Monday, August 29, 2016

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ခေါင်းစွပ်ပါအနွေးထည်များ လှူဒါန်း



Image may contain: one or more people and outdoor
မန္တလေး သြဂုတ် ၂၈
လာမည့်ဆောင်းရာသီတွင် အအေးဓာတ်လွန်ကဲနိုင်သည့်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုက်ပွဲရှောင် စခန်းများမှ ပြည်သူများအတွက် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ခေါင်းစွပ်ပါအနွေး ထည်များလှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ ကမ္ဘောဇအုပ်စု ကုမ္ပဏီလီမိ တက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးဆန်းအောင်နှင့် ကမ္ဘောဇ ဘဏ်လီမိတက် အထက်မြန်မာပြည်တာဝန်ခံ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းတို့က ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ခေါင်းစွပ်ပါ အနွေးထည် စုစုပေါင်း ၃၆၅ဝဝ ထည်ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးဆန်းအောင်က ယခု လှူဒါန်းမှုသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏လမ်းညွှန်မှုဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ မိုးလေဝသ ပညာရှင်များကလည်း ယခုလာမည့်ဆောင်းရာသီတွင် မိုးများပြီး အအေးဒဏ်လွန်ကဲနိုင်သော လာနီညာရာသီ ဥတုဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားကြ သည့်အတွက် ယခုကဲ့သို့ အအေးဓာတ်လွန်ကဲမှုဒဏ်ကို ပိုမိုခံစားရရှိနိုင်သော တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသား ပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါအနွေးထည် ၁၆ဝဝဝဝ ကို ပြည်ပမှ မှာယူတင်သွင်းခဲ့ပြီး ဆောင်းရာသီကာလအမီ သက်ဆိုင်ရာ ဒေသများသို့ ပေးပို့လှူဒါန်းခြင်းဖြစ်ကြောင်း၊ သြဂုတ် ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂတိုင်းရင်းသားများအတွက် အနွေးထည် ၃၅ဝဝ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်အစရှိသော အအေး ဒဏ်လွန်ကဲနိုင်သည့်ဒေသများရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအတွက်လည်း ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်းပြောကြားသည်။
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကမ္ဘောဇအနာဂတ်အလင်း တန်းမြန်မာဖောင်ဒေးရှင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ငွေကျပ် သိန်းတစ်ထောင်စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ပေါင်း ၁၄ဝဝဝ ကိုလည်း မကြာမီက သက်ဆိုင်ရာ ဝန်ကြီးချုပ်များထံသို့ ပေးအပ်လှူဒါန်းပြီးကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment