Friday, September 2, 2016

သစ္စာ၊ မေတ္တာ၊ ကရုဏာ ပြည့်လျှံသည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ



Image may contain: text
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်(၂ဝ)ရာစုပင်လုံညီလာခံမှ အစပြုခဲ့သည်။ မျက်မှောက်ကာလတွင်လည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်လာရန် အားလုံးက မျှော်မှန်းလျက်ရှိသည်။ မျှော်မှန်းချက်အတိုင်း ဖြစ်တည်ရန်အတွက် (၂ဝ)ရာစုပင်လုံညီလာခံ နှင့်တူညီသည့် (၂၁)ရာစု ပင်လုံညီလာခံကြီးကို ကျင်းပလျက်ရှိပြီး တိုင်းရင်းသားများအားလုံး ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး၊ တန်းတူရည်တူ စုပေါင်းဆွေးနွေး အဖြေရှာနေသည်ကို တွေ့ရသည်။
ယခုကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ စတင်ကျင်းပသည့်အဖွင့်နေ့တွင် တက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များက အဖွင့်အမှာစကား ပြောကြားခဲ့ရာ မျှော်မှန်းတမ်းတကြသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် ပြည်သူပြည်သားများ၏ မျှော်လင့်ချက်ငြိမ်းချမ်းရေး အိပ်မက်များ ပျံ့လွင့်လာသည်။ အဖွင့်ခရီးအစတွင် မြင်တွေ့လိုက်ရသော ငြိမ်းချမ်းရေးအားမာန်များမှာ တိုင်းရင်းသားများအတွင်း၌ သာမက မြန်မာ ပြည်သူပြည်သားများအားလုံး၏ နှလုံးအိမ်များအတွင်းမှာပင် စိမ့်ဝင် လွှမ်းမိုးခဲ့သည်။
ယင်းမှာ (၂၁)ရာစုပင်လုံညီလာခံကို ဦးဆောင်ဦးရွက် ဆောင်ရွက်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအပေါ်တွင်ထားရှိသည့် မွန်မြတ်သော စေတနာနှင့် မှန်ကန်သည့် လုပ်ဆောင်ချက်ကြောင့် အကောင်းဆုံးဖြစ် ပေါ်လာမည်ဟု ယုံကြည်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလင်းရောင်သန်းနေ ပြီဖြစ်သည့် အနာဂတ်သစ်ကို ပုံဖော်ဖန်တီးရာတွင် သစ္စာ၊ မေတ္တာ၊ ကရုဏာတို့ကို အခြေခံ၍ ပညာ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် ကြိုးပမ်းဆောင်ရွက်ပါက မျှော်မှန်းတမ်းတသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဟု ညွှန်းဆိုခဲ့သည်။
''သစ္စာ''= ပြည်တွင်းငြိမ်းချမ်းရေးဟူသည့် အနှိုင်းမဲ့စိတ်ချမ်းသာမှုကြီးကို မခံစားသွားရရှာသည့် ဤလောကကြီးမှ ထွက်ခွာသွားပြီဖြစ်သော နိုင်ငံရေးပုဂ္ဂိုလ်များအပေါ် ''သစ္စာ''စောင့်သိခြင်း။
''မေတ္တာ''= ထားခဲ့ရမည့် ကောင်းမွေ၊ ဆိုးမွေ မှန်သမျှတို့ကိုခံစားရမည့် နောင်မျိုးဆက်သစ်များအပေါ်မေတ္တာသက်သေထူခြင်း။ 
''ကရုဏာ''= လက်ရှိပစ္စုပ္ပန်ကာလတွင် ငြိမ်းချမ်းမှုမရှိသောကြောင့် ဒုက္ခအမျိုးမျိုးကို ခါးစည်းခံစားနေရသည့် ပြည်သူများ အပေါ်တွင်ထားရှိသည့် ''ကရုဏာ''ကိုအတည်ပြုခြင်းတို့ဖြစ်သည်။ 
ဤထမ်းဆောင်ရသည့်တာဝန်မှာ ကြီးလေးသည်ဟု မည်သည့် အခါမျှမရှိဟု ဖွင့်ဆိုခဲ့သည်။ သမိုင်းမှတ်ကျောက်တင်နိုင်လောက်သည့် ဤလုပ်ငန်းကြီးတစ်ခု အောင်မြင်အောင်လုပ်နိုင်ရန် မည်သည့်အရာ နှင့်မျှမတူသည့် ထူးခြားသည့် အခွင့်အရေးကြီးပင်ဖြစ်သည်။ ထိုအခွင့် အရေးကြီးကို တိုင်းရင်းသားပြည်သူအားလုံးက ပညာ၊ သတ္တိ၊ ဝီရိယတို့ဖြင့် မိမိရရဆုပ်ကိုင်ပြီး အလင်းရောင်သန်းနေသည့် အနာဂတ်သစ်ကို ပုံဖော် ထုဆစ်ကြရန် လိုအပ်ပေသည်။

''ပညာ'' = မတူညီသည့်အမြင်သဘောထားများကို ပြည်သူများကောင်းကျိုးအတွက် ညှိနှိုင်းဖြစ်စေသည့်''ပညာ''။
''သတ္တိ'' = လက်ခံသင့်သည့် အပြုအမူ အတွေးအခေါ်သစ်များကို လက်ခံရဲသည့် ''သတ္တိ''။
''ဝီရိယ'' = ခက်ခဲသည့်လုပ်ငန်းများကို အောင်မြင်သည်အထိ ဆောင်ရွက်နိုင်သည့် ''ဝီရိယ''တို့နှင့်
ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတွင် ပါဝင်သူအားလုံးတို့သည် မိမိတို့၏အခန်းကဏ္ဍ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မလျှော့သော ဇွဲ၊လုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုလျှင် တိုင်းရင်းသားပြည်သူ အားလုံးမျှော်မှန်းတမ်းတနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်မှာကြားခဲ့သည့် သစ္စာ၊ မေတ္တာ၊ ကရုဏာ တို့ကို အခြေခံသည့် ပညာ၊ သတ္တိ၊ ဝီရိယတို့ဖြင့် ထာဝရငြိမ်းချမ်းရေးရရှိ အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment