Friday, September 30, 2016

ဖိလစ်ပိုင်နှင့် ဗီယက်နမ် သမ္မတနှစ်ဦး တောင်တရုတ်ပင်လယ်အရေး တွေ့ဆုံဆွေးနွေး



Image may contain: 3 people
ဟနွိုင်း စက်တင်ဘာ ၂၉
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကျန်းတို့သည် တောင်တရုတ်ပင်လယ်အရေးအပါအဝင် အခြားသော ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို နှစ်နိုင်ငံ ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း သတင်းများအရသိရသည်။
စက်တင်ဘာ ၂၉ ရက်က ခေါင်းဆောင် နှစ်ဦးတို့သည် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်း၌ တွေ့ဆုံခဲ့ကြပြီး အထက်ပါကိစ္စကို သဘောတူညီခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင် သမ္မတ ရိုဒရီဂိုဒူတာတေး သမ္မတရာထူး စတင်ထမ်းရွက်သည့် ဇွန်လကစပြီး ဗီယက်နမ် နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင် နိုင်ငံနှင့်အတူတကွ ပူးပေါင်းပြီး ဒေသတွင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိစ္စရပ်များကို ဖြေရှင်းရန်ဆန္ဒရှိကြောင်း ဗီယက်နမ်သမ္မတက ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ် ပင်လယ်အရေးအပါအဝင် အခြားသော ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဗီယက်နမ် နိုင်ငံနှင့်ပူးပေါင်းပြီး ရင်ဆိုင်ဖြေရှင်းရန် ဆန္ဒရှိပါကြောင်း ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်ဒေသအတွင်း တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာမြှင့်တင်မှုများ နှင့်ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးတို့က အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နှစ်နိုင်ငံတို့သည် အဆိုပါဒေသ အတွင်းတွင် တရုတ်နိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှုများကို ရင်ဆိုင်နေရသည်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် တရုတ်နိုင်ငံ၏ စီးပွားရေးထောက်ပံ့မှုများ ရရှိရန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြေလည်စေရေးအတွက်ပြုလုပ်မည့် ဆန္ဒသဘောထားကို ချပြထားပြီး တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံကို အမေရိကန်ပြည်ထောင်စု၏ လွှမ်းမိုး မှုမှ ရုန်းထွက်လျက်ရှိသည်။ သို့သော် စက်တင်ဘာ ၂၉ ရက်တွင် ဖိလစ်ပိုင်သမ္မတနှင့် ဗီယက်နမ်သမ္မတနှစ်ဦး တွေ့ဆုံမှုသည် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းရင်ဆိုင်ဖြေရှင်း သွားမည်ဆိုသည့်အချက်ကို ပေါ်လွင်စေခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းထောက် တစ်ဦးက ၎င်းး၏ ထင်မြင်ချက်ကို ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment