Tuesday, August 2, 2016

မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသော်လည်း ပိုင်ရှင်မဲ့ဖြစ်နေခြင်းသည် တရားဥပဒေစိုးမိုးရန် လိုအပ်နေသည်ကို သက်သေပြလျက်ရှိ

























The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၁
အရက်၊ ဘီယာ၊ ဝိုင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် သောက်သုံးသူ ပြည်သူများအတွက်အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများပါဝင်ခြင်း ရှိ/မရှိ ဓာတုဗေဒဝန်ရုံးနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့တွင် စစ်ဆေးမှုခံယူစေပြီး ထောက်ခံချက်ရရှိမှသာ ဖြန့်ဖြူးရောင်း ချစေလျက်ရှိကြောင်းနှင့် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်မှုများလည်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
ထို့ပြင် ဥပဒေမဲ့ဆောင်ရွက်မှုများအပေါ် ထိရောက်ဟန့်တားနိုင်သော ပြစ်ဒဏ်ဖြစ်စေရန် မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကိုလည်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ လ ၂၂ ရက်နေ့က ပြဋ္ဌာန်းထားရှိခဲ့ပါကြောင်း၊ လိုင်စင်မဲ့ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ စနစ်တကျ အရေးယူရန်အတွက် ယစ်မျိုးလိုင်စင်ခွန်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေး (Task Force)အဖွဲ့များ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဆင့်ဆင့်စိစစ်ဆောင် ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ တွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ ''မြန်မာနိုင်ငံတစ်ဝန်း အရက်၊ ဘီယာသောက်သုံးမှုကြောင့် ကျန်းမာရေး ဆိုးရွားစွာထိခိုက်မှု၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုနှင့် လူသေဆုံးမှုတို့ကြောင့် စိစစ်ပိတ်ပင်ရန်နှင့် အခွန်တိုးကောက်ရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးက ယစ်မျိုးခွန် နှုန်းထားများကို သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးမြှင့်သတ်မှတ်ထားပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဘဏ္ဍာ ရေးနှစ်စဖြစ်သည့် ဧပြီလတစ်ရက်နေ့ မှစ၍ ကောက်ခံလျက်ရှိသည့်အတွက် လတ်တလော အခွန်နှုန်းထားများ တိုးမြှင့်ပြင်ဆင်ရန် မရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကလည်း အရက်ဆိုးကျိုးကျန်းမာ ရေးပညာပေးမှုကို တစ်နိုင်ငံလုံး ကျယ်ပြန့်စေရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာပညာနှင့် ကုသရေးဦးစီးဌာနမှ အရက်စွဲ ရောဂါကုသရေးစီမံချက်တို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယနေ့ အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၏ ''ရှမ်း ပြည်နယ် မြောက်ပိုင်းတစ်ခွင်ရပ်ကွက်၊ ကျေးရွာ ခပ်များများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ ဖမ်းဆီးအရေးယူရေး၊ အုပ်စု လိုက်မူးယစ်ဆေးဝါးများသုံးစွဲသည့် ချောင်ကျသောနေရာများအား အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည် ပြုစု ကုသပျိုးထောင်ပေးသည့်စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေး'' အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြသည်။
ယခုအချိန်တွင် တမူးမြို့၌ မူးယစ် ဆေးဝါးသုံးစွဲသူဦးရေ ရာဂဏန်းရှိနေသည်ဟု သိရပါကြောင်း၊ UNODC က ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူထား သည့်စာရင်းအရ ကလေးမြို့တွင် မူးယစ်ဆေးအကြောထဲထိုးသွင်းသူ (၁၂ဝဝ)ရှိသည်ကို သိရပါကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးကို ပုံစံမျိုးစုံဖြင့် သုံးစွဲသူအရေအတွက်သည် အကြောထဲ ထိုးသွင်းသူဦးရေထက် နှစ်ဆ သုံးဆပိုများနိုင်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နှိုင်းယှဉ်စဉ်းစားပါက မူးယစ် ဆေးစွဲသူဦးရေသည် မတွေးရဲလောက် အောင်ပင် ဖြစ်ရပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးလုပ်ငန်းများကို စာပေ၊ ဂီတ၊ ရုပ်ရှင်အနုပညာများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတို့ ပူးပေါင်းအားဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သင့်ပါ ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တိုင်းရင်းသားညီအစ်ကို အားလုံးပူးပေါင်းပြီး မူးယစ်ဆေးဝါး အန္တရာယ်ကို မြန်မာ့မြေပေါ်က အပြီး တိုင်ဖယ်ရှားကြရန် တိုက်တွန်းပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က ဆွေးနွေးသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းထိန်းချုပ် နိုင်ရန်အတွက် မူလအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ထိန်းချုပ်နိုင်မှုသည် အဓိကကျပါကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုဖြစ်စဉ်များမှ အချို့သည် ပိုင်ရှင်မဲ့ဖြစ်နေခြင်း၊ သုံးစွဲသူကိုမိပြီး ရောင်းချသူကို မဖမ်းဆီးနိုင်ခြင်း၊ ရှာဖွေဖမ်းဆီးမည့်သတင်းကို ကြိုတင်သိရှိပြီး ကျူးလွန်သူများ ရှောင်တိမ်းနေနိုင်ခြင်း စသည့်ကိစ္စရပ်များသည် ပြည်သူများအကြား သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ် သံသယနှင့် အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေပြီး တရားဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း။
ထို့ကြောင့် အဆိုတွင် တင်ပြထား သည့်အချက်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) တစ်ခွင်သာမက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့် လိုအပ်ချက် များဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးစီမံကိန်းများ အောင်မြင်ရန်အတွက် တရားဥပဒေ စိုးမိုးရေးအပြင် နိုင်ငံတော်ကာကွယ် ရေးအမြင်ဖြင့် ထိုက်သင့်သော ဘဏ္ဍာငွေခွဲဝေချထားပေးရန်အတွက်ပါ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါ်နန်းနီနီအေးက မူးယစ် ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်း ရာတွင် ဖမ်းဆီး၊ အရေးယူ၊ ကုသခြင်းထက် အသိပညာပေးခြင်းကို ကနဦး အဆင့်အဖြစ် ကျယ်ပြန့်စွာ ဦးစားပေး နယ်မြေသတ်မှတ်ပြီး နိုင်ငံတော်စီမံ ချက်ဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ကုသရေးစခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း။
မူးယစ်ဆေးဝါးပပျောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနအချို့သည် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေထဲမှ ဖဲ့ယူ ခြင်းမျိုးမဟုတ်ဘဲ သီးခြားရန်ပုံငွေ တစ်ရပ်ချမှတ်၊ ထူထောင်ခွင့်ရရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကဏ္ဍစုံ၊ ထောင့်စုံ၊ ဆက်စပ်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်ပြီး အမြစ်ပြတ် ချေမှုန်းနိုင်ရန်နှင့် လွှမ်းခြုံကွပ်ကဲနိုင် ရန်အတွက် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဗဟိုအဖွဲ့တွင် ဒုတိယသမ္မတအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးဦးက တာဝန်ခံဆောင်ရွက်သင့်ပါကြောင်း။
နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသခံပြည်သူများ၊ NGO များ၊ INGO များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံး အပြောမဟုတ် ဘဲလက်တွေ့ကျကျ ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားရန် ဆွေးနွေးသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေက မူးယစ်ဆေးဝါးသည် နိုင်ငံအနာဂတ်အတွက် ရင်လေးစရာ အန္တရာယ်ဖြစ်လာသည့်အတွက် စစ်ဆင်ရေးသဖွယ် ဆင်နွှဲ တိုက်ဖျက်ရန် အရေးတကြီးလိုအပ်နေ ပြီဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာ တွင် ဖမ်းဆီးရုံသက်သက်ဆောင်ရွက် ခြင်းထက် အရပ်ဘက်အဖွဲ့အစည်း များ၊ ရပ်မိရပ်ဖများ၊ လူမှုအသိုင်း အဝိုင်းများပါဝင်ကြပြီး ကျောင်းသား လူငယ်များအထိ အသိပညာပေးရန် လိုအပ်ပါကြောင်း။
သတင်းများတွင် မူးယစ်ဆေးဝါးများ မကြာခဏဖမ်းဆီးရမိသော်လည်း ပိုင်ရှင်မဲ့ဖြစ်နေခြင်းသည် တရားဥပဒေစိုးမိုးရန် လိုအပ်နေသည်ကို သက်သေပြလျက်ရှိပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါးအန္တရာယ်ကို နှိမ်နင်းရာတွင် ကိုင်းဖျား ကိုင်းနားကို ဖမ်းဆီးအရေးယူခြင်းထက် အမြစ်ပြတ်အောင် ဥပဒေပိုင်းဆိုင်ရာဖြင့် တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ အရက်သောက်သုံးမှုနှင့် ဆေးလိပ်သောက်သုံးမှုများကိုပါ နိုင်ငံတော်အဆင့် ပညာပေးစည်းရုံး ရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းဝယ်ဖောက် ကားသူများကို ဥပဒေအရ ထိရောက်စွာ တားဆီးအရေးယူရန်နှင့် သုံးစွဲသူ များကိုလည်း မသုံးစွဲရန် ပညာပေးရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment