မကောင်းတဲ့အခါမှာ ငွေအရင်းအနှီးရှိတဲ့ သူက ဘဏ်မှာလည်းမထားတော့ဘူး။ စတော့အိတ်ချိန်းက လည်း အကျဘက်မှာဆိုတော့ ဒေါ်လာနဲ့ ရွှေဟာ သူတို့ အတွက် စိတ်ချရတယ်ဆိုပြီး ဝယ်အားတက်လာတာပါ။ ဒါပေမယ့် ပြောနိုင်တာကတော့ မကြာခင်မှာ တိုင်းပြည် စီးပွားရေးက တက်လာဖို့တော့ အများကြီးအလားအလာ ရှိတယ်။ တစ်ဖက်ကလည်း အရေးကြီးတာတွေ လုပ်စရာတွေလည်း အများကြီးပဲရှိပါတယ်''ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ၊ စီးပွားရေးပညာရှင် ဒေါက်တာမောင် အောင်က ပြောသည်။
ကုန်သွယ်မှုအပြင် အလားတူ ဒေါ်လာလိုအပ်ချက် ပြည်တွင်းတွင် ရှိနေသည့်အတွက်ကြောင့်လည်း ဒေါ်လာ ဈေးမြင့်တက်လာခြင်းဖြစ်ပြီး ဆိုးရွားသောဖြစ်စဉ်တစ်ခု မဟုတ်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။
''ဖုန်းကုမ္ပဏီတွေ၊ သူတို့ရဲ့ တစ်လတစ်လ ဝင်ငွေတွေ ရှိတယ်။ ဝင်ငွေက မြန်မာကျပ်ငွေနဲ့ ရောင်းလိုက်တယ်။ သူတို့က ဒေါ်လာပြန်ဝယ်တယ်။ ဆက်သွယ်ရေးကလည်း လူတစ်ဦးချင်းရဲ့ တယ်လီဖုန်းမှာ သုံးတဲ့အသုံးစရိတ်က အများကြီးတက်လာတယ်။ ဒါတွေကလည်း တစ်ဖက်က ဒေါ်လာဝယ်အား ပြန်တက်လာတာတွေရှိပါတယ်။ ဒါတွေ က တစ်စိတ်တစ်ဒေသပါ''ဟု ဒေါက်တာမောင်အောင်က သုံးသပ်သည်။
တရားဝင်လွှဲအပ်ပေးပို့နိုင်ရန်
ပြည်တွင်းသို့ နိုင်ငံခြားငွေ စီးဝင်မှုပမာဏ မြင့်တက်လာစေရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုတွင် ပို့ကုန်ပမာဏ တိုးမြှင့် နိုင်ရန်ဆောင်ရွက်ခြင်းသည် အဓိကကျမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဓိကထားဆောင်ရွက်နိုင်သည့် ကိစ္စရပ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြန်ပို့ငွေ များ တရားဝင်လွှဲအပ်ပေးပို့နိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သုံးသပ်သည်။ ပြည်တွင်းသို့ တရားမဝင် ငွေလွှဲဈေးကွက်မှသာ ရောက်ရှိနေခြင်းဖြစ်ပြီး တရားဝင်ဈေးကွက်ဖြစ်ပေါ်လာစေရန်အတွက် မက်လုံးပေး ဆွဲဆောင်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေး သင့်ကြောင်း သုံးသပ်သည်။
တရားမဝင် ဝင်နေတဲ့ ဒေါ်လာ
''တကယ်တမ်းပြောရင် တရားမဝင် ဝင်နေတဲ့ဒေါ်လာတွေ အများကြီးရှိတယ်။ အခုဆိုရင် ဟိုတယ်လုပ်ငန်းတွေ အများကြီးဖွံ့ဖြိုးလာတယ်။ တစ်ဦးချင်းကနေ နိုင်ငံခြားသားကို ငှားတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါတွေက နိုင်ငံတော်က ဒေါ်လာနဲ့ပဲပြန်ကောက် အများကြီးရတယ်။ နောက်တစ်ခု ပိုအရေးကြီးတာက ဆရာတို့နိုင်ငံကနေ တခြားနိုင်ငံသွားအလုပ်လုပ်တာ တွက်ထားတာက လေးသန်းလောက်ရှိတယ်။ တစ်လတစ်လ လွှဲတဲ့ငွေက တစ်ယောက် ကို ဒေါ်လာ ၂ဝဝ ပဲ ပျမ်းမျှတွက်ဦးတော့ ဒေါ်လာသန်း ၈ဝဝ လောက်က လစဉ်ဝင်နေတာ။ ဒါပေမယ့် အဲဒါတွေ ဟာ တရားဝင်မဟုတ်ဘဲ တရားမဝင် ဝင်နေတာ။ အဲဒါကိုသာ တရားဝင်ဖြစ်အောင် မက်လုံးပေးမယ်။ ဆွဲဆောင်မှု တွေပေးပြီး လုပ်မယ်ဆိုရင် တစ်နှစ်ကို အများကြီးဝင်လာ မယ်။ တစ်နှစ်လုံးဆိုရင် ဒေါ်လာ ၁၅ ဘီလီယံ၊ ၁၆ ဘီလီယံလောက် ဝင်လာနိုင်တယ်။ ဒါမျိုးတွေ ဆရာတို့က ကြိုးစားရမှာ ဖြစ်ပါတယ်။ ဆရာတို့နိုင်ငံမှာက တရားမဝင် က အကြီးကြီးပဲ။ နေရာတိုင်းမှာ ဖြစ်နေတာ။ ဆရာတို့ အနေနဲ့ ဒါကို တရားဝင်လုပ်နိုင်ရင်တောင် ဆရာတို့ရဲ့ ဂျီဒီပီရော၊ တစ်ဦးချင်းဝင်ငွေရော တက်လာနိုင်တယ်လို့ ဆရာရေးဖူးပါတယ်။ ဒါကို ဝန်ကြီးဌာနတွေအနေနဲ့၊ အစိုးရ အနေနဲ့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ရမှာပေါ့။ ကဏ္ဍတိုင်းမှာ ကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။ ပညာရှင် တွေရှိပါတယ်။ သူတို့တွေနဲ့ သေချာဆောင်ရွက်ဖို့ လိုပါလိမ့် မယ်''ဟု ဒေါက်တာမောင်အောင်က ဆက်လက်သုံးသပ်သည်။
ယင်းအပြင် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုဖယ်ရှားပေးခြင်းနှင့် ကုန်သွယ်မှုအထူးအခွင့် အရေး (GSP)ပေးအပ်ခြင်းတို့ကြောင့် မြန်မာ့စီးပွားရေးအလားအလာကောင်းလာနိုင်သော်လည်း ယင်းမှာ အချိန် ကာလတစ်ခု လိုအပ်နေဦးမည်ဟု ပညာရှင်များက သုံးသပ်သည်။ အမေရိကန်နိုင်ငံကဲ့သို့ ဥရောပသမဂ္ဂသည် လည်း မြန်မာနိုင်ငံကို GSP အခွင့်အရေးပေးသော်လည်း မြန်မာ့ထုတ်ကုန်များ စံချိန်စံညွှန်းမီအောင် တင်ပို့နိုင်ခြင်း မရှိသည့်အတွက်ကြောင့် ယင်းအခွင့်အရေးကို အပြည့်အဝ မျှော်လင့်၍မရနိုင်ကြောင်း သုံးသပ်သည်။
ဒေါ်လာတွေ မလာသေး
''ခါတိုင်းလည်း ဒီအချိန်ကတော့ ဒေါ်လာဈေးတက်နေကျပဲ။ ဒီအချိန်က မိုးတွင်းဆိုတော့ ပို့စရာသိပ်မရှိဘူး။ သွင်းတာကတော့ ဆက်သွင်းနေတယ်။ ဈေးကစားတာ ကြောင့်လို့တော့ မမြင်ပါဘူး။ လိုအပ်လို့ ကုန်သွယ်မှုအတွက် သွင်းကြတာလို့ မြင်တယ်။ နိုင်ငံခြားကလာမယ့် ဒေါ်လာတွေ ပေးမယ်ဆိုတဲ့ ဒေါ်လာတွေက မလာသေးဘူး။ မမြင် ရသေးဘူးလေ။ နိုင်ငံခြားကုမ္ပဏီတွေ၊ တခြားသွင်းကုန် လုပ်ငန်းကုမ္ပဏီတွေ ဒေါ်လာဝယ်ရတာရှိမယ်။ အဲဒါက တစ်စိတ်တစ်ဒေသလောက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကုန်သွယ်မှုမှာ အထူးအခွင့်အရေးပေးထားတဲ့ (GSP)က အမေရိကန်ကပေးပေမယ့် ဆရာကတော့ ဥရောပသမဂ္ဂလို ဖြစ်မှာလည်းစိုးတယ်။ သူတို့က ဖွင့်ပေးလိုက်ပေမယ့် ကိုယ့်နိုင်ငံက ပစ္စည်းတွေက စံချိန်စံညွှန်းမကိုက်ဘူး။ အဲတော့ GSP ရဲ့ အခွင့်အရေးကို ခံစားဖို့ဆိုတာက အချိန် နည်းနည်းလိုဦးမယ်ထင်ပါတယ်''ဟု စီးပွားရေးပညာရှင် တစ်ဦးဖြစ်သူ ဦးခင်မောင်ညို(ဘောဂဗေဒ)က သုံးသပ်သည်။
ကုန်စည်အရည်အသွေး
''အစိုးရအနေနဲ့ လုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင် ကောင်းဖန်တီးပေးရေးက အစိုးရရဲ့တာဝန်ပဲ။ တကယ်တမ်း လုပ်ဆောင်တာကတော့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဖြစ်ပါ တယ်။ အစိုးရရဲ့ ပေါ်လစီတွေကိုနားလည်ပြီး အပြန်အလှန် အခက်အခဲတွေတင်ပြတာကလည်း အရေးကြီးတဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ GSP ဆိုတာထက်ကို ဆရာတို့ ကုန်သည် တွေတော်တော်များများက L/C ကို လုံးဝမသုံးနိုင်ဘူး။ အဲဒီအတွက် လူတစ်ယောက်က ၁ဝဝဝ ဖိုးပို့ရင် နှစ်ထောင် ဖိုးရင်းရပါတယ်။ ဆရာတို့ရဲ့ တင်ပို့နိုင်မှုအရေအတွက် ပမာဏ အကုန်ကျပါတယ်။ အခုဟာက GSP ဖြစ်လာမယ်။ ဆန်ရှင်လွတ်သွားရင် နိုင်ငံတကာလိုဖြစ်သွားပြီး လွတ်လွတ် လပ်လပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတို့ကုန်စည် တွေရဲ့ အရည်အသွေးတွေက အဲဒီနိုင်ငံတွေကို တင်ပို့နိုင်တဲ့ အရည်အသွေးတွေ ဖြစ်ဖို့လိုပါတယ်''ဟု ဒေါက်တာ မောင်အောင်က ဆက်လက်သုံးသပ်သည်။
လက်ရှိ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်ရခြင်းမှာ ဈေးကွက်သဘောအရသာဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဈေး ကစားခြင်းကြောင့်ဟု မယူဆကြောင်းလည်း ပညာရှင်များ က လတ်တလောသုံးသပ်ထားသည်။ လက်ရှိအခြေအနေ သည် ဆိုးရွားသော အခြေအနေမျိုးမဟုတ်ဘဲ ဗဟိုဘဏ်က ဝင်ရောက်ထိန်းချုပ်ရမည့် အနေအထားမဟုတ်သည့်အပြင် ဈေးကွက်ကသာ ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
''လက်ရှိ ဒေါ်လာဈေး အတက်အကျက ဈေးကွက်ရဲ့ သဘောအတိုင်းဖြစ်နေတာ။ လွန်လွန်ကဲကဲတော့ မယူဆ ဘူး။ လောလောဆယ်မှာ နေရာတကာ လိုက်ပါနေစရာတော့ မလိုဘူး။ တစ်ခါတလေ ဝင်ပါလို့ ပိုဆိုးသွားတဲ့ကိစ္စ တွေရှိတယ်။ အခုအထိကတော့ ဗဟိုဘဏ်ဝင်ပါစရာ မလိုသေးဘူး။ တကယ်လို့ သိပ်ပြီးတော့ အတက်အကျ ကြမ်းတဲ့အခါမျိုးမှာတော့ ဗဟိုဘဏ်က ရောင်းတာဝယ်တာ တို့ ဝင်လုပ်ရမှာပေါ့''ဟု ဦးခင်မောင်ညို(ဘောဂဗေဒ)က လက်ရှိ ဒေါ်လာဈေးမြင့်တက်လာမှုအပေါ် သုံးသပ်သည်။
ပြီးခဲ့သည့်နှစ် ယခုလိုကာလတွင် ဒေါ်လာဈေး ၁၃ဝဝ အထက်တွင် ရောက်ရှိနေပြီး မြန်မာ့ရွှေဈေးမှာ လည်း ရှစ်သိန်းဝန်းကျင်တွင် တည်ရှိနေသည်။ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ဒေါ်လာဈေး ကျပ် ၁ဝဝဝ အောက်သို့ ရောက်ခဲ့ပြီး မြန်မာ့ရွှေဈေးမှာလည်း ကျပ် ခုနစ်သိန်း အောက်တွင် ရှိခဲ့သည်။ ယင်းမှ ၂ဝ၁၅ ခုနှစ်အတွင်း ဒေါ်လာဈေးမြင့်တက်လာရာတွင် ဇွန်လ၌ ဒေါ်လာဈေး ၁၂ဝဝ ဝန်းကျင်ခန့်တွင်ရှိခဲ့ပြီး ရွှေဈေးမှာလည်း ကျပ် ခုနစ် သိန်းကျော်သို့ ရောက်ရှိလာခဲ့သည်။ ၂ဝ၁၅ သြဂုတ်လတွင် ဒေါ်လာဈေး ၁၃ဝဝ ကျော်အထိ မြင့်တက်ခဲ့ပြီး ရွှေဈေးမှာ လည်း ရှစ်သိန်းခန့်တွင် ရှိခဲ့သည်။ ယခုနှစ် နှစ်လယ်ခန့် တွင် ဒေါ်လာဈေးမှာ ကျပ် ၁၂ဝဝ အောက်တွင်ရှိခဲ့ပြီး နောက် ကျပ် ၁၂ဝဝ ဝန်းကျင်တွင် တည်ငြိမ်နေရာမှ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလအတွင်း တဖြည်း ဖြည်း မြင့်တက်လာခဲ့ရာတွင် စက်တင်ဘာ ၂၈ ရက်၏ ပြင်ပပေါက်ဈေးအရ ၁၂၅၅ ကျပ် ဝန်းကျင်တွင် ရှိနေပြီး ဗဟိုဘဏ်ဈေးနှုန်းအရ ၁၂၄၅ တွင်ရှိနေကြောင်း သိရ သည်။
အများအပြား တင်သွင်းနေကြ
''ဗဟိုဘဏ်အနေနဲ့က နှုန်းရှင်ငွေလဲစနစ်ပေါ့။ ဈေးကွက်နေ့စဉ်ဖြစ်ပေါ်တဲ့ အတိုင်းပဲ ဗဟိုကသွားမှာ။ အပြင်မှာ လူတွေထင်သလို ဈေးတွေတက်သွားရင် ဗဟိုဘဏ်က ထုတ်ရောင်း၊ ဈေးတွေကျသွားရင် ဗဟိုဘဏ်က ပြန်ဝယ် ဆိုပြီးတော့ သာမန်အားဖြင့် ထင်ကြတယ်။ ဒါက ဘယ်တော့လဲဆိုတော့ သာမန်အားဖြင့် သုံးလတို့ ခြောက်လတို့ တစ်နှစ်တို့ကြာမှပေါ်တယ်။ နေ့စဉ်နဲ့အမျှ ဗဟိုဘဏ်ကဝင်ပြီးတော့ ဈေးတက်သွားပြီး လိုက်လုပ်တာ တော့ မလုပ်ဘူး။ ဈေးတွေတက်တယ်ဆိုတာက ပို့ကုန်က ဘာမှမရှိတာ။ သွင်းကုန်က တအားသွင်းတယ်။ အခုဟာက မည်သည့်သွင်းကုန်မဆို လွတ်လပ်စွာ တင်သွင်းခွင့်ရှိတယ် ဆိုတော့ နိုင်ငံမှာ အရေးတကြီးမလိုတဲ့ပစ္စည်းတွေကအစ အများအပြား တင်သွင်းနေကြတော့ ဒေါ်လာလိုအပ်ချက် များနေတာပေါ့။ ဒီဒဏ်ကိုတော့ ခံရမှာပါ။ ဈေးကွက်ကပဲ သူ့ဟာသူ ထိန်းကျောင်းသွားမယ်။ ခေါင်းကိုက်နေလို့ရှိရင် ပါရာစီတမော သောက်ရမယ်။ ဆေးသောက်ပြီးရင် နှစ်နာရီကြာမယ်။ သုံးနာရီကြာမှ သက်သာမယ်။ အဲဒီအတွင်းမှာ မသက်သာရသေးလားဆိုပြီးတော့ အတင်းငြင်း နေလို့တော့မရဘူး။ နိုင်ငံတစ်နိုင်ငံလည်း ဒီလိုပဲ။ သုံးလတန်သည် ခြောက်လတန်သည်ကြာမှ အကျိုးဆက်ဖြစ်လာ မယ်''ဟု နိုင်ငံတော်ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။
ဈေးကွက်အတွင်းမှ ဝေဖန်မှုများ
လက်ရှိတွင် နိုင်ငံခြားငွေဈေးကွက်တွင်နေ့စဉ် ပေါက်ဈေးဖြင့် ပုံမှန်အရောင်းအဝယ် ပြုလုပ်လျက်ရှိ သော်လည်း အချို့သောဘဏ်များမှာ ဒေါ်လာငွေ အဝယ်သာ ဆောင်ရွက်နေပြီး အရောင်းကို ဆောင်ရွက်ခြင်းမရှိ ဟူသော ဈေးကွက်အတွင်းမှ ဝေဖန်မှုများရှိနေသည့်အပေါ် ယင်းမှာလည်း ပုံမှန်မဟုတ်သည့်သဘောဟု သတ်မှတ်နိုင် သည့်အပြင် နိုင်ငံတကာဘဏ်များ၏ စံနှုန်းအတိုင်း ဆောင်ရွက်ခြင်းလည်းဖြစ်နိုင်ကြောင်း စီးပွားရေးပညာရှင် များက သုံးသပ်သည်။
''ဘဏ်တွေကို ဒေါ်လာအရောင်းအဝယ်ကိစ္စမှာ တစ်ဖက်ကလည်း စည်းကမ်းသတ်မှတ်ထားတယ်။ ဘဏ် မှာ နိုင်ငံခြားငွေက ၃ဝ ရာခိုင်နှုန်းအထိ ကိုင်တွယ်ထားလို့ရ တယ်။ ၇ဝ ရာခိုင်နှုန်းကို ပြည်တွင်းငွေ ကိုင်တွယ်ထားလို့ ရတယ်။ အဲဒီအခွင့်အလမ်း ဘဏ်ကိုပေးထားတယ်။ အဲဒါ နိုင်ငံတကာစံနှုန်းပါ။ နိုင်ငံတကာဘဏ်လုပ်ငန်းအတိုင်း လိုက်နာတာပါ။ သူ့လက်ထဲမှာ နိုင်ငံခြားငွေ ၃ဝ ရာခိုင်နှုန်း အထိ ကိုင်ထားခွင့်ရှိတာကို မကိုင်နဲ့ ပြန်ရောင်းဆိုပြီး အမိန့်ပေးလို့ မသင့်ဘူးပေါ့နော်။ သူကိုယ်တိုင် ဈေးကွက်မှာ ကိုင်တွယ်ထိန်းကျောင်းဖို့ပဲလိုပါတယ်''ဟု နိုင်ငံတော် ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ စီးပွားရေးပညာရှင် တစ်ဦးက ပြောသည်။
လက်ရှိ တိုင်းပြည်စီးပွားရေး အခြေအနေကောင်းရန်နှင့် နိုင်ငံခြားငွေတိုးမြှင့်ရရှိစေရန်အတွက် အစိုးရမှ မူဝါဒများ ဖော်ဆောင်လျက်ရှိပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်လည်း ကြိုးစားဆောင်ရွက်သင့်ကြောင်း ပညာရှင်များက ထောက်ပြသည်။ ဈေးကွက်သဘော တရားအရ ဈေးတက်ခြင်း၊ ကျခြင်းကို ထိန်းချုပ်ရန် မလိုအပ်ဘဲ ဈေးကွက်ကသာ ထိန်းကျောင်းသွားမည်ဖြစ်ပြီး တရားမဝင် ငွေစီးဆင်းနေမှုများကို တရားဝင် ဖြစ်လာစေရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ကာ ပြည်ပသို့ အရည်အသွေးပြည့်မီသော ကုန်စည်များ ပို့ဆောင်နိုင်ရေး၊ မလိုအပ်သော ကုန်စည်များကိုနိုင်ငံခြားငွေအကုန်ခံကာ တင်သွင်းခြင်းများ မပြုလုပ်ရေး၊ ပြည်တွင်းရှိ လုပ်သား အင်အားတွင် အရည်အသွေးပြည့်မီသော အလုပ်သမားများဖြစ်ပေါ်စေရေး အတွက် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်း များ ပြုလုပ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ဖက်စပ်လုပ်ငန်းများ ဝင်ရောက် လာရန် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင် ရေးတို့လိုအပ်ကြောင်း ပညာရှင်များက သုံးသပ်သည်။
ပြည်တွင်းမှာ ပညာရှင်တွေများများ မွေးထုတ်
''အဓိက က ကုန်သွယ်ရေး တိုးမြှင့်ရမှာပါ။ ကုန်သွယ်ရေးမတိုးတော့ မြန်မာငွေ တန်ဖိုးကျတာပေါ့။ ကျွန်တော်တို့ဆီက ကုန်သည်တွေက အစိုးရကိုပဲ ကြည့်နေတယ်။ သူတို့ကိုယ်တိုင် အရပ်တကာထွက်ပြီး ဝယ်ပါချမ်းပါ ပြောရမှာ။ ပြောမှ မပြောတာ။ ကုန်စည်ပြပွဲတွေလုပ်ရမယ်။ ဆန်တွေ ဘယ်လိုရောင်းမယ်။ ပဲတွေ ဘယ်လိုရောင်းမယ်။ သရက်သီးတွေ ဘယ်လိုရောင်းမယ်ဆိုတာတွေ လုပ်ရမှာ။ လယ်ယာထွက်ကုန် ကုန်စည်ပြပွဲတွေ လုပ်ရမယ်။ လုပ်သားနဲ့ ပတ်သက်တဲ့ပြပွဲတွေ ကိုယ့်လုပ်သားတွေဟာ ဘယ်လို ကျွမ်းကျင်တယ်ဆိုတာတွေ လုပ်ရမှာ။ သူဌေးတွေအနေနဲ့ကလည်း တက္ကသိုလ်တွေ၊ ကျောင်းတွေကို ပံ့ပိုး တာမရှိဘူး။ ကျောင်းတွေကို ရန်ပုံငွေ မထည့်ပေးဘူး။ လှူဒါန်းထည့်ဝင်ပြီးတော့ မြှင့်တင်အားပေးတာတွေ လုပ်ရမှာ။ ကိုယ့်ဆီက လူတွေညံ့တယ်ဆိုပြီး ဘာမှ မလုပ်ဘူး။ ပြည်တွင်းမှာ ပညာရှင်တွေများများ မွေးထုတ်ပေးရမှာ။ ပြည်ပကို မားကတ်တင်း ဆင်းရမှာ။ နိုင်ငံတကာနဲ့ တွဲဖက်လုပ်ကိုင်လို့ရတဲ့သူတွေ များများမွေးထုတ်ရမှာ။ ဒါမှ နိုင်ငံခြားဝင်ငွေတွေ ဝင်မှာပါ'' နိုင်ငံတော် ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမည်
လက်ရှိ ကမ္ဘာ့စီးပွားရေး အရှိန်နှေးကွေးနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တန့်နေခြင်းဖြစ်ပြီး နိုင်ငံခြားသားများအား ပြည်တွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီး ပေးနိုင်ပါက ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမည်ဖြစ်ကာ စီးပွားရေးတိုးတက်လာ နိုင်ကြောင်း၊ လက်ရှိတွင် အာရှဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေးအရ ဝင်ရောက် လာသော ရင်းနှီးမြှုပ်နှံမှုများသာ ရှိနေသေးကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ အာရှဒေသတွင်းနိုင်ငံတို့မှာ နိုင်ငံရေးအရ မဟာဗျူဟာ ခြေလှမ်းလှမ်းထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံထက် ရင်းနှီးမြှုပ်နှံရန် ပိုမို ကောင်းမွန်သော နိုင်ငံများရှိနေသည့်အတွက်ကြောင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်မှာ စိန်ခေါ်မှုများရှိနေကြောင်း သုံးသပ်ကြသည်။

No comments:

Post a Comment