Thursday, September 1, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ ဖွင့်ပွဲကျင်းပ



The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန (၂) (MICC – 2)တွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ နော်စီဖိုး ရာစိန်၊ KKO ဥက္ကဋ္ဌ စောမူရှေး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ဒုတိယဥက္ကဋ္ဌ စောထော့လေး၊ အထွေထွေ အတွင်းရေးမှူး နော်ကပေါ်ထူး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA ) ဒုတိယစစ်ဦးစီးချုပ် ဘောင်ခေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယကခွန်ဥက္ကာ၊ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ''ဝ'' တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UWSA)စစ်ဒေသ ၁၇၁ မှ ဆမ်လော့၊ အထူးဒေသ (၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ ဒုတိယဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌခူဦးရယ်၊ စစ်ရေးချုပ်အဆင့်ရှိ ဖုန်းနိုင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP / SSA) ဗဟို ကော်မတီဝင် စိုင်းဒူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ညီညွတ်မှုအခြေခံ ပင်လုံညီလာခံသီချင်းဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက သီဆိုကပြ ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့် ခွန်းပြောကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဖွင့်မိန့်ခွန်းကို ရှေ့ဖုံးတွင် သီးခြားဖော်ပြထားပါသည်။)

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကြသည်။ (၎င်းတို့၏ နှုတ်ခွန်းဆက်စကားများကို စက်တင်ဘာ ၂ ရက်နေ့ထုတ် သတင်းစာများတွင် ဆက်လက်ဖော်ပြသွားပါမည်။)

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် မြေညီထပ်ရှိ ဧည့်ခန်းမဆောင်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားအဖွဲ့များမှ တာဝန်ရှိသူများသည် နိုင်ငံတကာမှ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ အစိုးရနှင့်လွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment