မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ရန်ကုန်မြို့လယ်ကောင်ရှိ အများ ပြည်သူအလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့် နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည့်သတင်း ပေါ်ထွက်လာသောအခါ ချီးမွမ်းထောမနာသြဘာသံများထွက်ပေါ်လာသည်။
ရန်ကုန်မြို့ပြအမွေအနှစ်ဖြစ်ပြီး နှစ်ရာချီသက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံတစ်ခုတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ပြန်လည်အခြေချနိုင်ခြင်းဖြင့် အမျိုးသားအဆင့်နှင့်လျော်ညီစွာ ထိုက်ထိုက်တန်တန်ပြန်လည်နေရာပေးခြင်းဖြစ်၍ ဂုဏ်ယူဝမ်း မြောက်မိသည်။ ၁၉၅၂ ခုနှစ်တွင် ဘားနတ်အခမဲ့ စာကြည့်တိုက်အဖြစ်မှ နိုင်ငံတော် စာကြည့်တိုက်၊ ယင်းမှသည် အမျိုးသား စာကြည့်တိုက်ဘဝသို့ အဆင့်ဆင့် ရောက်ရှိခဲ့သည့် အတိတ်ကာလတစ်လျှောက်လုံးတွင် ကိုယ်ပိုင်အဆောက် အအုံ သီးသီးသန့်သန့် မရှိခဲ့ဘဲ အခြားအဆောက်အအုံများ၊ ရုံးဌာနများနှင့် တွဲ၍ ဖွင့်လှစ်ခဲ့ရသည့် အခြေအနေမှလွန်မြောက်ကာ မိမိတို့၏ အမျိုးသား စာကြည့်တိုက်ဆိုသည်မှာ ဤအရာဖြစ်ပါသည်ဟူ၍ နိုင်ငံတကာနှင့်ယှဉ်၍ ပြသနိုင်ပြီဖြစ်သည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ပြောင်းရွေှ့ဖွင့်လှစ်မည့် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်ရှိ မြန်မာ့ရေနံအဆောက် အအုံတည်ရှိရာနေရာကို ၁၈၅၇ ခုနှစ် ဗြိတိသျှစစ်အင်ဂျင်နီယာအလက်ဇန်းဒါးဖရေဇာ၏ မြို့ကွက်ချပုံစံအရ မြို့လယ်ကောင်ဟု ဆိုနိုင်စေကာမူ မျက်မှောက်ကာလ ပြန့်ကားကြီးထွားလာသော ရန်ကုန်မြို့ကြီး၏ အကျယ် အဝန်းအရဆိုလျှင် ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း၊ ရန်ကုန် မြောက်ပိုင်းတို့မှ လာရောက်ကြမည့် စာကြည့်တိုက်အသုံးပြုလိုသူများအနေဖြင့် အချိန်များစွာယူကြရမည့် အချက်နှင့်အမျိုးသားစာကြည့်တိုက် အဆောက်အအုံမျက်နှာစာနှင့် ဝန်းကျင်တွင် ပလက်ဖောင်းဈေးသည်များ ပြည့်ကျပ်စွာ နေရာယူထားကြသည့်အချက်တို့မှလွဲလျှင် အမျိုးသား စာကြည့်တိုက်သည် စာပေဗိမာန်၊ ပုဂ္ဂလိကစာအုပ်ထုတ်ဝေရေးလုပ်ငန်း များ၊ စာအုပ်အရောင်းဆိုင်များစသည့် ရန်ကုန်မြို့၏ စာပေရပ်ဝန်းနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိနေခြင်းဟူသည့် အားသာချက် ရှိနေသည် ကို တွေ့ရမည်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်ကြီး ထည်ထည်ဝါဝါ ပေါ်ပေါက်လာပြီး သည့်နောက်တွင် အဓိကအရေးပါသည့်အချက်မှာ စာကြည့်တိုက်ကြီးကို ကျောင်းသူ ကျောင်းသားများ၊ သုတေသီများ၊ စာပေဝါသနာရှင်များ အပါအဝင် အများပြည်သူတို့က အမှန်တကယ်ဝင်ထွက်သွားလာအသုံး ပြု ဖတ်ရှုလာကြရေးနှင့် စာကြည့်တိုက်၏ဝန်ဆောင်မှုများသည် ပြည်သူကို ဗဟိုပြု၍ ကောင်းမွန်သောဝန်ဆောင်မှုများ ဖြစ်စေရေးတို့ပင် ဖြစ်သည်။
စာကြည့်တိုက်သည် စာအုပ်စာပေများကိုစုဆောင်းကာ သော့ခတ်သိမ်း ဆည်းထားသည့် စာအုပ်ဂိုဒေါင်ကြီးသဖွယ်ဖြစ်နေသော အစွန်းတစ်ဖက်နှင့် ထိန်းသိမ်းမှုနှင့် ငှားရမ်းမှုစနစ်လျော့ရဲအားနည်းချက်ကြောင့် စာအုပ် စာတမ်းများ မစုံမလင်ပျောက်ဆုံးရသည့်အခြားအစွန်းတစ်ဖက်တို့ကို ရှောင်လွှဲနိုင်ရမည်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် စုဆောင်းထားသော စာအုပ်စာတမ်းပေါင်း ၁၇၂၅၅၆၊ စာနယ်ဇင်း စုစုပေါင်း ၄၃၅၅၈ဝ ကျော်၊ ပေပုရပိုက် ၁၂၃၂၃ ၊ လက်ရေးစာ ၃၄၅၊ ရှားပါးစာစု ၂၅၄၆၈ နှင့်အခြား စာစုများတို့မှာ သုတေသနပြုလိုသူများ၊ ဗဟုသုတရှာမှီးလိုသူများ၊ အချက် အလက်မှီငြမ်းကိုးကားလိုသူများအတွက် အဖိုးမဖြတ်နိုင်သော ရတနာ သိုက်ကြီးသဖွယ်ပင်ဖြစ်ရာ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်မှာ စာကြည့်တိုက်ဝန်ထမ်းများသာမက စာကြည့်တိုက်အသုံး ပြုသူများအပါအဝင် တစ်မျိုးသားလုံး၏တာဝန်ပင် ဖြစ်သည်။
စာကြည့်တိုက်ဟူသည် မွေ့လျော်ဖွယ်နေရာတစ်ခုမျှသာမဟုတ်၊ လောကသုံးပါးနှင့် အဆက်အဆံပြုသည့်နေရာ၊ အသိသုတတို့ဝေမျှသည့် နေရာ၊ နှလုံးရည် ကိုယ်ရည်ကိုယ်သွေးတို့ ဖွံ့ဖြိုးစေသည့်နေရာ၊ ဥာဏ်ပညာ မိုးကုတ်စက်ဝိုင်း ချဲ့ထွင်ရေးအတွက် ကူညီပေးသည့်နေရာဖြစ်သည်ဟု အဆိုရှိသည့်အလျောက် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက် အအုံကြီး မကြာမီကာလအတွင်း ထည်ဝါခံ့ညားစွာ ပြန်လည်ဖွင့်လှစ်နိုင် မည့်နေ့သစ်ကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုပါကြောင်း။ ။
No comments:
Post a Comment