Monday, August 1, 2016

ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီဖြည့်ဆည်းပေးမည်


သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် ဇူလိုင် ၃၁

ရေထွက်ပစ္စည်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် စိန်ခေါ်မှု များစွာရှိနေသော်လည်း ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက် ကို တတ်စွမ်းနိုင်သရွေ့ အစွမ်းကုန်ဖြည့်ဆည်း ကူညီပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းထွန်းက ပြောသည်။
''နိုင်ငံတော်အစိုးရအနေနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ဘယ်လိုပဲ စိန်ခေါ်မှု တွေရှိပါစေ စိန်ခေါ်မှုတွေဟာ တိုးတက်ဖို့လို့မြင်ပါတယ်။ ရေထွက်ပစ္စည်း ထုတ်လုပ် ရေးလုပ်ငန်းတွေမှာ မွေးမြူထုတ်လုပ်တဲ့လုပ်ငန်းတွေရှိမယ်။ ပြည်ပတင်ပို့တဲ့ လုပ်ငန်းတွေရှိမယ်။ ဒီလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ တစ်ဦးချင်းအရသော်လည်းကောင်း၊ အသင်းအဖွဲ့အလိုက်သော် လည်းကောင်း ပွင့်လင်းမြင်သာစွာ လာရောက်ဆွေးနွေးတင်ပြနိုင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အချိန်မရွေး၊ နေရာမရွေး တံခါးဖွင့်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်စွမ်းသရွေ့ ဖြည့်ဆည်းကူညီပေးသွားမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဝန်ကြီးက ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပသော (၁၇)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ပြောကြားသည်။

သို့သော်လည်း ရေထွက်ပစ္စည်းဈေးကွက်များအနေဖြင့် နိုင်ငံတကာဈေးကွက် အားလုံးနှင့် ထိတွေ့ဆက်ဆံရောင်းချခွင့်ရရှိလာခြင်း၊ ပိတ်ဆို့အရေးယူမှုကင်းလွတ် ခွင့်ရရှိလာခြင်း၊ ထုတ်လုပ်မှုဆိုင်ရာအထူးအခွင့်အရေး (GSP)များရရှိခြင်း၊ ပြည်တွင်း ဈေးကွက်ဝယ်လိုအားမြင့်မားလာခြင်း စသည့်အခြေအနေကောင်းများ ဖြစ်ပေါ် ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုအခက်အခဲ၊ နည်းပညာအားနည်းမှုအခက်အခဲများ ကြောင့် လည်းကောင်း၊ငါးဖမ်းဆီးရေးလုပ်ငန်းများ၏ ဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းမှုကြောင့် လည်း ကောင်း၊ ရရှိလာသည့် အခွင့်အလမ်းကောင်းများနှင့် အလှမ်းကွာဝေးနေဆဲဖြစ် ကြောင်း၊ ယင်းအခက်အခဲများကို နိုင်ငံတော်အစိုးရက ကူညီဦးဆောင်ဖြေရှင်းပေး ခြင်း၊ လိုအပ်သည်များ ကူညီထောက်ပံ့စီမံဆောင်ရွက်ပေးခြင်း၊ တိုးတက်မည့်လုပ်ငန်း စဉ်များကို ကောင်းမွန်ပြည့်စုံသည့် မူဝါဒနှင့် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုတိုးပွားကာ ပြည်ပတင်ပို့မှုများလည်း မြင့်မားတိုးတက် လာနိုင်ကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၂ ဒသမ ၂၅ သန်း ရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ဝ၂ ဒသမ ၆၃ သန်းရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ပတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၅၃ ဒသမ ၈၅ဝ သန်းဖြင့် အများဆုံးရရှိခဲ့ပြီး နောက်ပိုင်းတွင် ငါးဖမ်းဆီးရရှိမှု လျော့နည်းလာခြင်းကြောင့် ပြည်ပတင်ပို့မှုလည်း တဖြည်းဖြည်း လျော့နည်းလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ထုတ်ပြန်သော စာရင်းဇယား များတွင် ဖော်ပြသည်။
ရေထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည် အခြားသော သယံဇာတများနှင့် မတူဘဲ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်လာပါက ထုတ်လုပ်မှုနှင့် တင်ပို့မှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း သိရသည်။

No comments:

Post a Comment