Monday, August 29, 2016

နိုင်ငံတကာမြင်ကွင်း



The Mirror Daily's photo.
ရဲရင့်လင်းလက်
ကမ္ဘာ့နိုင်ငံအတော်များများဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သား တွေရဲ့ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။ ဒီနိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်ပါတယ်။အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ် ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးက ၁၁ ဒသမ ၇ သန်း ရှိပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့လူဦးရေဟာ သန်း ၁၂ဝ ကျော်ရှိတာမို့လို့ အမေရိကန်နိုင်ငံထဲ ဝင်ရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးတွေဟာ မက္ကဆီကို နိုင်ငံလူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းနီးပါးရှိနေတာကို တွေ့ရမှာပါ။ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ် ထရမ့်က ဒီမက္ကဆီကိုလူမျိုး ၁၁ ဒသမ ၇သန်းကို မက္ကဆီကို နိုင်ငံထဲ ပြန်ပို့မယ်လို့ ကြုံးဝါးနေတာပါ။ ဒေါ်နယ်ထရမ့် ကြုံးဝါးနေတာက လက်တွေ့မှာ ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်တဲ့ကိစ္စပါ။
ဒေါ်နယ်ထရမ့်ပြောနေတဲ့ အမေရိကန်နိုင်ငံထဲ တရားမဝင်ဝင်ရောက်နေတဲ့ မက္ကဆီကိုလူမျိုးတွေ မက္ကဆီကို နိုင်ငံပြန်ပို့မယ့်အစီအစဉ်ရဲ့ အခြေခံကတော့ အမေရိကန်နိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံကြားက နယ်စပ်မျဉ်းတစ်လျှောက် တံတိုင်းကြီးတွေ တည်ဆောက်မှာဖြစ်ပြီး ဒီတံတိုင်းကြီးတွေ တည်ဆောက်တဲ့စရိတ်ကို မက္ကဆီကိုနိုင်ငံက ပေးရမှာပါ။ ဒီလောက်တစ်ဖက်စောင်းနင်းနိုင်တဲ့အစီအစဉ်ကို မက္ကဆီကိုနိုင်ငံက လက်မခံမှာက မေးကြည့်စရာမလို လောက်အောင်ရှင်းပြီးသားကိစ္စပါ။ ဒေါ်နယ်ထရမ့်ရဲ့ အကြံအစည်ကတော့ ရှင်းပါတယ်။ မက္ကဆီကိုနိုင်ငံကို အကျပ်ကိုင်မှာပါ။ အမေရိကန်နိုင်ငံထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးတွေ ကနေ မက္ကဆီကိုနိုင်ငံထဲပြန်ပို့တဲ့ ငွေကြေးအားလုံးကို တရားဝင်သိမ်းယူမှာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက် ခန့်မှန်းမှုအရ ၂ဝ၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံကနေ မက္ကဆီကိုနိုင်ငံထဲ ဒီလိုလွှဲပြောင်းပေးခဲ့တဲ့ ငွေပမာဏဟာ ဒေါ်လာ ၂၅ ဘီလီယံနီးပါးရှိနေခဲ့တာပါ။ ဒါပေမယ့် တကယ့်လက်တွေ့ပြဿနာက ဒီဒေါ်လာ ၂၅ ဘီလီယံထဲ မှာ အမေရိကန်နိုင်ငံထဲ တရားဝင်လာရောက်လုပ်ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးတွေရဲ့ လွှဲပြောင်းပေးပို့ငွေနဲ့ အမေရိကန်နိုင်ငံထဲ တရားမဝင် လာရောက်လုပ်ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးတွေရဲ့ လွှဲပြောင်းပေးပို့ငွေတွေကို ဘယ်လိုခွဲခြားမှာလဲဆိုတာက လက်တွေ့မှာ ကိုင်တွယ်ဖို့ မလွယ်ကူတဲ့ပြဿနာပါ။ ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်မှာလည်း ဒီအချက်နဲ့ပတ်သက်ပြီး ဘာမှရည်ညွှန်းပြောဆို ထားတာမရှိပါဘူး။ လက်တွေ့ဆောင်ရွက်မယ်ဆိုရင် စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ စာရင်းစစ်တွေကို တပ်ဖွဲ့လိုက်ဖွဲ့စည်းရမယ့် ကိန်းမျိုးဖြစ်နေပါတယ်။ ဒီထက် ပိုလေးနက်တဲ့ပြဿနာက မက္ကဆီကိုနိုင်ငံဟာ အမေရိကန် နိုင်ငံရဲ့ ဒုတိယမြောက်အကြီးမားဆုံး ပြည်ပပို့ကုန်တင်ပို့ ရာနိုင်ငံပါ။ မက္ကဆီကိုနိုင်ငံဟာ အမေရိကန်လုပ် ကုန်ပစ္စည်းတွေကို တစ်နှစ်ဒေါ်လာ ၂၄ဝ ဘီလီယံလောက် ဝယ်ယူတင်သွင်းနေတာပါ။ နောက်တစ်ချက်က မက္ကဆီကိုနိုင်ငံဟာ အမေရိကန်စက်မှုကုန်ထုတ်လုပ်ငန်း ကြီးတွေရဲ့ အဓိကအခြေစိုက်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သလို လုပ်သားအင်အားစုစည်းပေးရာ ဗဟိုအချက်အချာ နေရာလည်းဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အမေရိကန်လုပ်ငန်းရှင်တွေဟာ အမေရိကန်နိုင်ငံထဲ တရားမဝင်ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မက္ကဆီကိုလူမျိုး တွေကိုအားပြုပြီး သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြရတာပါ။
ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကို သုံးသပ်လိုက်ရင် မလွဲမသွေပါရမှာက လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ အကောက်ခွန်အရာရှိတွေ တိုးမြှင့်ခန့်ထားတာဖြစ်သလို လက်တွေ့မှာလည်း ပါဝင်ပါတယ်။ နောက်ပါဝင်တဲ့အချက်တွေက လုပ်ငန်းရှင်တွေက ကြီးကြပ်ဆောင်ရွက်ပေးရမယ့် အင်တာနက်အခြေခံစိစစ်အတည်ပြုရေးစနစ်၊ (an employer- based e- verity program)နဲ့ နိုင်ငံခြားသား ရာဇဝတ်သားတွေကို ပြည်နှင်ဒဏ်ပေးတာတွေပါ။ ပြောရရင် ဒီအချက်တွေကတော့ ပြောရိုးပြောစဉ်ကိစ္စတွေလို့ပဲ ပြောရမှာပါ။ သမ္မတအိုဘားမားကလည်း လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေအပေါ်အခြေခံပြီး နိုင်ငံခြားသား ရာဇဝတ်သားတွေ ပြည်နှင်ဒဏ်ပေးရမယ့် ဦးစားပေးအစီအစဉ်ရေးဆွဲဖို့ ပြောခဲ့ဖူးသလို လုပ်ငန်းရှင်တွေက တာဝန်ယူရတဲ့တရားဝင် လုပ်သားဟုတ်၊ မဟုတ် စိစစ်အတည်ပြုရေးစနစ်တွေ တိုးချဲ့ရမယ်၊ သက်ဆိုင်ရာအရာရှိတွေ တိုးချဲ့ခန့်ထားရမယ် စတာစတာတွေကိုလည်း ပြောခဲ့ဖူးပါတယ်။ အခုထုတ်ပြန် လိုက်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေထဲမှာ အမေရိကန်နိုင်ငံထဲမှာ လက်ရှိ တရားမဝင်နေထိုင်လုပ်ကိုင် နေကြတဲ့ မက္ကဆီကိုလူမျိုး ၁၁ ဒသမ ၇ သန်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်မယ်ဆိုတာ မပါပါဘူး။ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံမှာ တရားမဝင်နေထိုင်လုပ်ကိုင်ကြတဲ့ ပြည်ပလုပ်သားတွေကို တစ်ဦးချင်းလက်ခံသင့်၊ မခံသင့် စစ်ဆေးပြီးမှ ပြည်နှင်ဒဏ်ပေးသင့်၊ မပေးသင့်ဆုံးဖြတ်ရမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးတာရှိပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာ ဒေါ်နယ်ထရမ့်က သမ္မတအိုဘားမားကို ဝေဖန်ခဲ့တာ ရှိပါတယ်။ အမေရိကန်နိုင်ငံထဲကလေးငယ် ဘဝက (ဒါမှမဟုတ်) မိသားစုဝင်တွေအဖြစ် တရားမဝင် ဝင်ရောက်ခဲ့ပြီး လက်ရှိမှာလည်း တရားမဝင်အလုပ်လုပ်ကိုင် နေတဲ့ ပြည်ပလုပ်သားတွေကို ပြည်နှင်ဒဏ်မပေးရဆိုတဲ့ သမ္မတအိုဘားမားရဲ့ အမိန့်ညွှန်ကြားချက်ဟာ တရားဥပဒေကို ချိုးဖောက်တာပဲဆိုတဲ့စွပ်စွဲချက်မျိုးကို ဒေါ်နယ် ထရမ့်က ပြုလုပ်ခဲ့တာပါ။ ကွန်ဆာဗေးတစ်နိုင်ငံရေး လှုပ်ရှားမှုများ ကွန်ဖရင့် (Conservative Political Action Conference-CPAC)မှာ ဒေါ်နယ်ထရမ့်က ''ခင်ဗျားတို့အနေနဲ့ ရဲရင့်ပြတ်သားတဲ့လက်တွေ့လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်လုပ် (ဒါမှမဟုတ်ရင်တော့)အရင့်အရင်ကထက် ပိုများတဲ့နိုင်ငံခြားသားတွေ တိုင်းပြည်ထဲ ခိုးဝင်လာကြမှာပဲ''လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေထဲမှာ တရားမဝင် ခိုးဝင်လာတဲ့ ပြည်ပလုပ်သားမိသားစုတွေရဲ့ အမေရိကန် နိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေကို အလိုအလျောက်နိုင်ငံ သားဖြစ်ပိုင်ခွင့် ရုပ်သိမ်းဖို့ (အခုလက်ရှိမှာ ဒီလိုအလို အလျောက်ဖြစ်ပိုင်ခွင့်ရှိနေပါတယ်) ပါဝင်သလို လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး အလုပ်ရှင်တွေက နိုင်ငံခြားသားလုပ်သားဝန်ထမ်းတွေကို ခန့်အပ်ရာမှာ အသုံးပြုရတဲ့ ဗီဇာစနစ် (H 1 B visa) ကို ပြောင်းလဲပြီး အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ အမေရိကန်နိုင်ငံသားတွေကိုပဲ ဦးစားပေးခန့်အပ်လာအောင် စွဲဆောင်မယ့် မက်လုံးစနစ်တွေလည်းပါပါတယ်။ အမေရိကန်နိုင်ငံထဲ မွေးဖွားတဲ့ဘယ်သူကိုမဆို နိုင်ငံသားပေးရမယ်ဆိုတာက အမေရိကန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဋ္ဌာန်းချက်ဖြစ်လို့ ဒီလိုရုပ်သိမ်းဖို့ဆိုရင် အမေရိကန်နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့လိုပါတယ်။ အမေရိကန် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့မလွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုရင် အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ သုံးပုံနှစ်ပုံက ထောက်ခံဖို့လိုသလို အနည်းဆုံးပြည်နယ် ၃၈ ခုကလည်း သဘောတူ ထောက်ခံဖို့လိုပါတယ်။ အထူးဗီဇာစနစ် (H 1 B)ပြုပြင် ပြောင်းလဲရာမှာ ဒေါ်နယ်ထရမ့်က ပြည်ပကျွမ်းကျင်ဝန်ထမ်း တွေရဲ့လစာကို မြှင့်တင်သတ်မှတ်ပေးလိုက်ရင် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ ကုန်ကျစရိတ်လျှော့ချဖို့ အမေရိကန် နိုင်ငံသားကျွမ်းကျင်ဝန်ထမ်းတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့ ဦးတည်ရည်ရွယ်ထားတာပါ။ သုံးသပ်ဝေဖန်သူတွေကတော့ အထူးဗီဇာစနစ် (H 1 B) ကို ဒီလိုပြောင်းလဲလိုက်ရင် ဒီအထူးဗီဇာ (H 1 B) ထုတ်ပေးရေးလုပ်ငန်းစဉ်များ နဂိုကတည်းက တန်ခိုးထွားနေတဲ့ ရှေ့နေတွေနဲ့ ဗျူရို ကရက်တွေကို ပိုမိုစွက်ဖက်ပိုင်ခွင့်ရှိလာအောင် လုပ်လိုက်သလိုဖြစ်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အခြေအနေတွေအပေါ် အခြေခံသုံးသပ်ကြည့်ရင် ၂ဝ၁၃ ခုနှစ် ဆီးနိတ်(အထက်လွှတ်တော်)လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုဥပဒေကိုသာ အတည်ပြုပြဋ္ဌာန်းခဲ့ရင် ဒီဥပဒေအရ တချို့တရားမဝင်ပြည်ပလုပ်သားတွေကို အမေရိကန်ကုမ္ပဏီတွေက အလုပ်ခန့်ခွင့်ရရှိသွားမှာပါ။ အမေရိကန်ကွန်ဂရက်ဘတ်ဂျက်ရုံးရဲ့ ခန့်မှန်းတွက်ချက်မှု အရ ဒီလိုသာခန့်အပ်ခွင့်ရမယ်ဆိုရင် ၂ဝ၂၃ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ တိုင်းပြည်ထုတ်ကုန်စုစုပေါင်တန်ဖိုး (GDP) တိုးတက်နှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိလာမှာ ဖြစ်ပြီး ၂ဝ၃၃ ခုနှစ်မှာ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိလာမှာပါ။ ဒီခန့်မှန်းတွက်ချက်မှုအပေါ်အခြေခံပြီး ပြောရရင် ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်ကြောင့် ဒီလိုခန့်မှန်းတွက် ချက်ထားတဲ့ စီးပွားရေးတိုးတက်မှုတွေကို လက်တွေ့ ဆုပ်ကိုင်နိုင်တော့မှာ မဟုတ်ပါဘူး။
Progressive Economic Policy Institute ဆိုတဲ့ မူဝါဒရေးရာအကြံပေးအဖွဲ့ကတော့ တရားမဝင် ရွှေ့ပြောင်းပြည်ပလုပ်သားတွေကြောင့် အမေရိကန် အစိုးရရဲ့ ဘတ်ဂျက်လိုငွေပြမူလျော့နည်းသွားသလို လူမှုဖူလုံရေးရန်ပုံငွေထဲကို ဒေါ်လာဘီလီယံနဲ့ချီပြီး ဒီရွှေ့ပြောင်းပြည်ပလုပ်သားတွေက ထည့်ဝင်ပါတယ်။ ပြောရရင် တရားမဝင်ရွှေ့ပြောင်းပြည်ပလုပ်သားတွေ မိခင်နိုင်ငံကို ပြန်ထုတ်ယူတဲ့ငွေထက် လူမှုဖူလုံရေး ရန်ပုံငွေထဲကိုထည့်ဝင်ငွေက ပိုများတယ်လို့ ဆိုပါတယ်။ တရားမဝင် ရွှေ့ပြောင်းပြည်ပလုပ်သားတွေကြောင့် လုပ်ခလစာအပေါ် အကျိုးသက်ရောက်မှုကလည်း မဆိုစလောက်ပဲရှိတယ်လို့ ဒီမူဝါဒအကြံပေးအဖွဲ့က ထောက်ပြပါတယ်။ ဒီအကြံပေးအဖွဲ့ရဲ့အဆိုအရ တရား မဝင်ရွှေ့ပြောင်းလုပ်သားတွေကို ပြည်နှင်ဒဏ်ပေးမယ်ဆိုရင် ငါးနှစ်အတွင်း ဒေါ်လာ ၂၈၅ ဘီလီယံကုန်မှာဖြစ်ပါ တယ်။ လက်တွေ့ကျကျပြောရရင် အမေရိကန်နိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတို့ကြားက နယ်စပ်မျဉ်းတစ်လျှောက် တံတိုင်းတွေကာမယ်ဆိုရင် မိုင် ၂ဝဝဝ နီးပါးရှိတာမို့ ဆောင်ရွက်ဖို့မလွယ်ပါဘူး။ တရားမဝင်ရွှေ့ပြောင်းပြည်ပ လုပ်သားတွေနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ပြောနေတာ ကို ကြည့်လိုက်ရင် လူထုအကြိုက်ဆွယ်လုံးတွေနဲ့ နိုင်ငံရေးစည်းရုံးမဲဆွယ်တာက တိုင်းပြည်ကို အန္တရာယ် ချောက်ထဲတွန်းပို့သလို ဖြစ်သွားနိုင်တယ်ဆိုတာ သတိပြု မိကြမှာပါ။ ။

No comments:

Post a Comment