Monday, August 29, 2016

ပခုက္ကူမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သော စေတီပုထိုးများကို ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ပူးပေါင်းပြင်ဆင်သွားမည်



Image may contain: 2 people
ညောင်ဦး သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းတွင် သြဂုတ် ၂၄ ရက် ညနေကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဘုရားပုထိုးစေတီနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပျက်စီးသွားသော ဘုရားစေတီ အချို့အား အမြန်ဆုံးပြန်လည်ပြင်ဆောင်ရွက်နိုင်ရေး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
''ပခုက္ကူခရိုင်အတွင်းမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အခြေခံ ပညာကျောင်း ၁ဝ ကျောင်းကတော့ ဒေသခံရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ ကျောင်းကော်မတီတွေနဲ့ ပြုပြင်မှာ က လေးကျောင်းဖြစ်ပါတယ်။ သက်ဆိုင်ရာ ပညာရေးဌာနမှ ဘတ်ဂျက်တောင်းခံပြုပြင်မှာက ခြောက်ကျောင်း ဖြစ်ပါတယ်။ ဘုရား ပုထိုးစေတီတော်တွေ စေတီတော် မြေခတာ၊ စိန်ဖူးတော်မြေခတာ တွေကတော့ သက်ဆိုင်ရာ ဂေါပက အဖွဲ့ဝင်တွေ၊ အလှူရှင်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်''ဟု ပခုက္ကူ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ပြောသည်။
ပခုက္ကူခရိုင်ရှိ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက် မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့တွင် အဆိုပါ မြေငလျင်ဒဏ်ကြောင့် ဘုရား စေတီ စုစုပေါင်း ၁၄၆ ဆူပျက်စီးခဲ့ပြီး စေတီတချို့မှာ မြေခပျက်စီးခြင်း များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်း အပါအဝင် နေအိမ်နှင့် အစိုးရရုံး အဆောက်အအုံတချို့လည်း ပြိုကျပျက်စီးခြင်းနှင့် နံရံအက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''ဒီငလျင်သဘာဝဘေးအန္တရာယ် ဖြစ်ဖြစ်ချင်းပဲ စာရင်းကောက်ယူပါတယ်။ အမှတ် (၁ဝ၁) ခြေမြန်တပ်မ ဌာနချုပ်အောက်မှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ဒေသခံရပ်မိရပ်ဖတွေနဲ့ အားလုံး ဝိုင်းဝန်းဆောင်ရွက် ရှင်းလင်းဖယ် ရှားခဲ့ပါတယ်''ဟု ဦးကံစောလှိုင်က ဆက်လက်ပြောသည်။
ပခုက္ကူခရိုင်အတွင်း မြို့နယ်ငါးမြို့ နယ်တွင် ပခုက္ကူမြို့နယ်သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး လူ နေအိမ် ခြောက်လုံး၊ သာသနိက အဆောက်အအုံ ၁၆ လုံး၊ ဘုရား စေတီ ၅၇ ဆူပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်က ပြောသည်။
''ပခုက္ကူမြို့ရဲ့တန်ခိုးကြီးဘုရား ငါးဆူ၊ ရွှေမုဋ္ဌောဘုရားက စိန်ဖူးတော်က အထက်ပစ္စယံကနေ ပြုတ်ကျသွားတယ်။ သမိုင်းဝင် ရွှေတန့်တစ် ဘုရားကြီးကလည်း စိန်ဖူးတော်ကြီး ယိုင်သွားတယ်။ နောက်ပြီး သရက္ခန်ဘုရားကြီး စိန်ဖူးတော်အုပ် ထားတဲ့ မှန်ပေါင်းချောင်အက်ကွဲသွားတယ်။ ရွှေတန့်တစ်ဘုရားမှာရှိတဲ့ ခြင်္သေ့ရုပ်ကြီးလည်း ဦးခေါင်းပိုင်း ပျက်စီးသွားတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။
ပြန်လည်ပြင်ဆင်ရေးပိုင်းနဲ့ပတ် သက်ပြီး ဦးတင်ထူးအောင်က '' ကျွန် တော်တို့ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးက ဦးဆောင်ပြီး ဌာနဆိုင်ရာနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ဖို့ စီမံဆောင်ရွက်ထားပါတယ်။ နောက် ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးကို ငလျင်လှုပ်ပြီးပြီးချင်း ငလျင် ငယ်တွေ ထပ်မံဖြစ်လာနိုင်တဲ့အတွက် အိမ်တွင်း အိမ်ပြင်တွေ၊ နေထိုင်သွား လာမှုတွေ သတိပြုကြဖို့ မိမိရပ်ကွက်/ ကျေးရွာအလိုက် နှိုးဆော်ထားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်'' ဟု ဆိုသည်။
အဆိုပါငလျင်ကြောင့် ပခုက္ကူမြို့ နယ် ကွန်းရွာကျေးရွာရှိ နှစ်ပေါင်း ကြာမြင့်ပြီဖြစ်သော ဗာဂျီးနီးယား ဆေးပေါင်းရုံ နံရံပြိုကျခဲ့မှုကြောင့် အမျိုးသားတစ်ဦးမှာ ပိမိသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရရှိမှု ကြောင့် ပခုက္ကူဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက် ကုသလျက်ရှိရာ ယခုအခါ ကျန်းမာရေးအခြေအနေ ကောင်းမွန် သက်သာလျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ပခုက္ကူရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ ပြန်လည်ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး ရွှေတန့်တစ် ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်နိုင်က '' ကျွန်တော်တို့ ပခုက္ကူ မြို့ သမိုင်းဝင်ခြင်္သေ့ကြီးရဲ့ နားရွက်နဲ့ ဦးသျှောင်ပဲ့ကျသွားတာရှိတယ်။ သရက္ခန်ဘုရားကိန်းဝပ်တဲ့ ဂန္ဓကုဋိ တိုက်ရဲ့ ပြာသာဒ်ဆောင်က ထိပ်ပိုင်းက နေ ပြတ်ကျသွားတယ်။ သရက္ခန် ဘုရားကိန်းဝပ်တဲ့ ဂန္ဓကုဋိတိုက်ကြီးလည်း ပျက်စီးခဲ့လို့ အသစ်တစ်ဖန်ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ဒေသခံတွေအားလုံးပူးပေါင်း ပြီး ဘုရားစေတီတွေ ပြန်လည်ပြုပြင် မွမ်းမံရေးတွေ လုပ်ဆောင်ဖို့ ဆောင်ရွက်နေပါတယ်။ လတ်တလောပျက်စီး ခဲ့တာကိုလည်း ဖယ်ရှားပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်''ဟု ပြောသည်။
''၁၉၇၅ ခုနှစ်က လှုပ်တဲ့ ပုဂံအင်အားပြင်းငလျင်တုန်းကလည်း ကျွန်တော်တို့မြို့ရဲ့ တန်ခိုးကြီးရွှေတန့် တစ်စေတီတော်မြတ်ကြီးမှာ အကုန်လုံးပျက်စီးပြီး စိန်ဖူးတော်မြေခခဲ့ဖူးပါတယ်။ အခုတစ်ဖန် စေတီတော်ကြီး ထပ်မံပျက်စီးသွားတော့ မြို့ခံတစ်ဦး အနေနဲ့ ပြောရရင် အလွန်ကိုဝမ်းနည်း စရာကောင်းပါတယ်''ဟု ဦးမောင်နိုင် က ပြောသည်။
သတင်း-နိုင်လင်းကြည်၊ တင်မောင်လွင်၊ 
ဓာတ်ပုံ-မောင်မွှေး

No comments:

Post a Comment