Monday, August 29, 2016

စက်တင်ဘာ ၁ ရက်မှစ၍ ယာဉ်စည်းကမ်းချိုးဖောက်မှုများကို ထိရောက်စွာအရေးယူမည်



Image may contain: sky, tree and outdoor
ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းချိုးဖောက် သော ယာဉ်များကို စက်တင်ဘာ ၁ ရက်မှစ၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ယာဉ်စည်းကမ်း ချိုးဖောက်နေမှုများကို ပညာပေးကာလသတ်မှတ်ကာ ဆောင်ရွက်လျက်ရှိပြီး ထိရောက်သည့် အရေးယူမှုကို စက်တင်ဘာ ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်သည်။ ယာဉ်စည်းကမ်းချိုးဖောက်နေမှုများကို အရေးယူရာတွင် လမ်းပြောင်းပြန်မောင်းခြင်း၊ စည်းကမ်းမဲ့မောင်းခြင်းများအပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောသည်။
''ထိထိရောက်ရောက်ကို အရေးယူသွားမှာပါ။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်း ပြီးတဲ့နောက်မှာ ပထမဦးဆုံးအနေနဲ့ စည်းကမ်း ချိုးဖောက်မှုတွေကို အရေးယူမှု စတင်တော့မှာပါ။ အာဏာပိုင်အဖွဲ့အနေနဲ့ ဘတ်စ်ကားပြေးဆွဲမှု စနစ် ကောင်းမွန်အောင် ပြောင်းလဲနိုင်ဖို့ အဓိကထားဆောင်ရွက်နေပါတယ်''ဟု ဒေါက်တာမောင်အောင် က ပြောသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်ခြင်းနှင့် ရပ်တန့်ခြင်းများလည်း ပါဝင်နေသည့်အတွက် အဆိုပါကိစ္စရပ်ကို ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ထိရောက်သည့် အရေးယူမှုကို ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယက အဖြစ် ပါဝင်ဆောင်ရွက်ကာ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမောင်အောင်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များပါဝင်ကာ ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment