Tuesday, August 2, 2016

ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၁

လာမည့်ရွေးကောက်ပွဲများ၌ မဲစာရင်းတိကျမှန်ကန်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပသည့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အောင်မြင်သော လွတ်လပ်မျှတသော သမိုင်းဝင် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပါကြောင်း၊ သမိုင်းဝင် ရွေးကောက်ပွဲဖြစ်စေသည့် အကြောင်းအရင်းများအနက် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တရားဝင်ဖိတ်ကြားခဲ့ပြီး စောင့်ကြည့်လေ့လာမှုများကို ခွင့်ပြုခဲ့ပါကြောင်း၊ စောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာရှိမှုကို အကောင်းဆုံး ဖော်ညွှန်းပေးနိုင်သူများဖြစ်ပြီး စောင့်ကြည့်လေ့လာမှု သည်လည်းရွေးကောက်ပွဲ၏အရည်အသွေးကို မြှင့်တင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကြောင့် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကို အများပြည်သူလက်ခံမှု ပိုမို မြင့်တက်လာခြင်း၊ မဲဆွယ်စည်းရုံးမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ ငွေကြေးသုံးစွဲမှုကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်ခြင်း၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့် အရေးများကို ပိုမိုခိုင်မာစေခြင်းတို့ကို ရရှိနိုင်ပါကြောင်း၊ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ၏ အပြီးသတ် အစီရင်ခံစာများကို ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် တင်ပြရပြီး ရွေးကောက်ပွဲလုပ်ငန်းအားလုံး၏ အားသာ ချက်၊ အားနည်းချက်များကို ပိုမိုကောင်းမွန်စွာသိရှိနိုင်ကာ သုံးသပ်ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ပါကြောင်း၊ အစီရင်ခံစာများမှ တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို ရွေးကောက်ပွဲလုပ်ငန်းများအပေါ် ပြန်လည် သုံးသပ်မှုများပြုလုပ်သည့်အခါ အလေးထားစဉ်းစားရမည် ဖြစ်ပါကြောင်း။

ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများနှင့်ပတ်သက်ပြီး ဥပဒေမူဘောင် ပြဋ္ဌာန်းထားရှိရေးနှင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွင်းရရှိခဲ့သည့် စောင့်ကြည့်လေ့လာသူများ၏ အတွေ့အကြုံများအရ အနာဂတ်ကာလရွေးကောက်ပွဲများကို ပိုမိုတိုးတက်ကောင်းမွန်အောင် မည်သို့ပူးပေါင်းဆောင်ရွက်နိုင်သည်များကို အဓိကဦးတည်ဆွေးနွေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမှုများအပေါ် သုံးသပ်ချက်ကို ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာအကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်း (IDEA)မှ အကြီးတန်းအစီအစဉ်မန်နေဂျာ မစ္စတာ ဂရက် ခေအိုင်အီးလေးရာကလည်းကောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်များနှင့် အခွင့်အရေးများ (နှိုင်းယှဉ်ရဥပမာများအားတင်ပြ ခြင်း)ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရီပို့တင်းအဖွဲ့မှ ဌာနေကိုယ်စားလှယ် မစ္စအီဗာဂျေးက လည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ တရားဝင်အသိအမှတ် ပြုခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာမူဘောင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့် စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ မဲရုံတွင်းနှင့် မဲရုံပြင်ပအတွေ့ အကြုံများ၊ ဥပဒေရေးရာမူဘောင်အား ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းစဉ်အား ထည့်သွင်းဖော်ပြနိုင်မည့် နည်းလမ်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာထုတ်ပြန်ရမည့်အချိန် ကာလနှင့် ယင်းအစီရင်ခံစာများကို အသုံးပြုနိုင်မှုများ၊ ကြားဖြတ်ရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာရာ၌ ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းစဉ်များ၊ အခြားဆောင်ရွက် နိုင်သည့်အဆင့်များနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြရာ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ပြန်လည်ဆွေးနွေးခဲ့သည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်းရွေးကောက်ပွဲစောင့် ကြည့်လေ့လာသူ ၁၁၄၄၅ ဦးနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၁၁၅၃ ဦးကို တရားဝင်အသိအမှတ်ပြုခဲ့ပြီး နောင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တို့တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ပိုမို ဖိတ်ခေါ်သွားရန် စီစဉ်ထားကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment