Friday, September 2, 2016

ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်း အရှေ့တောင်အာရှနိုင်ငံများ ဆောင်ရွက်



Image may contain: 2 people
ကွာလာလမ်ပူ စက်တင်ဘာ ၁

စင်ကာပူနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၁ဝဝ ကျော်နှင့် မလေးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်သူ တစ်ဦး တွေ့ရှိပြီးနောက် အရှေ့တောင်အာရှနိုင်ငံများက ဇီကာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်များ အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂၈ ရက်တွင် စင်ကာပူအစိုးရက ဇီကာဗိုင်း ရပ်စ်ကူးစက်သူတစ်ဦး နောက်ထပ် ထပ်မံတွေ့ရှိခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံတွင် သြဂုတ်၂၈ ရက်မှ သြဂုတ်၃၁ ရက်အထိ လေးရက်အတွင်း ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် ၁၁၅ ဦးထိ မြင့်တက် လာခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင် မလေးရှားအစိုးရက ဗိုင်းရပ်စ်ကူးစက်ခံရသူ အမျိုးသမီးတစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့သည်။ တာဝန်ရှိသူများပြောကြားချက်အရ အဆိုပါ အမျိုးသမီးသည် သြဂုတ် ၁၉ ရက်မှ သြဂုတ်၂၁ ရက်အထိ အိမ်နီးချင်း စင်ကာပူနိုင်ငံသို့ သွားရောက် နေထိုင်ခဲ့ကြောင်းသိရသည်။
ဗိုင်းရပ်စ်ကူးစက်သူအမျိုးသမီးထံမှ ရောဂါပြန့်ပွား မှုမရှိစေရန် ၎င်းနေထိုင်ရာ ပတ်ဝန်းကျင်များတွင် ဇီကာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းဆောင်တာများကို မလေးရှား ကျန်းမာရေးအာဏာပိုင်များက စီစဉ်ဆောင်ရွက် လျက်ရှိသည်။
ဇီကာဗိုင်းရပ်စ်ကူးစက်မှုကို ထိုင်း၊ ဗီယက်နမ်အပါ အဝင် အခြားသောနိုင်ငံများတွင်လည်း တွေ့ရှိပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုသည်။ အရှေ့တောင် အာရှဒေသ၏ အချို့သောနေရာများတွင် ခြင်မျိုးစိတ် ပေါင်းများစွာ နေထိုင်ကျက်စားလျက်ရှိသည်။ ထို့ကြောင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုမရှိစေရေးအတွက် အဆိုပါနိုင်ငံများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment