ပါရီ သြဂုတ် ၂၇
ပြင်သစ်နိုင်ငံသည် အပူလှိုင်းဒဏ်ကို သြဂုတ် ၂၅ ရက်အထိ ဆိုးရွားစွာ
ခံစားခဲ့ရကြောင်း သတင်များအရ သိရသည်။ ရာသီဥတုခန့်မှန်းသူများက အပူချိန် သည်
၃ဝ ဒီဂရီ ဆဲလ်စီယပ်အထိမြင့်တက်ခဲ့ကြောင်းပြောကြားခဲ့သည်။ ထို့ပြင်
နေ့အချိန်များတွင် သက်ကြီးရွယ်အိုများကို
အိမ်ထဲတွင်သာနေထိုင်ရန်သတိပေးမှုများ ပြုလုပ်ခဲ့သည်။
အင်္ဂါနေ့ကတည်းက မြင့်တက်လာသောအပူချိန်သည် သြဂုတ် ၂၆ ရက်အထိ ဆက်လက်မြင့်တက်ခဲ့ကြောင်း မိုးဇလဌာနမှအရာရှိများက မိုးလေဝသသတင်းများ တွင် ဖော်ပြခဲ့ကြသည်။
အင်္ဂါနေ့က ပါရီဒေသအပါအဝင် အခြားဒေသ ၂၂ ခုတွင် အပူလှိုင်းနှင့်ပတ်သက် ပြီး လိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အပူချိန်သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ၁၁ ဒီဂရီအထိကျဆင်းခဲ့ပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင် ၃၇ ဒီဂရီထိ တိုးလာကြောင်း သက်ဆိုင်ရာဌာနမှ ပြောကြားသည်။
ပြင်သစ်နိုင်ငံအနှံ့အပြားတွင် အပူလှိုင်းနှင့်ပတ်သက်ပြီး နောက်တစ်ဆင့် အဝါရောင်အဆင့်သတိပေးမှုကို ထုတ်ပြန်ခဲ့ရသည်။ ကျေးလက်ဒေသများတွင် ကျေးလက်အပူချိန်သည် ၁၈ ဒီဂရီဆဲလ်စီယပ်မှ ၂ဝ ဒီဂရီဆဲလ်စီယပ်၊ ယင်းမှ တစ်ဆင့် ၃၅ ဒီဂရီဆဲလ်စီယပ်မှ ၃၈ ဒီဂရီဆဲလ်စီယပ်အထိရှိလာ၍ သတိထားရမည့် အနေအထားဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အင်္ဂါနေ့က မြင့်တက်ခဲ့သော မှတ်တမ်းတင်အပူချိန်များမှာ အနောက်ဘက် ရန်နက်စ်တွင် ၃၄ ဒီဂရီဆဲလ်စီယပ်၊ နန်တက်စ်၊ ကော့နက်စ်၊ ဘော်ဒိုးတို့တွင် ၃၅ ဒီဂရီဆဲလ်စီယပ်၊ မွန်တီမာဆန်တွင် ၃၆ ဒီဂရီဆဲလ်စီယပ်အထိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပူလှိုင်းလိမ္မော်ရောင်အဆင့် သတိပေးမှုများကို နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဒေသများတွင် အပူချိန်မြင့်မားမှုဖြစ်ပေါ် နိုင်သောကြောင့် လည်းကောင်း၊ ယင်းဒေသရှိ ပြည်သူများမှာ အခြားဒေသရှိ လူများလောက် အပူချိန်ကို ခံနိုင်မှု မရှိခြင်းတို့ကြောင့်လည်းကောင်း သတိပေးမှုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ဆိုကြသည်။
မြို့တော်ပါရီ အနီးဝန်းကျင်ဒေသများတွင် အပူချိန်မှ အမြင့်အဆင့်သို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက အရေးပေါ်တယ်လီဖုန်းလိုင်းများကို ထားရှိပြီး အပူရှောင်စခန်းများကို ချက်ချင်းစီစဉ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြင်သစ်နိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းခြင်းမှာ ယခုနှစ်တွင် ဒုတိယ အကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အပူလှိုင်းကြောင့် ပြင်သစ်နိုင်ငံတွင် အသက်ကြီး သူအများစုအပါအဝင် လူပေါင်း ၁၅ဝဝဝ သေဆုံးသွားခဲ့သည်။

(ဆင်ဟွာ)
No comments:
Post a Comment