Friday, September 2, 2016

စစ်ပွဲများ၊ ပဋိပက္ခများကို ရပ်တန့်ရုံသာမဟုတ်ဘဲ ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းလုံခြုံမှုမျိုး တည်ဆောက်ရမည် ဦးကျော်တင့်ဆွေ (ပြည်ထောင်စုဝန်ကြီး) မည်သည့်တိုင်းရင်းသားကမှ အခြားတိုင်းရင်းသားတစ်ခု၏ ကံကြမ္မာကို လက်ဝါးကြီးအုပ် ဆုံးဖြတ်ခြင်းမျိုး မဖြစ်စေရ ဒေါက်တာတင်မျိုးဝင်း(ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်)




နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယနေ့အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ ဆက်လက်ကျင်းပသည်။
သဘာပတိအဖွဲ့ဝင်များ
ယနေ့ အစည်းအဝေးတွင် သဘာပတိအဖွဲ့ဝင်များအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ် ပဒိုစောကွယ်ထူးဝင်း၊ အစိုးရကိုယ်စားလှယ် ဦးသိန်းဆွေ၊ လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ တပ်မတော်ကိုယ်စားလှယ် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ် ဦးÓဏ်ဝင်းတို့က ဆောင်ရွက်ကြသည်။
သဘာပတိ ပဒိုစောကွယ်ထူးဝင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တက်ရောက်ကြသည့် အဖွဲ့အစည်းအသီးသီးမှ အနာဂတ်မြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့အဖွဲ့အစည်းအသီးသီး၏ အမြင်သဘောထားများကို တင်ပြကြမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်ပြကြရာတွင် မိမိတို့၏ မတူညီသောရင်ဆိုင်ဖြတ်သန်းလာရသည့် အတွေ့အကြုံ၊ အနာဂတ်တွင် ဖြစ်စေချင်သည့် ဆန္ဒများသည် တစ်ထပ်တည်း တူညီနိုင်မည် မဟုတ်ကြောင်း၊ မတူညီသည့် သဘောထားအမြင်များကိုအခြေခံ၍ စည်းလုံးညီညွတ်မှုငြိမ်းချမ်းရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်ကို မည်ကဲ့သို့ တည်ဆောက်မည်ကို ချမှတ်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဒုတိယနေ့ နံနက်ပိုင်းအစည်းအဝေးတွင် အဖွဲ့အစည်းအသီးသီး၏ သဘောထားအမြင်များကို ဆက်လက်တင်ပြကြသည်။
နိုင်ငံတကာ လုံခြုံရေးမူဝါဒများ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံ၏ နိုင်ငံတကာ လုံခြုံရေးမူဝါဒများ အပြောင်းအလဲကာလအတွင်းသာမက အပြောင်းအလဲလွန်ကာလများတွင်လည်း တူညီသည့်အခြေခံများရှိရမည်ဖြစ်ပါကြောင်း၊ နယ်စပ်လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုများသည် မြန်မာနိုင်ငံအတွက် အရေးကြီးပါကြောင်း၊ ကမ္ဘာကြီး၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရမည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ကူညီနိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အပြောင်းအလဲလွန်ကာလတစ်ခုတွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးကို မည်သို့ပုံဖော်သင့်သည်ကို ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမူဝါဒသည် ဒီမိုကရေစီစနစ်ကို အခြေခံပြီး တရားဥပဒေစိုးမိုးရေးကို မဏ္ဍိုင်ထားရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစနစ်အခြေခံသည့် အမျိုးသားလုံခြုံရေးမူဝါဒဖြစ်ရန် ဒီမိုကရေစီနည်း အရ ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်၏ လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအကောင်အထည်ဖော်မှုများတွင် အရပ်သားများပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် စတင်အကောင်အထည်ဖော် စဉ်းစားရမည် ဖြစ်ပါကြောင်း။
လက်နက်ဖြုတ်သိမ်းရေး
ဘက်စုံလုံခြုံရေးယန္တရားတစ်ခု ခိုင်ခံ့အောင် တည်ဆောက်နိုင်ရန် အရပ်ဘက်၊ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ်လိုအပ်သည်မှာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်စုဖွဲ့ ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးဆိုသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ လက်နက်ကိုင်ရသည့်အခြေအနေမှ ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်အဖြစ် နိုင်ငံရေးသဘောတူညီချက်များ ရရှိပါက လက်နက်များစုဖွဲ့မှုများကို စနစ်တကျ ထိန်းချုပ်ဖယ်ရှားသွားရန် လိုအပ်ပါကြောင်း၊ လက်နက်ကိုင်ခဲ့သူများကိုလည်း တိုင်းပြည်၏အကျိုး၊ လူထု၏ အကျိုးအတွက် တာဝန်ထမ်းဆောင်နိုင်ရန် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုလိမ့်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးသည် ခွဲခြားမရအောင် ဆက်နွှယ်နေပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများသည် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်ပါကြောင်း။
အကျိုးအမြတ်များကို ခွဲဝေသုံးစွဲ
မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် စစ်ပွဲများ၊ ပဋိပက္ခများကို ရပ်တန့်ရုံသာဖြစ်သည့် ငြိမ်းချမ်းမှုမျိုးမဟုတ်ဘဲ တကယ်တမ်းရေရှည် ခိုင်မာသည့် ငြိမ်းချမ်းလုံခြုံမှုမျိုးကို တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ရေသယံဇာတအပြင် မြေသယံဇာတ၊ တွင်းထွက်သယံဇာတများကို မျှတစွာ ခွဲဝေသုံးစွဲရန်နှင့် ၎င်းတို့မှရရှိသည့် အကျိုးအမြတ်များကို ခွဲဝေသုံးစွဲရန်ဆိုသည့် စီမံခန့်ခွဲမှုအပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း၊ ယခင်ပဋိပက္ခ များဖြစ်ပေါ်ခဲ့သည့် နယ်မြေများကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမှုများ ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသဆိုင်ရာ အစိုးရများအတွက်သာမက ဒေသခံများအတွက်ပါ အကျိုးအမြတ်ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများကို ပြဿနာတစ်ခု နည်းလမ်းရှာဖွေမှုအတွက် အသွင်ပြောင်းယူရမည်ဖြစ်ပါကြောင်း။
ကြောက်ရွံ့မှုကို အခြေမခံ
ငြိမ်းချမ်းရေးကို မိမိတို့ပြည်သူများ လိုလားစောင့်မျှော်နေကြသည်မှာ ကြာလှပြီဖြစ်ပါကြောင်း၊ မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှာဖွေရာတွင် ဖြစ်သင့်သည်များကိုအခြေခံပြီး ဖြစ်နိုင်သည်များကို လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ကြောက်ရွံ့မှုကို အခြေမခံဘဲ အပြန်အလှန်ယုံကြည်မှုကို အခြေခံမည်၊ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဆောင်ရွက်ပါက ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် အဆိုပါလမ်းကို လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောတာဒိုမူးက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးထံမှ ဆင်းသက်ရမည်၊ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးနှင့် နိုင်ငံရေးအရ တန်းတူခြင်းရှိသည်သာမက ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာအရ ရှိသင့်သည့် အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Self – Determination) အပြည့်အဝ ရှိရမည်ဖြစ်ပါကြောင်း။
ကြွင်းကျန်အာဏာ
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ သက်ဆိုင်ရာ လွှတ်တော်၊ အစိုးရနှင့် တရားရုံးချုပ်တို့ကို လွတ်လပ်စွာထူထောင်ခွင့်ရှိပြီး ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ ပြည်နယ်များမှ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွတ်လပ်စွာရေးသား ပြဋ္ဌာန်းခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည်ထောင်စုနှင့်အတူ စုပေါင်းအုပ်ချုပ်ခွင့်တို့ကို ပေါင်းစပ်ထားခြင်းဖြင့် အာဏာ ခွဲဝေကျင့်သုံးခြင်းစနစ်ဖြစ်၍ ကြွင်းကျန်အာဏာများကို ပြည်ထောင်စု အာဏာသက်ဆင်းသည့် ပြည်နယ်များတွင် အပ်နှင်းထားရှိပါကြောင်း။
ပူးတွဲအာဏာ
သဘာဝသယံဇာတနှင့် အခွန်ဘဏ္ဍာဆိုင်ရာကိစ္စရပ်များ၌ မျှတသော ခွဲဝေမှုစနစ်ထူထောင်ပြီး Horizontal Equalization နှင့် Vertical Equalization စနစ်ကိုကျင့်သုံးပြီး ဖွံ့ဖြိုးမှုကွာဟမှု နည်းပါးရေးကို ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်သော အင်စတီကျူးရှင်းများ ပေါ်ပေါက်လာစေရန်အတွက် ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ဖော်ထုတ်ခြင်း အပါအဝင် အင်စတီကျူးရှင်းများ အားကောင်းစေခြင်းနှင့် ထိရောက်စွာ အထောက်အကူပြုပိုင်ခွင့် ရရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေး၊ အထူးစီးပွားရေးဇုန်၊ အထူးစက်မှုဇုန်၊ မဟာဓာတ်အားလိုင်းနှင့် အဝေးပြေးလမ်းမကြီး စသည့် ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရနှင့် ပူးတွဲအာဏာများ ရှိရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မြောက်အိုင်ယာလန်နှင့် တောင်အာဖရိကနိုင်ငံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်က ကမ္ဘာ့သမိုင်းကို ပြန်ကြည့်မည်ဆိုပါက မြောက်အိုင်ယာလန်တွင် ဖြစ်ခဲ့သော ဘာသာရေးအခြေခံ လက်နက်ကိုင်ပဋိပက္ခ၊ တောင်အာဖရိကနိုင်ငံတွင် ဖြစ်ခဲ့သော အသားအရောင် ခွဲခြားရေး အခြေခံသည့် ပဋိပက္ခအပြင် ယနေ့အထိဖြစ်ပွားနေသော ဆီးရီးယား လက်နက်ကိုင် ပဋိပက္ခများကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ မြောက်အိုင်ယာလန်နှင့် တောင်အာဖရိကနိုင်ငံ ပဋိပက္ခများသည် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး အဖြေရှာနိုင်ခဲ့ပြီ ဖြစ်သည့်အတွက် အဆိုပါနိုင်ငံများသည် တည်ငြိမ်သော နိုင်ငံရေးလမ်းစဉ်များအတိုင်း လျှောက်လှမ်းနေကြပြီဖြစ်ပါကြောင်း၊ ¤င်းတို့၏ ပဋိပက္ခများကို ဖြေရှင်းပုံ၊ ဖြေရှင်းနည်းများ လေ့လာဆန်းစစ်ကြည့်သည့်အခါ စိတ်ရှည်၊ သည်းခံလျက် လပေါင်း၊ နှစ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်း ခဲ့သည့် အချက်များကို သတိပြုမိပါကြောင်း။
ပဋိပက္ခများ ချုပ်ငြိမ်းစေမည့်အဖြေ
ထိုဖြစ်ရပ်များကို ထောက်ရှုခြင်းအားဖြင့် မိမိတို့တွင်ဖြစ်နေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေမည့်အဖြေကို စိတ်ရှည်သည်းခံ စွာဖြင့် လပေါင်းများစွာ၊ ဆွေးနွေးညှိနှိုင်းအဖြေရှာကြရမည်ကို မိမိတို့ သဘောပေါက်ရန် လိုပါကြောင်း၊ အထူးသဖြင့် မပြေလည်သော အချက်များကြောင့် ဆွေးနွေးညှိနှိုင်းမှုများသည် လပေါင်းများစွာအတွင်း အဖြေရှာနိုင်လျက် နှစ်ပေါင်းများစွာအထိ မကြာရှည်ရန် ဆန္ဒပြုအပ်ပါကြောင်း၊ ယခုညီလာခံကြီး တွင် တက်ရောက်နေကြသည့် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်သော တိုင်းရင်း သားများအပြင် ညီလာခံတက်ရောက်လာကြသည့် တပ်မတော်သားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအသီးသီး ကလည်း မိမိတို့တစ်တွေ ငြိမ်းချမ်းရေးမရမချင်း တစိုက်မတ်မတ် ပါဝင် ဆောင်ရွက်မည်ဆိုသည့် ယုံကြည်သည့်စိတ်ဓာတ်ကို မွေးမြူဆောင်ရွက်ကြရန် အထူးတိုက်တွန်းအပ်ပါကြောင်း။
ခလုတ်တံသင်းအချို့လည်း ပေါ်ပေါက်နေ
လောကဓမ္မတာအရ အကျိုးဖြစ်အောင် လုပ်သည့်ကိစ္စမှန်သမျှ အကျိုးပျက်ရာပျက်ကြောင်း ရှေးရှုကြိုးပမ်းသည့်ဖြစ်ရပ်များ ရှိခဲ့ပါကြောင်း၊ အဆိုပါ သာဓကအတိုင်း ယခုညီလာခံကရှေးရှုသည့် ငြိမ်းချမ်းရေးရရှိရန်ဆိုသည့် အကျိုးကို အနှောင့်အယှက်ဖြစ်စေမည့် ခလုတ်တံသင်းအချို့လည်း ပေါ်ပေါက်နေသည်ကို သတိပြုမိပါကြောင်း၊ သို့သော် ယခုညီလာခံတွင် ပါဝင်သည့် ပုဂ္ဂိုလ်များ၏ စိတ်ဓာတ်၊ သတ္တိနှင့် ဇွဲတို့ကြောင့် ခလုတ်တံသင်းမှန်သမျှကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
နိုင်ငံရေးအဆင့်ဆင့် အခြေခံမူများ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်က ပြည်သူလူထု လူမှုဘဝလုံခြုံသော ငြိမ်းချမ်းရေးဖော်ဆောင်မှုအနေဖြင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ လုံခြုံသော အကာအကွယ်ရှိသော အာမခံချက်ရှိသော လူသားချင်းစာနာမှု၊ နိုင်ငံရေးအဆင့်ဆင့် အခြေခံမူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနှင့် ပြည်သူလူထုဘဝ မြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရည်ရွယ်ချက်ပါ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရန်တို့ ဖြစ်ပါကြောင်း။
စိတ်ဒဏ်ရာထိခိုက်မှုအား ကုစား
အပစ်အခတ်ရပ်ပြီးပါက မူလနေရာတွင် လုံခြုံစိတ်ချစွာ နေထိုင်၊ လုပ်ကိုင် စားသောက်ရေးအတွက် စိတ်ဒဏ်ရာထိခိုက်မှုအား ကုစားခြင်း၊ သဘာဝဘေးကဲ့သို့ အချက်အလက်ကောက်ယူပြီး ပြန်လည်ထူထောင်သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ဆုံးရှုံးမှု အချက်အလက်ကောက်ပြန်လည်ထူထောင်ခြင်း၊ အထောက်အပံ့ပစ္စည်း စီမံခန့်ခွဲရေးစနစ်ကျမှု၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး (ကူညီကယ်ဆယ်ရေးသွားရောက်နိုင်မှု လွယ်ကူလုံခြုံရေး)နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရေးမူချထားရန်လိုပါကြောင်း၊ ဒေသခံများ ပြန်လည်အခြေချ ပြီး ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်နိုင်ကာ မူလအခြေအနေနီးပါးရောက်ရှိရန် လိုအပ်ပါကြောင်း၊ အလေးထားဆောင်ရွက်သင့်သည်များမှာ အတင်းအကျပ် တပ်သားစုဆောင်းခြင်း၊ ယာယီခိုလှုံစရာ နေရာထားရှိခြင်း၊ လူသားချင်း စာနာထောက်ထားမှု အလေးထားရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား များအတွက် အာမခံချက်ကို အလေးထားရန်လိုပါကြောင်း ဆွေးနွေးသည်။
မြေယာနှင့် သဘာဝသယံဇာတ ဆိုင်ရာ
ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ ) (KNU /KNLA – PC) မှ စောကျော်ညွန့်က မြေယာနှင့် သဘာဝသယံဇာတဆိုင်ရာအားလုံးသည် အစိုးရကသာ တိုက်ရိုက် စီမံခန့်ခွဲပိုင်ခွင့်ရှိအောင် အခွင့်အာဏာပေးအပ်ထားသောကြောင့် ဤအချက်သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စုဖွဲ့မှုအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် ပြည်ထောင်စု အဖွဲ့ဝင်များဖြစ်သော ပြည်နယ်များ၏ ပါဝင်ဆုံးဖြတ်ခွင့်များကို လျစ်လျူရှု ထားသည်ကို တွေ့ရှိရပါကြောင်း။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး
တိုင်းရင်းသားပြည်သူလူထုမှ မြေယာပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရရှိခြင်းကို ဥပဒေဖြင့် အကာအကွယ်ပြုခြင်း၊ မိရိုးဖလာဓလေ့ထုံးတမ်းအရ မြေယာလုပ်ပိုင် ခွင့်၊ ကျင့်သုံးခွင့်နှင့် ပိုင်ဆိုင်ခွင့်များကို ဥပဒေအရ အသိအမှတ်ပြု ကာကွယ် မြှင့်တင်ခြင်း၊ တိုင်းရင်းသားပြည်နယ်ဒေသများအတွင်းရှိ ရေ၊ မြေ၊ သစ်တော၊ သားငါးနှင့် ဆက်စပ်သဘာဝသယံဇာတများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် တရားမျှတမှုရှိခြင်းနှင့် ဒေသခံပြည်သူလူထုမှ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အနာဂတ်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးကို ရှေးရှုရန် လိုအပ်ပါကြောင်း၊ ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့အစဉ်အလာအရ ကျင့်သုံးလာသော သဘာဝသယံဇာတ စီမံခန့်ခွဲမှုစနစ်များကို အသိအမှတ် ပြုအာမခံသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်များအတွက် မြေယာ၊ သဘာဝသယံဇာတနှင့်ပတ်သက်ပြီး ထုတ်ယူသုံးစွဲခွင့်၊ တိုက်ရိုက်အကျိုးအမြတ် ခွဲဝေခံစားခွင့်၊ ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်အာဏာ စသည့် ပြည်နယ်လွှတ်တော်မှ ဥပဒေပြု ရေးဆွဲပြဋ္ဌာန်း ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
သက်ကြီးရွယ်အိုစောင့်ရှောက်ရေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမြင့်စိုးက ပထဝီအနေအထားအရ အခြေခံထားပြီး ဖက်ဒရယ်စနစ်ကို တည်ဆောက်သွားသင့်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် တရားဥပဒေ၏ ရှေ့မှောက်တွင် တန်းတူ အခွင့်အရေးရရှိရေး၊ ဥပဒေ၏ အကာအကွယ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ ပိုမိုတိုးတက်ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လုပ်ဖော်ကိုင်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၊ ကလေးသူငယ်များကို ဥပဒေအရ အပြည့်အဝ ကာကွယ်ရေး၊ ကျား၊ မတန်းတူ အခွင့်အရေးရရှိရေး၊ တောင်သူလယ်သမား၊ အလုပ်သမား၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးပြီး ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေးတို့ကို ဦးစား ပေးဆောင်ရွက်သင့်ပါကြောင်း။
ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးကို ဖော်ဆောင်ရာတွင် လူမျိုးစွဲ၊ ဝါဒစွဲ ကျဉ်းမြောင်းသော မျိုးချစ်စိတ်ဓာတ်နှင့် လူမျိုးကြီးဝါဒတို့ကို ရှောင်ရှားရန်လိုပါကြောင်း၊ ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေနိုင်သော Confederation ပုံစံမျိုးမဖြစ်ရန်လိုပါကြောင်း၊ သမိုင်းကြောင်းအရ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရသည့် (၈)ပြည်နယ်မူ၊ ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေနိုင်သည့် အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်ဆိုသည့် အယူအဆမျိုးများသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည့်အတွက် ရှောင်ရှားသင့်ပါကြောင်း ဆွေးနွေးသည်။
ဖက်ဒရယ် ဝိသေသလက္ခဏာရပ်များ ပါရှိပြီးဖြစ်
တပ်မတော်မှ ဗိုလ်မှူးကြီးတင့်နိုင်အေးက မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်)တွင် ပါဝင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံကို လေ့လာဆန်းစစ်ရာတွင် ပါမောက္ခ Ronald Watts ၏ ပြည်ထောင်စုနိုင်ငံများ၏ အဓိကကျသော လက္ခဏာများဖြစ်သည့် ''ရေးဆွဲပြဋ္ဌာန်းထားသည့် နိုင်ငံ၏ အမြင့်ဆုံးအခြေခံ ဥပဒေရှိခြင်း၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပိုင်းခြားသတ်မှတ်ပေးထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်များအတွက် ပြဋ္ဌာန်းချက်များ အကျုံးဝင်သည့် အခြေခံဥပဒေမျိုး ရှိခြင်း''စသည့်အချက်များနှင့် ကိုက်ညီသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)သည် ဖက်ဒရယ် ဝိသေသလက္ခဏာရပ်များ ပါရှိပြီးဖြစ်သည်ဟု သုံးသပ်တွေ့ရှိရပါကြောင်း။
ညီမျှစွာ ကိုယ်စားပြုခွင့်ပေးထား
တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု၊ တရားမျှတမှုရှိသော ဒီမိုကရေစီနှင့် ပြည်ထောင်စု(ဖက်ဒရယ်)စနစ်ကို တည်ဆောက်ရေးဆိုသည့်အချက်နှင့် စပ်လျဉ်း၍ ဖက်ဒရယ်စနစ်များတွင် တွေ့ရလေ့ရှိသော ဝိသေသလက္ခဏာ တစ်ခုမှာ ပြည်နယ်များကို ကိုယ်စားပြုသည့် လွတ်တော်တစ်ရပ်(မြန်မာနိုင်ငံတွင် အမျိုးသားလွှတ်တော်)ကို ပါလီမန်လွှတ်တော်(မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်)တွင် ထည့်သွင်းထားခြင်းပင်ဖြစ်ပါကြောင်း၊ အချို့သောနိုင်ငံများတွင် ပြည်နယ်များကို ညီမျှစွာ ကိုယ်စားပြုခွင့်ပေးထားပြီး လူဦးရေကို ထည့်သွင်းစဉ်းစားခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်ကို ဖွဲ့စည်းထားသော ပြည်နယ်များနှင့် တိုင်းဒေသကြီးများအကြား အရွယ်အစားပမာဏ ကွာဟမှုမှာ ၂၅ ဆပင်ရှိစေကာမူ၊ အမျိုးသားလွှတ်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် တန်းတူကိုယ်စားပြုခွင့်ရသည်ကို တွေ့ရပါကြောင်း ဆွေးနွေးသည်။
နိုင်ငံရေးအရ အဖြေရှာမှု လိုအပ်နေ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောစိန်ဝင်းက IDPs နှင့် Refugees များ နေရပ်ပြန်လည်အခြေချမှုတွင် ခွဲခြားဆက်ဆံမှုမရှိစေဘဲ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူ့အခွင့်အရေးကို လေးစား လိုက်နာသော ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးတည်၍ အစီအစဉ်ချမှတ်လုပ် ဆောင်ရန်လိုပြီး ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်မှုအတွက် အာမခံချက်၊ ဘဝ ပြန်လည်ထူထောင်နိုင်ရေး အာမခံချက်အပြည့်အဝနှင့် ဂုဏ်သိက္ခာရှိစေရေးတို့အတွက် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် သက်ဆိုင်ရာ ဒုက္ခသည်များ ယုံကြည်အားထားသော ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူရင်းဌာနေလူထု၏ ကိုယ်စားလှယ်များအကြား အဆင့်တိုင်းတွင် ဆုံးဖြတ်ချက်အတူတကွချမှတ်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြန်လည်နေရာချ ထားခြင်းခံရသူများအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှု၊ ရှေရှည်အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖော်ထုတ်မှုအပြင် နိုင်ငံသားစိစစ်ရေး ကတ်ရရှိရေးအတွက် အာမခံချက်ရရှိစေရမည်ဖြစ်ပြီး လက်ခံမည့် မူရင်းဌာန ပြည်သူလူထုအတွက် ထိခိုက်နစ်နာမှုမရှိစေရန်လည်း လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။
အခြေခံအချက်အလက်များ
အထက်ဖော်ပြပါ တင်ပြမှုများသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်မှုဆိုင်ရာအတွက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားမည့် အခြေခံအချက်အလက်များဖြစ်ပြီး ဤအခြေခံများအရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဆိုလျှင် ကျွန်ုပ်တို့၏ ''မြန်မာ နိုင်ငံသစ်''တွင် တိုင်းရင်းသားလူမျိုးများအားလုံး အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြမည်ဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ရခိုင်အမျိုးသားပါတီ
ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က လက်ရှိနိုင်ငံရေးအခြေ အနေသည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရေးအတွက် ရခိုင်အမျိုးသားပါတီအပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကြိုးပမ်းရန် ဆန္ဒတညီတညွတ်တည်း ရှိနေကြသော အချိန်ကာလဖြစ်ပါကြောင်း။
အချိုးကျစေလွှတ်
ပြည်နယ်များအလိုက် ပြည်နယ်အမျိုးသားတပ်မတော်များအား ပြည်နယ်များက ဖွဲ့စည်းခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်များအလိုက် ဖွဲ့စည်းသော ပြည်နယ်အမျိုးသားတပ်မတော်သည် သက်ဆိုင်ရာပြည်နယ်၏စီမံကွပ်ကွဲမှု အောက်တွင်ရှိရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ပြည်နယ်အမျိုးသားတပ်မတော်များအား အခြေခံ၍ဖွဲ့စည်းရမည်ဖြစ်ပြီး ပြည်နယ်အမျိုးသားတပ်မတော်များကို အချိုးကျစေလွှတ်သောတပ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း။
အခွန်အကောက်
ပြည်နယ်များအတွင်းရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများကို ပြည်နယ်အစိုးရများက တိုက်ရိုက်စီမံခန့်ခွဲပိုင်ခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်များအတွင်းရှိ ပြည်တွင်းပြည်ပ ရင်နှီးမြှုပ်နှံမှုများ၊ စီမံကိန်းများမှ ရရှိလာသောအကျိုးအမြတ်၊ အခွန်အကောက်များအပေါ်တွင် ပြည်နယ်များက အပြည့်အဝ စီမံခန့်ခွဲပိုင်ခွင့်နှင့် ရယူခံစားပိုင်ခွင့်ရှိရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပေါ်ပေါက်လာမည့် စီမံကိန်းများတွင် ဒေသခံလူမျိုးလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးလုပ်ပိုင်ခွင့်ရရှိ စေရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေ၊ သစ်တော၊ ရေချိုကမ်းနီးကမ်းဝေး ရေလုပ်ငန်းများစသည့် သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲသည့်ကဏ္ဍများသည် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါခြင်းကြောင့် ပြည်နယ်အစိုးရက စီမံခန့်ခွဲ ပိုင်ခွင့်အပြည့်အဝရရှိစေမည်ဖြစ်ပါကြောင်း၊ အခွန်အခကောက်ယူခြင်းအား ပင်မအားဖြင့် စီမံခန့်ခွဲသူများမှာ ပြည်နယ်အစိုးရများဖြစ်ပြီး ပြည်နယ်ဘဏ္ဍာငွေသို့ ထိုအခွန်အခများ စီးဝင်စေရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု အစိုးရ(ဗဟိုအစိုးရ)သို့ ခွဲခြားသတ်မှတ်ပေးသော အခွန်အချို့မှလွဲ၍ ကျန်သော အခွန်ကောက်ခံပိုင်ခွင့်အားလုံးသည် ပြည်နယ်အစိုးရ၏ ကောက်ခံရယူပိုင်ခွင့် ဖြစ်စေရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အသင့်လျော်ဆုံး ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန်
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း(၂ဝဝ)ကျော်အနက် (၂၈)နိုင်ငံသည် ဖက်ဒရယ်စနစ်ကိုကျင့်သုံးနေသော နိုင်ငံများဖြစ်ကြပါကြောင်း၊ ကမ္ဘာ့လူဦးရေနှင့်ဆိုလျှင် လူဦးရေ၏ (၄ဝ) ရာခိုင်နှုန်းခန့်သည် ဖက်ဒရယ်စနစ်အောက်တွင် ရှင်သန်ရပ်တည်နေထိုင် နေသူများဖြစ်ကြပါကြောင်း၊ ယင်းနိုင်ငံများသည် ဖက်ဒရယ်စနစ်နှင့် လည်ပတ် အုပ်ချုပ်နေသည်ဆိုသော်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီကြသည့် ဖက်ဒရယ်စနစ်များနှင့် အုပ်ချုပ်နေကြသော နိုင်ငံများဖြစ်ကြပါကြောင်း၊ ဖက်ဒရယ်စနစ်တစ်ခုကို လက်ခံကျင့်သုံးမည်ဆိုလျှင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလိုသည့် တိုင်းပြည်အတွင်းရှိ နိုင်ငံသားများ၏ ကွဲပြားခြားနားသော လူမှုရေး၊ ဘာသာရေး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ သမိုင်းကြောင်းများနှင့် ပထဝီအနေအထားစသည့် အချက်များစွာကို အခြေခံပြီး ထိုတိုင်းပြည်အတွက် အသင့်လျော်ဆုံး ဖက်ဒရယ်စနစ်ကို တည်ဆောက်ရန် လိုအပ်ပါကြောင်း။
အနှစ်သာရ
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကိုစဉ်းစားကြသည့်အခါ ဗမာနှင့် တိုင်းရင်းသားဆိုသည့် အသွင်ကွဲပြားမှုသက်သက်မဟုတ်ဘဲ တိုင်းရင်းသား အားလုံးအကြား ပူးတွဲအကောင်အထည်ဖော်မှုဆိုသည့် အနှစ်သာရကိုစဉ်းစား ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ စုဖွဲ့မှုကို စဉ်းစားရာတွင် လူမျိုးစုကို အခြေခံသည့် ပြည်နယ်များထက် အနှစ်သာရအရ လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်သည့် အမျိုးသားလွှတ်တော်၏ စုဖွဲ့မှုကို အခြေခံပြီး စဉ်းစားရန် လိုအပ်ပါကြောင်း။
ကိုယ်ပိုင်အခွင့်အရေး
လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေးရှိသကဲ့သို့ တိုင်းရင်းသားအစု အဖွဲ့တစ်ခုစီ၏ လူမျိုးစုအခွင့်အရေး (Group Rights) ဆိုသည့် ဖက်ဒရယ် သဘောတရားထဲတွင် ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားအစုအဖွဲ့၏ အခြေခံလက္ခဏာ (Identity) နှင့် ပတ်သက်ပြီး မူဝါဒချမှတ်သည့်အခါ သက်ဆိုင်ရာလူမျိုးစုများ၏ အများသဘောဆန္ဒကို ထည့်သွင်းစဉ်းစားရမည့် ဖက်ဒရယ်မျိုးကို ဆိုလိုပါကြောင်း၊ မည်သည့် တိုင်းရင်းသားကမှ အခြားတိုင်းရင်းသားတစ်ခု၏ ကံကြမ္မာကို လက်ဝါးကြီးအုပ် ဆုံးဖြတ်သွားခြင်းမျိုးမဖြစ်စေရသည့် စနစ်မျိုးကို ဦးတည်တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အထက်လွှတ်တော် ဆီးနိတ်
ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ယခုလက်ရှိအခြေအနေတွင် အသင့်လျော်ဆုံးဟု ယူဆရသည်မှာ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကိုသာ ပြဋ္ဌာန်း၍ ထိုယာယီဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်ကောင်စီတစ်ခုကို ဖွဲ့စည်းသင့်ပါကြောင်း၊ ထိုဖက်ဒရယ် ကောင်စီက ပြည်ထောင်စုအတိုင်းအတာဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ကိုင်တွယ်၍ နောင်သောအခါ ထိုဖက်ဒရယ်ကောင်စီကို ပြည်ထောင်စုဥပဒေအဖွဲ့ သို့မဟုတ် အထက်လွှတ်တော်ဆီးနိတ်အဖြစ် အသွင်ပြောင်းသင့်ပါကြောင်း။
စုပေါင်းအုပ်ချုပ်ခြင်း
မိမိတို့ချင်းလူမျိုးများလိုလားသည့် ပြည်ထောင်စုစနစ်သည် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော Pu Kio Mang ပြောကြားခဲ့သည့်အတိုင်း မိမိတို့ရဲ့ ချင်းပြည်ကို မိမိတို့ချင်းလူမျိုးများက လွတ်လပ်စွာ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိပြီး ပြည်ထောင်စုကြီးတစ်ခုလုံးကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် အတူတကွ ပူးပေါင်းအုပ်ချုပ်စီမံသော ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း တို့ကို ပေါင်းစပ်သည့်စနစ်ပင်ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် အတိအလင်း ဖော်ပြထားသည့်အတိုင်း ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံပေးနိုင်သည့် စစ်မှန်သော ဖက်ဒရယ် စနစ်သာဖြစ်ကြောင်း ဆွေးနွေးသည်။
ဗိုလ်ကျစိုးမိုးသည့် အမူအကျင့်များကို ရုပ်သိမ်း
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းထွန်းအေးက မတူကွဲပြားမှုကို အသိအမှတ်ပြုသော အစဉ်အလာထူထောင်ပြီး အားကြီးသူက အားနည်းသူအပေါ် ဗိုလ်ကျစိုးမိုးသည့် အမူအကျင့်များကို ရုပ်သိမ်းမှသာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံကောင်းများပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ တိုင်းရင်းသား အရေးနှင့် လက်နက်ကိုင်ပဋိပက္ခပြဿနာ အမြစ်တွယ်နေရခြင်းသည် ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ရန်ပျက်ကွက်ခြင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းခွင့်မရသည့် အကျိုးဆက်ကြောင့် ဖြစ်ပါကြောင်း။
ကွယ်ပျောက်သွားမည့်အရေးကို သတိချပ်ရန်လို
မိမိတို့ကိုယ်စီ၏ အမျိုးသားအကျိုးစီးပွားအပေါ်၌သာ အလေးပေးသည့် မူဝါဒနှင့် အားကောင်းသန်မာသော ပြည်ထောင်စုကို တည်ဆောက်၍ မရနိုင်သကဲ့သို့ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု အင်အားကြီးနိုင်ငံအကြား၊ လူဦးရေ ပေါက်ကွဲမှုဖြစ်ပွားနေသည့် နိုင်ငံများအလယ်တွင် မိမိတို့ ကိုယ်စီ ဆုပ်ကိုင်ထားသည့် Identity များသည်လည်း ရာစုနှစ်အနည်းငယ်အတွင်း ကွယ်ပျောက်သွားမည့်အရေးကို သတိချပ်ရန်လိုပါကြောင်း ဆွေးနွေးသည်။
မငြိမ်းချမ်းခြင်းကြောင့် ဆိုးမွေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ဝင့်ဝါထွန်းက မိမိတို့ရှားတော မြို့နယ်သည် ရာစုနှစ်ဝက်ကျော် ဖြစ်ပွားလာခဲ့သည့် မငြိမ်းချမ်းခြင်း၏ အကျိုးကို ယနေ့တိုင် ခံစားနေရဆဲဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်ဆိုသော်လည်း ကယားပြည်နယ်အတွင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေပါကြောင်း၊ ထို့အတူ ယမ်းငွေ့များ၊ ပေါက်ကွဲသံများမရှိတော့သော်လည်း မိမိတို့၏ နေ့စဉ်လူမှုဘဝ စားဝတ်နေရေးအတွက် လုံခြုံမှုမရှိဘဲ မြေမြှုပ်မိုင်းများ၏ဒဏ်ကို ခံစားနေရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မိမိတို့ နေရာဌာနများကို မည်သို့ပင် မက်မောခင်တွယ်နေပါမူ မငြိမ်းချမ်းခြင်း၏ ဆိုးမွေကြောင့် စစ်ဘေး ရှောင်သူများအနေဖြင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပါကြောင်း။
ခွဲထွက်ခွင့် မဟုတ်
နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန်ဆိုသည့်မူကိုလည်း ချထားပြီးဟု ယုံကြည်သကဲ့သို့ ယမန်နေ့က ဦးအင်ဘန်လ ပြောကြားခဲ့သည့် ခွဲထွက်ရေးမပါသော ဖက်ဒရယ်စနစ်ကို အခြေခံမည်ဆိုသည့်အချက်သည် ကာလအတန်ကြာ လွဲမှားစွာသတ်မှတ်နေသည့် ခွဲထွက်ခွင့်မဟုတ်ဘူးဆိုသည်ကို သတိချပ်ပြီး မိမိတို့ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မည်ဟုယုံကြည်ပါကြောင်း ဆွေးနွေးသည်။
သေနတ်သံတစ်ချက်မျှ မထွက်ခဲ့
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလား(PSC / NDAA) မှ ဦးကြည်မြင့်က ၁၉၈၉ ခုနှစ် ငြိမ်းချမ်းရေးယူပြီး ၂၇ နှစ်အတွင်း မိမိတို့အနေဖြင့် သေနတ်သံတစ်ချက်မျှ မထွက်ခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် လည်း အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ကြရန် မျှော်လင့်ပါကြောင်း။
နမ့်ပန်း၊ မိုင်းလားနှင့် ဆီလူး
မိမိတို့ဒေသ ပကတိအခြေအနေအရ အောက်ပါအတိုင်းတင်ပြတောင်းဆို လိုပါကြောင်း၊ နိုင်ငံတော်အစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် ပင်လုံစိတ်ဓာတ်နှင့် ကိုက်ညီမှုအပြည့်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းပေး စေလိုပါကြောင်း၊ မိမိတို့တောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် နမ့်ပန်း၊ မိုင်းလားနှင့် ဆီလူး စသည့် ဒေသ(၃)ခုပါဝင်ပြီး နယ်နိမိတ်မှာ ၁၉၈၉ ခုနှစ်က သတ်မှတ်ထားသည့်အတိုင်း သတ်မှတ်ပေးစေလိုပါကြောင်း၊ နိုင်ငံတော် အစိုးရ၏ တိုက်ရိုက်ဦးဆောင်မှုအောက်တွင် တရားဥပဒေနှင့်အညီ မိမိဒေသ မိမိအုပ်ချုပ်၍ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ စီးပွားရေး ကိစ္စရပ်များ အားလုံးကို ပင်လုံစိတ်ဓာတ်နှင့်အညီ အပြည့်အဝစီမံအုပ်ချုပ်ခွင့် ပေးစေလိုပါကြောင်း။
တာဝန်ယူ အုပ်ချုပ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒီမိုကရေစီနည်းလမ်းဖြင့် ခေါင်းဆောင်များ ရွေးချယ်တင်မြှောက်ပြီး နိုင်ငံတော်အစိုးရထံ တင်ပြအစီရင်ခံသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပေါင်းစပ်၍ မိမိဒေသ လက်တွေ့အခြေအနေနှင့် ကိုက်ညီသည့် ဥပဒေများကို ရေးဆွဲပြီး နိုင်ငံတော်အစိုးရထံ တင်ပြ၍ ကျင့်သုံးသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ၏ ထူးခြားသည့် အခြေအနေပေါ်မူတည်၍ ဥပဒေစိုးမိုးရေးကို ထိရောက်စွာ ဖော်ဆောင်နိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သီးခြားလွတ်လပ် သည့် တရားစီရင်ပိုင်ခွင့်ရရှိလိုပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် နိုင်ငံတော် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် စီးပွားရေးပေါ်လစီအရ မိမိဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို တာဝန်ယူအုပ်ချုပ်ပြီး ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် စီမံကိန်းဘတ်ဂျက်ငွေများ ကူညီပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေးသည်။
တအာင်း(ပလောင်)အမျိုးသားပါတီမှ မိုင်းဝင်းထူးက ယခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံသည် နိုင်ငံရေးအရ အားလုံးအတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ အခြားအရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးလိုသော်လည်း အခြေအနေနှင့် အချိန်အခါအရ နိုင်ငံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင်သာ အဓိကထားဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ တအာင်းပါတီအနေဖြင့် ဆန္ဒပြုလိုသည်မှာ အချင်းချင်း တုတ်တုတ်ချင်း၊ ဓားဓားချင်း ရင်ဆိုင်ဖြေရှင်းသည့်၊ အမြစ်ဖြတ်ချေမှုန်း တိုက်ခိုက်သည့် နည်းလမ်းများကို မသုံးတော့ဘဲ နှစ်ဖက်စလုံးအနိုင်ရရှိမည့် win- win မူဝါဒကို အသုံးပြုသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
(သတင်းစဉ်)


No comments:

Post a Comment