Wednesday, August 31, 2016

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး


 
 
နေပြည်တော် သြဂုတ် ၃ဝ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့သည် ယနေ့ညနေ ၆ နာရီ ၅ မိနစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံကြသည်။

ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များအပေါ် ကုလသမဂ္ဂမှ ဆက်လက်ကူညီပံ့ပိုးရန် နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အသင့်ရှိမှု၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စရပ် များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ အကြားလက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံများစွာ ပျက်စီးခဲ့သည့်အပြင် အသက်သေဆုံး ခဲ့ကြသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သောသူများအတွက် များစွာ ဝမ်းနည်းမိကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော အစိုးရအဖွဲ့ အနေဖြင့် အမြန်ဆုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သက်တမ်းကာလအတွင်း မိမိအနေဖြင့် မြန်မာ အစိုးရ၊ မြန်မာပြည်သူများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန် တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီခဲ့ပါကြောင်း၊ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကျရောက်ခဲ့စဉ် ကလည်း နိုင်ငံတကာအကူအညီရရှိအောင် မိမိလုပ်ဆောင်ပေးခဲ့ကြောင်း၊ မြန်မာ နိုင်ငံသို့ မိမိလာရောက်ခဲ့သည်မှာ ငါးကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂ဝ၁၂ ခုနှစ်က လွှတ်တော်၌ မိန့်ခွန်းပြောကြားရန်အတွက် မိမိအားမြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း။

ဝမ်းမြောက်ဂုဏ်ယူ
၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့စဉ် မိမိ လာရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များကို က္ဘာ့နိုင်ငံများက အံ့အားသင့်ခဲ့ရကြောင်း၊ ပြီးခဲ့သော နိုဝင်ဘာက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ စိတ်ပါဝင်စားစွာ ပူးပေါင်း ပါဝင်မှုကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ အေးချမ်းသာယာ သော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး လမ်းကြောင်းပေါ်၌ လျှောက်လှမ်း နေကြောင်း။

ချီးကျူးဂုဏ်ပြု
စီးပွားရေးနှင့်နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ တပ်မတော်နှင့်အရပ်ဘက်အဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရ၌ စိန်ခေါ်မှုများစွာရှိပါကြောင်း၊ ယခုကျင်းပမည့် (၂၁)ရာစု ပင်လုံညီလာခံအောင်မြင်ရန် အလားအလာများစွာ ရှိပါ ကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်းများ၏ စိတ်ရှည်သည်းခံမှု၊ ပူးပေါင်းဆောင်ရွက် မှုတို့ကို ချီးကျူးဂုဏ်ပြုပါကြောင်း။

တူညီသောအခွင့်အလမ်းများရရှိသင့်
ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်စဉ်ဖြစ်ရပ်များကို မိမိတို့ဆွေးနွေးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေသည် နက်ရှိုင်းရှုပ်ထွေးသည့်အတွက် အစိုးရအနေဖြင့် ပြဿနာအရင်းအမြစ်များကိုဖြေရှင်းရာတွင် စိန်ခေါ်မှုများရှိနေကြောင်း၊ မြန်မာ နိုင်ငံသား မည်သည့်တိုင်းရင်းသား၊ မည်သည့်ဘာသာဝင်ဖြစ်စေ ပိုမိုကောင်းမွန်သော လူမှုစီးပွားအခြေအနေရရှိလိုသည်ဆိုသည်ကို မိမိနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြကြောင်း၊IDPစခန်းများရှိ ထောင်ပေါင်းများစွာသောပြည်သူများ၏ ဆင်းရဲကျပ်တည်းစွာနေထိုင်ကြရခြင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုရှိကြောင်းကို မိမိပြောပြခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ နေထိုင်လာခဲ့သော ပြည်သူ များအတွက် တူညီသောအခွင့်အလမ်းများရရှိသင့်ပါကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးရရှိရန် လိုအပ်
ထို့နောက် သတင်းထောက်များ၏မေးမြန်းချက်များကို ဖြေကြားရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ စိန်ခေါ်မှုများသည် ရှုပ်ထွေးနက်နဲပါကြောင်း၊ ယင်းတို့မှာ လူမှုရေး၊ စီးပွားရေးကိုအခြေခံသည့် နက်ရှိုင်းသော ဘက်ပေါင်းစုံပြဿနာဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်းပြဿနာများကို စောင့်ကြည့်စစ်ဆေးရန် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ဖွဲ့စည်းမှုကို ဝမ်းသာမိပါ ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးအခြေအနေ မှာ နိမ့်ကျနေပါကြောင်း၊ ရခိုင်ပြည်နယ်ရှိIDP စခန်းများနေ ပြည်သူများမှာ လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေသည့် အပြင် ငြိမ်းချမ်းရေးရရှိရန်လည်း လိုအပ်ပါကြောင်း မစ္စတာ ဘန်ကီမွန်းက ဖြေကြားသည်။

တည်ခင်းဧည့်ခံ
ညပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ဇနီးတို့အား Park Royalဟိုတယ်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment