Tuesday, August 2, 2016

အရေးပေါ်စီမံမှု အက်ဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌တင်သွင်း



The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၁
အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ယနေ့တင်သွင်းသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး၏ ပဉ္စမနေ့တွင် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ဥပဒေကြမ်း ကော်မတီ၏ အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအပေါ် ဆွေးနွေး၍ ပြင်ဆင်ချက်အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်နှင့် ငဝန်မြစ်အား ကာရံထားသော ရေကာတာများအား မိုးရာသီတွင် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိအောင် ကြိုတင်အစီအမံများ ချမှတ်ဆောင်ရွက်ထားရှိရေးနှင့် လာမည့်ပွင့်လင်းရာသီတွင် တာတမံများ ကြံ့ခိုင်မှုရှိရန် ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က ယင်းအဆိုအပေါ် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သဖြင့် ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက်မြို့နယ်အတွင်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်း ကျရောက်နေသော လယ်မြေ၊ ယာမြေများကို စွန့်လွှတ်ပေးရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် သစ်တောကြိုးဝိုင်း (၂၁) ခု၊ ဧရိယာ (၃၆၄၃၄၅) ဧကနှင့် ကြိုးပြင်ကာကွယ်တော (၇)ခု၊ ဧရိယာ (၁၈၄၉၂၅) ဧက စုစုပေါင်း သစ်တောမြေဧက (၅၄၉၂၇ဝ) ရှိပါကြောင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ သစ်တောနယ်မြေအတွင်း ပြန့်ကျဲအိမ်စုမှ ရွာမြေဧရိယာ (သုည ဒသမ ဝ၃) ဧက၊ လယ်မြေ (၄၄၉ ဒသမ ၁၆) ဧက၊ ပြင်ပကျူးလယ်မြေ (၂၆၅၄ ဒသမ ၈၈) ဧက၊ သာသနာ/အများပိုင် (၇၁ ဒသမ ၅) ဧက စုစုပေါင်း (၃၁၇၅ ဒသမ ၅၇ ) ဧကအား အိမ်ခြေ (၅ဝ) အောက်ပြန့်ကျဲအိမ်စုများနှင့် ပြင်ပမှ ကျူးကျော်သည့် ရွာမြေ၊ လယ်မြေများကို သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိစုစုပေါင်းယာမြေ (၄ဝ၆ ဒသမ ၆၈) ဧကအား သစ်တောမြေမှ ပယ်ဖျက်ခြင်းမပြုဘဲ သီးနှံသစ်တောရောနှောစိုက်ပျိုးသည့်စနစ်ကိုအခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းကို ခွင့်ပြုဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဥယျာဉ်ခြံမြေနှင့် နှစ်ရှည်စိုက်ခင်း (၁၈၁ ဒသမ ၁၆)ဧကအား နှစ်ရှည်မြေငှားစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်၏ သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နားကွန်ကျေးရွာနှင့် ပြိန်းဆိုင်းကျေးရွာ နယ်နိမိတ်အတွင်း ငွေရည်ပုလဲကုမ္ပဏီသည် ယနေ့ထိတိုင် ဧက (၃ဝ) ခန့်ရှိသည့် ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ငွေရည်ပုလဲ သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုထားသည့် ကျောက်မီးသွေး (အကြီးစား) လုပ်ကွက်မှာ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနနှင့် သီပေါ မြို့နယ် သစ်တောဦးစီးဌာနတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ကျောက်မဲမြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ သီပေါမြို့နယ်မြေစာရင်းဦးစီးဌာနတို့၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်နှင့် မြေစာရင်းပုံစံ (၁ဝ၅)များ အရ ထုတ်လုပ်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုခဲ့ ခြင်းဖြစ်ပါကြောင်း၊ ထိုစဉ်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူထု၏ သဘောထားများ တောင်းခံဆောင်ရွက်မှုမရှိသေးပါကြောင်း။
ဒေသခံပြည်သူများက လုပ်ငန်းဆောင်ရွက်ခြင်းကို ကန့်ကွက်နေကြခြင်းအပေါ် နမ္မကျေးရွာအုပ်စု ဒေသခံရွာသားများနှင့် ငွေရည်ပုလဲသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတို့သည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ၂ဝ၁၆ ခုနှစ် ဇွန် ၂၅ ရက်က ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ ကုန်းပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပြိန်းဆိုင်းကျေးရွာ၊ နားကွန်ကျေးရွာ၊ ကုန်းပေါင်ကျေးရွာ၊ နားနန်းကျေးရွာ၊ ပါတပ်ကျေးရွာ၊ ဝမ်လုံကျေးရွာ၊ နားနွေးကျေးရွာများမှ ရွာသူကြီးများနှင့် ရပ်မိရပ်ဖများ အပါအဝင် စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ကြပြီး ဒေသခံများ၏ တောင်းဆို ချက်များအပေါ် ကာလအပိုင်းအခြားအလိုက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တင်ပြထားခဲ့ကြောင်း၊ ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ်နှင့် ပတ်သက်၍လည်း EIA ၊ HIA ၊ SIA ၊ EMP စီမံချက် များတင်ပြရန် ကုမ္ပဏီသို့ တရားဝင်အကြောင်းကြားထားချက်အရ ကုမ္ပဏီက ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment