Friday, September 30, 2016

ရန်ကုန်မြို့သစ်စီမံကိန်းအား လွှတ်တော်မှ အတည်ပြုပြီးပါက တင်ဒါခေါ်သွားမည်



Image may contain: 4 people
ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တစ်နှစ်အတွင်း စတင်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး လွှတ်တော်မှ အတည်ပြုပြီးပါက တင်ဒါခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့အပြီးတွင် သတင်းမီဒီယာများအား ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
''အရင်တုန်းက ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကုမ္ပဏီ သုံးခုကိုပဲ တင်ဒါခေါ်ပြီး ဒီသုံးခုကနေ မြို့သစ်ကြီးကို အကောင်အထည်ဖော်မယ့်ပုံစံရှိနေတယ်။ အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရင်ပုံစံနဲ့အကောင် အထည်မဖော်တော့ဘူး။ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်း ဒေသကြီးအစိုးရက ကြီးကြပ်မယ်၊ ကွပ်ကဲမယ်၊ ကုမ္ပဏီ တွေကို တင်ဒါခေါ်ပြီး ယှဉ်ပြိုင်ခိုင်းမယ်။ အဲဒီလိုယှဉ်ပြိုင် တဲ့အခါမှာလည်း နဂိုကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီ သုံးခုကိုလည်း ပြန်ပြီးယှဉ်ပြိုင်ခိုင်းမယ်။ ပြီးတော့မှ ရွေးချယ်မယ်။ ဒါနည်းလမ်းကျတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ် လို့လည်း လွှတ်တော်ဘက်က သုံးသပ်ထားတယ်''ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်း ၂၄ ခုကို လွှတ်တော် သို့ပေးပို့ထားပြီး အဆိုပါစီမံကိန်းများအနက် စီမံကိန်း ၁၁ ခုကို ယခုနှစ်အတွင်းစတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းများတွင် ရန်ကုန်မြို့သစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒါတွေက တစ်နှစ်အတွင်းမှာ အကောင်အထည်ဖော် ရပါလိမ့်မယ်။ လုပ်ဖို့လည်းလုပ်နေပါတယ်။ မြို့သစ်စီမံ ကိန်းမှာ ပါတာတွေကို အပိုင်းလိုက်အကောင်အထည်ဖော် ရပါမယ်။ အဲဒီလိုဖော်တဲ့အတွက် ဝန်ကြီးချုပ်အနေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်။ ဝန်ကြီးချုပ်က ဆွေးနွေးပြီး အကြမ်းဖျင်းလျာထားပြီးပြီဆိုရင်တော့ လွှတ်တော် ကိုတင်ပြမယ်လို့ ပြောတယ်''ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တစ်နှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများတွင် ရန်ကုန်မြို့ သစ်စီမံကိန်း၊ မြို့ပတ်ရထားလမ်းစီမံကိန်း၊ ဘတ်စ်ကား လိုင်းအသစ်လုပ်မည့်စီမံကိန်း၊စက်မှုဇုန်စီမံကိန်း၊ ဆိပ်ကမ်း ရွှေ့ပြောင်းမည့်ကိစ္စများနှင့် ကျူးကျော်ကိစ္စများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ကြည့်မြင့်တိုင် တစ်ဖက်ကမ်း၊ တွံတေးနှင့် ဆိပ်ကြီးခနောင် တို မြို့နယ်များရှိ မြေဧက စုစုပေါင်း နှစ်သောင်းကျော် ပါဝင်ကြောင်း သိရသည်။
ယခင်အစိုးရလက်ထက်က မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းအရ ရန်ကုန်မြို့တိုးချဲ့ရန် ဦးစားပေး(၁) ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး(၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ ဦးစားပေး(၃) သန်လျင်မြို့ သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး(၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - မင်းသစ်(သတင်းစဉ်)

No comments:

Post a Comment