Monday, August 1, 2016

မြန်မာအားကစားသမားများ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်

ရန်ကုန် ဇူလိုင် ၃၁

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့်Rio Olympic Games 2016 ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ သေနတ်ပစ်၊ မြားပစ်၊ ဂျူဒို၊ ရေကူးနှင့် ပြေးခုန်ပစ် အားကစားနည်းငါးမျိုး ယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အုပ်ချုပ်သူနှင့် အားကစားသမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်း ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ကမ္ဘာ့နိုင်ငံပေါင်း ၂ဝ၆ နိုင်ငံမှ အားကစားသမားများနှင့် ဒေသတွင်း ပြိုင်ဘက် များဖြစ်သည့် အာဆီယံနိုင်ငံများမှ အားကစားသမားများ ပါဝင်မည်ဖြစ်ပြီး လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအားကစားအဖွဲ့ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အကောင်းဆုံးရလဒ်များရရှိအောင် နည်းစနစ်ကောင်းများ၊ အတွေ့အကြုံကောင်းများ ကို လေ့လာမှတ်သားပြီး ကြိုးစားပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့ ဦးဆောင်၍ သေနတ်ပစ် အားကစားနည်းဖြင့် မြန်မာလက်ရွေးစင် ရဲထွန်းနောင်က အမျိုးသား ၁ဝ မီတာAir Pistol ဆနှင့် ငါးမီတာ Free Pistol ပြိုင်ပွဲများကို လည်းကောင်း၊ မြားပစ် အားကစားနည်းမှ စန်းယုထွေးက (Recurve) ပြိုင်ပွဲ၊ ရန်နောင်စိုးက ဂျူဒိုအားကစားဖြင့် (-100 Kg) တန်းပြိုင်ပွဲ၊ အိအိသက်က ရေကူး အားကစားနည်းဖြင့် အမျိုးသမီး မီတာ 50 Free Style နှင့် သင်မြတ်က အမျိုးသားမီတာ 100 Butterfly ပြိုင်ပွဲများကိုလည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းဖြင့် စန်းနိုင်က အမျိုး သား မီတာ ၅ဝဝဝ ပြိုင်ပွဲနှင့် ဆွေလီမြင့် က အမျိုးသမီး မီတာ ၈ဝဝ ပြိုင်ပွဲများကို အသီးသီး ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments:

Post a Comment