Thursday, September 29, 2016

မြန်မာ- ထိုင်းနှင့် ကနေဒါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုးကြေးအပြင် အပိုဆောင်းငွေများချီးမြှင့်မည်


 
 
 
 
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း) ဓာတ်ပုံ- မင်းထက်
 
 ရန်ကုန် စက်တင်ဘာ ၂၈
 
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးGreat Tiger Group (GTG)က စီစဉ်ကျင်းပသည့် မြန်မာ-ထိုင်းနှင့် ကနေဒါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် သတ်မှတ်ထိုးကြေးအပြင် အပို ဆောင်းချီးမြှင့်ငွေပါ တွဲဆိုင်းအလိုက် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Central ဟိုတယ်၌ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင်GTG မှ တွဲဆိုင်းများ အဓိကစီစဉ်သူ ဦးမြင့်လွင်(ဆရာကျား) က ပြောကြားသည်။

အဆိုပါ သုံးနိုင်ငံရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ လာမည့် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းတွဲဆိုင်း ရှစ်ဆိုင်းနှင့် ပြည်ပတွဲဆိုင်း နှစ်ဆိုင်း စုစုပေါင်း ငါးချီတွဲဆိုင်း ၁ဝ ဆိုင်း ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

ပွဲစီစဉ်သူ GTG အနေဖြင့် တွဲဆိုင်းအားလုံးကို သတ်မှတ်ထိုးကြေးအပြင် အပိုဆောင်းချီးမြှင့်ငွေများပါ ထပ်မံ ချီးမြှင့်ပေးသွားမည်ဖြစ်ရာ ပထမဆုံးပွဲစဉ်ဖြစ်သည့် ရဲမာန်ဟိန်း(မုဒုံ)နှင့် မင်းနိုင်ထွန်း (ယူနိုက်တက်)တို့ပွဲတွင် အလဲထိုးဖြင့် နိုင်သူအား ဆုငွေသုံးသိန်း၊ ထွန်းလွင်မိုး(နဂါးမာန်)နှင့် နက္ခအောင် (တောင်ကလေး)၊ မိုက်ရိုင်း(ရွှေဖူး)နှင့် ရဲသွေးနီ(တောင်ကလေး)၊ ရွှေရာမာဉ်(Mandalay1886)နှင့် သားအသည်းတစ်ပွင့် (ဗမာ့သွေး)၊ ဖိုးလပြည့်(ရွှေဖူး)နှင့် စောမင်းအောင်(တောင်ကလေး)တို့ပွဲများတွင် အလဲထိုးဖြင့် အနိုင်ရသူကို ဆုကြေးငွေ ငါးသိန်းစီ၊ ဖိုးကေ(မ္တလေး)နှင့် သွေးသစ်အောင်(ဘီးလင်း)တို့ပွဲတွင် ငွေ$ကျပ် ခုနစ် သိန်းစီ၊ စိုးလင်းဦး(ဒို့ရိုးရာ)နှင့် သပြေညို(ဘိလပ်မြေစက်ရုံ)၊ ဂေါ်မူဒို(သတ္တိ)နှင့် ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး)တို့ပွဲတွင် ငွေ ၁ဝ သိန်းစီ၊ တူးတူး(နဂါးမာန်)နှင့် ဗာနီယွန်(ထိုင်း)၊ ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒေ့ဗ်လက်ဒပ်(ကနေဒါ)တို့ပွဲများတွင် အမေရိကန်ဒေါ်လာ တစ်ထောင်စီ အပိုချီးမြှင့်မည်ဖြစ်ပြီး ယင်းအပိုဆုငွေများကို သရေကျသည့် တွဲဆိုင်း များအား ချီးမြှင့်ပေးမည်မဟုတ်ကြောင်း သိရသည်။ ''ကျွန်တော်တို့GTG အနေနဲ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲလုပ်တာ မ္တလေးမှာ တစ်ကြိမ် ၊ ရန်ကုန်မှာနှစ်ကြိမ် စုစုပေါင်း ဒါနဲ့ဆိုရင် သုံးကြိမ်ရှိပါပြီ။ အရင်ပွဲတွေတုန်းက ထိုးကြေးအပြင် အခုလို အပိုဆောင်းငွေမပေးပါဘူး။

အခုလို ပေးရတဲ့ရည်ရွယ်ချက် ကလည်း အနိုင်၊ အရှုံးပေါ်ဖို့ရယ်၊ ပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ မခိုမကတ်ဘဲ ရေကုန် ရေခန်း ထိုးသတ်တာကို ရိုးရာလက်ဝှေ့ချစ်ပရိသတ်တွေ တစ်ဝကြီးရှုစားစေချင်လို့ ချီးမြှင့်ပေးတာဖြစ်ပါတယ်''ဟု ပွဲစီစဉ်သူGTG မှ ဦးမြင့်လွင်(ဆရာကျား)က ပြောကြားသည်။
ယခု အောက်တိုဘာ ၉ ရက်တွင် ကျင်းပမည့် သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲGTG အနေဖြင့် သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး လာမည့်လေးကြိမ်မြောက် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မျိုးဆက်သစ်များနှင့် လူငယ်သွေးသစ် လက်ဝှေ့ကျော်များကို ပွဲထုတ်သွားမည်ဖြစ်ကာ ယခုပွဲတွင် ရုံဝင်ကြေးအနေဖြင့် ငွေကျပ် ငါးသောင်း၊ နှစ်သောင်းခွဲနှင့် တစ်သောင်းခွဲတို့ဖြင့် ရိုးရာလက်ဝှေ့ ချစ်ဝါသနာရှင်ပြည်သူ များ လာရောက်ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments:

Post a Comment