Friday, September 2, 2016
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယနေ့အစည်းအဝေး မွန်းလွဲပိုင်းအစီအစဉ်များ ဆက်လက်ကျင်းပ
The Mirror Daily's photo.
နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယနေ့ အစည်း အဝေး မွန်းလွဲပိုင်းအစီအစဉ်များ ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ဆက်လက်ကျင်းပသည်။
တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်ခွင့်နယ်မြေများအလိုက်ရရှိသည့် အခွင့်အရေးများနှင့် လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုစနစ်သဘော သဘာဝများနှင့်အညီ ပြည့်စုံစွာပြဋ္ဌာန်းထားသည်ကို တွေ့ရကြောင်း၊ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးစနစ် ပြဋ္ဌာန်းချက်များသည်လည်း ပြည်ထောင်စုစနစ်နှင့်ကိုက်ညီသည်ကို လေ့လာ တွေ့ရှိရကြောင်း ဆွေးနွေးသည်။
အပြည့်အဝပူးပေါင်းဆောင်ရွက်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်လိမ့်မည် ဟု မျှော်လင့်ထားကြောင်း၊ ပအိုဝ်းအမျိုးသားများအနေဖြင့် တိုင်းရင်းသား ညီနောင်ရင်းများနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို လက်တွဲ ထူထောင်ရန် သန္နိဋ္ဌာန်ချထားကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင် စေရေးအတွက် ပြည်ထောင်စုဖွားညီအစ်ကို မောင်နှမများအားလုံး အပြည့် အဝပူးပေါင်းဆောင်ရွက်ပေးကြရန်၊ တန်းတူညီမျှ ဖက်ဒရယ်မူဖြင့် စနစ်သစ်များ ပေါ်ထွန်းလေ့ရှိသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ခြင်းနှင့်အတူ တည်ငြိမ် အေးချမ်းသော ညီညွတ်သောရှမ်းပြည်နယ်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပအိုဝ်းအမျိုးသားပြည်နယ် ပေါ်ထွန်းရေးအတွက် မည်သည့်အကြမ်းဖက် နည်းလမ်းများကိုမျှ အသုံးမပြုဘဲ ဥပဒေဘောင်အတွင်းက နိုင်ငံရေးနည်း လမ်းများဖြင့် ကြိုးပမ်းရန်၊ စစ်ရေးပဋိပက္ခများအပါအဝင် အင်အားသုံး ဖြေရှင်းမှုများနှင့် မည်သည့်ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို သက်ဆိုင်ရာ အင်အားစုအားလုံးက သတိထားရှောင်ကြဉ်ကြစေရန်နှင့် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေး လှုပ်ရှားမှုများကြောင့် ဆက်နွှယ်ထိန်းသိမ်းဖမ်းဆီး ခံထားရသူများအားလုံးကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဒီမိုကရေစီ ရေး၊ တိုင်းရင်းသားအရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ပြည်ပတွင် ရောက် ရှိနေသည့်သူများကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ဦးခွန်ထွန်းရွှေက တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးများဟု ခေါ်ဆို မည့်အစား ပြည်ထောင်စုလူမျိုးများဟု ခေါ်ဆိုခြင်းသည် ပို၍မျှတပြီး ပို၍ အဓိပ္ပာယ်လေးနက်စေမည်ဟု အကြံပြုလိုကြောင်း၊ ပြည်ထောင်စုလူမျိုးများ နေထိုင်ရာဒေသကို အကြောင်းပြု၍ ဒေသန္တရပထဝီကို အခြေခံသည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်သွားရန် အကြံ ပြုလိုကြောင်း၊ အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတွင် အခြေခံ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော ပြည်ထောင်စုလူမျိုးများအတွက် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံချက်အပြည့်အဝ ပေးနိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများ၊ ပြည်ထောင်စုဝင်ပြည်နယ်နှင့် တိုင်းဒေသကြီး အသစ်များ ပေါ်ထွန်းရေးအခြေခံမူကို ထည့်သွင်းရေးဆွဲပေးရန် အလေးအနက် ထား အကြံပြုလိုကြောင်း။
အခြားလူမျိုးများနည်းတူရရှိရေး
လက်ရှိပအိုဝ်းလူမျိုးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်သို့ လည်းကောင်း၊ ပြည်ထောင်စုဝင်ပြည်နယ်အသစ်များ ပေါ်ထွန်းရာတွင်လည်းကောင်း ထိုက်တန်သော လူမျိုးတစ်မျိုးဖြစ်သဖြင့် နောင်တည်ဆောက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတွင် ခံစားသင့် ခံစားထိုက် ရသင့် ရထိုက် သော အခွင့်အရေးများကို အခြားလူမျိုးများနည်းတူ ရရှိရေးအတွက် ဖော်ဆောင်ပေးပါရန် တင်ပြအပ်ပါကြောင်း ဆွေးနွေးသည်။
ငြိမ်းချမ်းမှုမရှိခြင်း၏ရလဒ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ၏ဒုက္ခများ၊ တိုက်ပွဲများနှင့် မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်ရသူ များ၊ ကျောင်းမနေရသောကလေးများ၊ လူကုန်ကူးခံရသူများနှင့် မူးယစ်ဆေး သုံးစွဲသူများ စသည်တို့သည် ပြည်တွင်းငြိမ်းချမ်းမှုမရှိခြင်း၏ ရလဒ်များကြောင့် ဖြစ်ကြောင်း၊ အဆိုပါအဖြစ်အပျက်များ လျော့ပါးကင်းစင်မှသာ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်တွင်းအပစ်အခတ်ရပ်စဲရေး ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ၄င်း၏ ဇာစ်မြစ်ဖြစ်သော နိုင်ငံရေးပြဿနာများ ပြေလည်အောင် နိုင်ငံရေးစားပွဲဝိုင်း တွင် ညှိနှိုင်းဖြေရှင်းရေးစနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ညှိနှိုင်းသည့်နေရာ တွင်လည်း အဖြေထွက်ရေးကို ဦးတည်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
အနာဂတ်အလားအလာကို တွက်ဆရမည်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မြင့်ဟိန်းက လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင် ရာတွင် သက်ဆိုင်ရာကဏ္ဍစုံ ထောင့်ပေါင်းစုံမှ တလုံးတစည်းထဲ တစ်ပြိုင် တည်း အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍ၏ မူဝါဒကို ရေးဆွဲရာတွင် အနာဂတ်အလားအလာကို တွက်ဆရမည်ဖြစ်ပြီး လက်ရှိအခြေ အနေနှင့် သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ လူသား တစ်ဦးချင်းစီ၏ လုံခြုံရေးမှစ၍ အခြေတည်ရမည်ဖြစ်ပြီး အရပ်ဘက်ကွပ်ကဲ မှုနှင့် အုပ်ချုပ်မှုအောက်တွင် စွမ်းရည်ပြည့်ဝသည့် ဒီမိုကရေစီတန်ဖိုးများကို အာမခံသည့် အဖွဲ့အစည်းများဖြစ်လာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အနာဂတ်ပြည်ထောင်စုနှင့်စပ်လျဉ်းပြီး မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးရာတွင် မိမိ၏အကျိုးစီးပွားနှင့် မိမိတို့ စုပေါင်းပိုင်ဆိုင်သည့် ပြည်ထောင်စု၏ ဘုံအကျိုးစီးပွားကို ချိန်ညှိကျင့်သုံးရန်လိုကြောင်း၊ အမျိုးသား တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးသည် အမျိုးသားလက္ခဏာ ရှိသည့် တိုင်းရင်းသားတိုင်းသက်ဆိုင်သည့် အခွင့်အရေးဖြစ်ရန်လိုကြောင်း၊ ဖက်ဒရယ်စံတန်ဖိုးနှင့် ဒီမိုကရေစီစံတန်ဖိုးများအကြား ဟန်ချက်ညီ ထိန်းညှိ ပြီး ထိုတန်ဖိုးများကို ဥပဒေစိုးမိုးမှုအဖြစ် စည်းနှောင်ထားရန်လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးပူကျင်ရှင်းထန်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို စိတ်ရင်းစေတနာမှန်ဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးသည်။
အာဏာကို ခွဲဝေသတ်မှတ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန့်သန်းသန်းလွင်က ဖက်ဒရယ်စနစ်သည် ပုံစံများမည်သို့ပင်ရှိစေကာ မူ Horizontal ဆိုသည့် အလျားလိုက် အာဏာ ခွဲဝေမှုနှင့် Vertical ဆိုသည့် အထက်အောက်အာဏာခွဲဝေသည့် ပုံစံများသာ ဖြစ်ကြောင်း၊ ဖက်ဒရယ်၏အခြေခံ(သို့မဟုတ်)အနှစ်သာရမှာ အာဏာရှင်စနစ် မပေါ်ပေါက်အောင် အချုပ်အခြာအာဏာကို တစ်နေရာထဲတွင် စုစည်း ချုပ်ကိုင်ထားခြင်းမရှိဘဲ အာဏာကို ခွဲဝေသတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်ပုံစံများစွာရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ နောက်ခံသမိုင်း မတူညီခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမတူညီခြင်း၊ သဘာဝအရင်းအမြစ်ကြွယ်ဝမှု မတူညီခြင်းတို့ကြောင့် အခြားနိုင်ငံများ၏ ဖက်ဒရယ်ပုံစံကို ကူးချ၍ မရနိုင် ပါကြောင်း၊ မိမိတို့၏ နှစ် (၆ဝ) ကျော်ကြာ ပြည်တွင်းစစ် ရပ်တန့်ရန်မှာ ဒီမို ကရေစီအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတန်းတူညီမျှရနိုင်ရန် အကောင်အထည်ဖော်မည့်ပုံစံကို ရွေးချယ်ရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
လွတ်လပ်၍ ဆန္ဒတူညီမှုနှင့် ပူးပေါင်းပါဝင်ခွင့်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဦးခိုင်ထွန်းဝင်းက နိုင်ငံတော် တည်ဆောက်ရေးတွင် မိမိတို့မျှော်မှန်းထားသောအခြေအနေမှာ လွတ်လပ်၍ ဆန္ဒတူညီမှုနှင့် ပူးပေါင်းပါဝင်ခွင့်၊ ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးများ၊ ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးအတွက် အခွင့်အာဏာ ထိရောက်စွာစီမံခန့်ခွဲနိုင်ရေးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိရမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုအဖွဲ့ဝင်ဦးရေကို ပြည်နယ်များအတွက် အပြည့်အဝပေးရမည်ဖြစ်ကြောင်း၊ ပြည်နယ်များကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ အပြည့်အဝ အပ်နှံရေးအတွက် အာမခံရန်လိုကြောင်း၊ ပြည်နယ်တစ်ခု၏ သဘာဝအရင်းအမြစ်စီမံခန့်ခွဲခွင့်၊ အကောက်ခွန်စီမံခန့်ခွဲခွင့်အာဏာကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွင်လည်း လုပ်ပိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံတွင် နေထိုင်နေကြသည့် ရခိုင်မျိုးနွယ်စုများ နေရပ်သို့ ပြန်လာ သည့်အခါ နိုင်ငံသားအဖြစ် အချိန်နှောင့်နှေးမှုမရှိစေဘဲ အသိအမှတ်ပြုပေးရ မည်ဖြစ်ကြောင်း ဆွေးနွေးသည်။
လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဦးရွှေမင်းက နိုင်ငံတော်အနေဖြင့် လူမျိုးအမည်ကိုအခြေခံသည့် ပြည်နယ်နှင့် ပြည်နယ်သစ် များ ဖွဲ့စည်းသွားမည်ဆိုပါက မိမိတို့လူမျိုးစုများ တစုတစည်းတည်း နေထိုင် သည့် ကချင်ပြည်နယ်အတွင်းရှိ ခေါင်လန်ဖူးမြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဗွေမြို့နယ်၊ မချမ်းဘောမြို့နယ်နှင့် ပူတာအိုမြို့နယ်များကို လီဆူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးပါရန် ယခုညီလာခံသို့ တင်ပြလိုကြောင်း။
မိမိတို့ လူမျိုးအမည်မှန်ကို လီဆူးဟု တရားဝင်သတ်မှတ်ပေးပါရန်နှင့် မိမိတို့ မလိုလားသော အမည်မှားများကို တရားဝင်ပယ်ဖျက်ပေးပါရန်၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ လီဆူးတိုင်းရင်းသားလူဦးရေမှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါသတ်မှတ်ချက်အရ လီဆူးတိုင်းရင်းသားရေးရာလွှတ်တော် ကိုယ်စားလှယ်ဝန်ကြီး ရရှိနိုင်မည့် သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း လူမျိုးအမည်ကွဲများဖြင့် ဖော်ပြရေးသားနေသောကြောင့် လီဆူးတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ မရရှိခြင်းအပေါ် ပြန်လည်စိစစ်ပြီး လီဆူးတိုင်းရင်းသားရေးရာဝန်ကြီးနေရာရရှိအောင် ပြန်လည်ဆောင်ရွက် ပေးပါရန်၊ လီဆူးတိုင်းရင်းသားများသည် မွေးရာပါတိုင်းရင်းသားဖြစ်သဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကို ကန့်သတ်ခြင်းမရှိဘဲ အခြားတိုင်းရင်းသားများနည်းတူ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံးပြုလုပ် ပေးနိုင်ပါရန် တင်ပြလိုကြောင်း၊ ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော် ကို တည်ဆောက်ရာတွင် ဒေသန္တရကိုအခြေခံသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို တန်းတူဖွဲ့စည်းပေးရန်၊ လူမျိုးကြီးဝါဒကင်းရှင်းသည့် ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီတူအခွင့်အရေးရရှိနိုင်ရန် မိမိတို့လီဆူးလူမျိုးများအတွက် လီဆူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိနိုင်ရေး ဆောင်ရွက်ပေးပါရန်တင်ပြလိုကြောင်း ဆွေးနွေးသည်။
မိမိဒေသ၊ မိမိလူမျိုးတိုးတက်ရေး
တပ်မတော်မှ ဗိုလ်မှူးကြီးစိုးတင့်က မိမိတို့ရရှိပိုင်ဆိုင်ထားသည့် ဖွဲ့စည်းပုံ အရ ပေးအပ်ထားသော အခွင့်အရေးများကို ထိထိရောက်ရောက်အသုံးချ၍ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်ပါဝင် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် လိုအပ်သလို ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်သာ မိမိဒေသ၊ မိမိလူမျိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
မဆုတ်မနစ် ကြိုးပမ်းသွားမည်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဦးစိုင်းငင်းက ပြည်ထောင်စုကြီးအတွင်း စုစည်းကြရာတွင် တစ်မျိုးသားချင်း၏ ကိုယ်ပိုင် စရိုက်လက္ခာဏာများ မပျောက်ပျက်စေဘဲ ရှင်သန်ခွင့်၊ ထိန်းသိမ်းခွင့်၊ ဖော်ထုတ်ခွင့်ရှိစေရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)အနေဖြင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုနှင့် ပြည်နယ်အတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူနည်းစုတိုင်းရင်းသားများ အခွင့်အရေး၊ အေးအတူ ပူအမျှ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက် ရေးဖြစ်စဉ်တွင် ပါဝင်ဆက်စပ်နေသူများအားလုံးနှင့် လည်းကောင်း၊ ရဲဘော်ရဲဘက် မိတ်ဖက်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်သူလူထုတစ်ရပ် လုံးနှင့်လည်းကောင်း ပူးပေါင်း၍ မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
အကြံဥာဏ်ရယူသွားသင့်
ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ဒေါက်တာမနာမ်တူးဂျာက ကချင် ပြည်နယ်၏ နယ်နိမိတ်၊ နယ်မြေနှင့်အမည်ကို လွတ်လပ်ရေးရခါစ စတင် ဖွဲ့စည်းစဉ်ကအတိုင်း လုံးဝမပြောင်းလဲသင့်ပါကြောင်း၊ ကချင်ပြည်နယ်၏ လုံခြုံရေးအတွက် ပြည်နယ်လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားရမည်ဖြစ်ပြီး ၄င်းကို ဖက်ဒရယ်တပ်မတော်၏ လက်အောက်ခံအဖြစ်ထားရှိရမည် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ကောင်းမွန်သောပညာရေး စနစ်၊ အခမဲ့မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားတို့၏စာပေကို အစိုးရကျောင်းနှင့် ပုဂ္ဂလိကကျောင်းတို့ တွင် လွတ်လပ်စွာ သင်ကြားခွင့်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးဝန်ဆောင်မှုရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူလူထု ၏ လက်အောက်ခံဖြစ်ရမည်ဖြစ်ပြီး နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ်ကြောင်း၊ နောင်ကျင်းပမည့် ပြည်ထောင်စုညီလာခံများတွင် ပါဝင်သင့်ပါဝင်ထိုက်သူ များ ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရှိ တိုင်းရင်းသားမျိုးနွယ်စုများမှ ရှေ့မီနောက်မီ ဝါရင့်နိုင်ငံရေးသမားများ ပါဝင်သော အကြံပေးအဖွဲ့ဖွဲ့ကာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ကို ¤င်းတို့ထံမှ အကြံÓဏ်ရယူသွားသင့်ပါကြောင်း ဆွေးနွေးသည်။
ပြည်သူ့သဘောထားကို တောင်းခံသည့်စနစ်များ ကျင့်သုံး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နောင်လာမည့်ဆွေးနွေးပွဲများတွင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့၏ အခန်းကဏ္ဍအပြင် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် ပြည်သူများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသအသီးသီးတွင် ဆောင်ရွက်ရန်လျာထားသည့် ဖွံ့ဖြိုးရေး နှင့် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီတွင် လွတ်လပ်စွာ ကြိုတင်အသိပေး တိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း ကဲ့သို့သော ပြည်သူ့သဘောထားကို တောင်းခံသည့်စနစ်များ ကျင့်သုံး ဆောင်ရွက်ပါက ပဋိပက္ခကင်းသည့် ရေရှည်အကျိုးတည်တံ့သည့် လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
''ဝ''ဒီမိုကရက်တစ်ပါတီမှ ဦးရန်ကျော်က ''ဝ'' ဒီမိုကရက်တစ်ပါတီ အနေဖြင့် လူမျိုးစွဲ၊ ဘာသာစွဲကင်းစွာဖြင့် နယ်မြေဒေသအမြန်ဆုံး အေးချမ်း တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်ထောင်စုကြီး အေးချမ်းတည်ငြိမ်ဖွံ့ဖြိုး အဓွန့်ရှည်ရန် ကမ္ဘာ့မြေပုံ၊ မြန်မာ့မြေပုံတွင် ထင်ထင်ရှားရှားပေါ်လွင်နေသော နဂိုရှိနေသည့် ''ဝ'' ပြည်နယ်ကို အသိအမှတ်ပြုပေးရန် ''ဝ'' ပြည်သူလူထုကိုယ်စား လေးလေးနက်နက် တောင်းဆိုအပ်ပါကြောင်း၊NCA ၏ ရလဒ်ကောင်းများ၊ မိုင်ဂျာယန်ညီလာခံ၏ ဆုံးဖြတ်ချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၏ ဆွေးနွေးချက်ရလဒ်ကောင်းများကို အခြေခံပြီး ထာဝရ ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်ပေးမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကြိုဆိုထောက်ခံပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို ပြည်သူများ နှင့်လက်တွဲကာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ''ဝ'' ဒီမိုကရက် တစ်ပါတီအနေဖြင့် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် ''ယခုလို တွေ့ဆုံကြခြင်းဖြင့် သဘောထားခြင်းညှိရန်၊ နားလည်မှုယူရန်၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက် ရန်နှင့် နောက်ဆုံးတွင် ငြိမ်းချမ်းရေးရရှိရေးသာ ဖြစ်ကြောင်း'' ဟူသော မိန့်ခွန်းပါအတိုင်း ပြည်ထောင်စုတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ပြင်ဆင် သင့်သည်များကို ပြင်ဆင်သင့်ကြောင်း၊ ပြောင်းလဲသင့်သည်များကို ပညာနှင့် ယှဉ်သော ရဲရင့်တည်ကြည်မှုတို့နှင့် ပြောင်းလဲနိုင်ကြစေရန် လိုကြောင်း ဆွေးနွေးသည်။
မွန်အမျိုးသားပါတီမှ နိုင်လယိတမ က ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံပဋိညာဉ်များကို အခြေခံထားရှိပြီး (၂၁)ရာစုပင်လုံ ညီလာခံ (ပြည်ထောင်စုငြိမ်းချမ်းရေး) ညီလာခံတွင် ဦးတည်ဆွေးနွေးသွား ခြင်းဖြင့်သာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို ထူထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးသည်။
ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်
ထို့နောက် ဦးဆောင်သဘာပတိ ပဒိုစောကွယ်ထူးဝင်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး ညီလာခံဒုတိယနေ့ မွန်းလွဲပိုင်းအစီအစဉ်ကို ရပ်နားသည်။
(သတင်းစဉ်)
No comments:
Post a Comment