Wednesday, August 3, 2016

ဂုတ်ထိပ်ဘူတာမှအပျော်စီးရထားများ အခြေပြုပြေးဆွဲပေးရန် ပြည်တွင်း၊ ပြည်ပခရီးသည်များဆန္ဒရှိနေ



The Mirror Daily's photo.
ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအား လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ အဆင်ပြေစေနိုင်ရန်အတွက် အပျော်စီးရထားများအား ဂုတ်ထိပ်ဘူတာတွင် အခြေပြု၍ ပြေးဆွဲစေလိုကြောင်း တံတားကြီးသို့လာရောက် လည်ပတ်သည့်ဧည့်သည်များထံမှ သိရသည်။

လက်ရှိတွင် ဂုတ်ထိပ်တံတားကြီးပေါ်သို့ ခရီးသည်များ၏လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခွင့်တားမြစ်ထားသဖြင့် မြန်မာ့မီးရထားမှခရီးသည်များ အဆင်ပြေ စေရန်အတွက် တံတားကြီးပေါ်မှ ဖြတ်သန်းကာ လူ၂ဝဆံ့ RGC ရထားနှင့် လူ၅ဝဆံ့ RBE အပျော်စီးရထားများကို ခေါက်တိုပြေးဆွဲပေးလျက်ရှိသည်။ အဆိုပါ ရထားများအား ဂုတ်ထိပ်ဘူတာတွင် အခြေပြုပြေးဆွဲပေးပါက ခရီးသည်များလည်း အဆင်ပြေစွာလေ့လာနိုင်မည့်အပြင် နိုင်ငံတော်မှလည်းခရီးသွားကဏ္ဍမှ ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း တံတားကြီးသို့လာရောက်လည်ပတ်သူ ကိုကြည်စိုး က အကြံပြုပြောကြားသည်။

''အခုက တံတားကြီးပေါ်က ဖြတ်သန်းခွင့်မရှိတော့ဘူးဆိုတော့ လေ့လာချင်ရင် ရထားစီးပြီးသွားမှရတယ်။ ရထားကလည်း ဂုတ်ထိပ်မှာ အဆင်သင့်မရှိဘူး။ ပြင်ဦးလွင် ကထွက်လာတာဆိုတော့ အဆင်မပြေဘူး။ နောက်ပြီး ရထားငှားချင်ရင် နှစ်ရက်ကြိုပြီးငှားနေရတယ်။ မသိတဲ့ ခရီးသည်တွေက တံတားကြီးကိုလာ၊ ဒီရောက်တော့ ရထားကစောင့်ရနဲ့ အဆင်မပြေဘူး။ တံတားဟိုဘက် ဒီဘက် ၁ မိုင်ခရီးကို အပျော်စီးရထားတွေနဲ့ လွန်းပျံပြေးဆွဲပေး မယ်ဆိုရင် တော်တော်လေးအဆင်ပြေသွားမယ်''ဟု ၎င်းက ပြောသည်။

အဆိုပါလူ ၂ဝ ဆံ့ RGC ရထားမှာခရီးသည်တစ်ဦး လျှင်ငွေကျပ်၅ဝဝဝနှုန်းဖြင့် စင်းလုံးငှားပါက ငွေကျပ် တစ်သိန်းကျသင့်မည်ဖြစ်ကာ လူ၅ဝဆံ့ RBE ရထားမှာ စင်းလုံးငှားပါက ကျပ် ၂၅ သိန်း ကျသင့်မည်ဖြစ်သည်။

''တံတားကြီးကို လုံခြုံရေးအရမသွားရဘူးဆိုတော့ သူတို့သတ်မှတ်ထားတဲ့ နေရာကပဲ လေ့လာရပါတယ်။ တံတားကြီးကို ဖြတ်သန်းလေ့လာဖို့ လက်ရှိ စီစဉ်ပေးထားတဲ့ ရထားကလည်း တချို့ခရီးသည်တွေအတွက် အဆင်မပြေဘူး။ ခရီးသည်တော်တော်များများက ဂုတ်ထိပ်တံတားကြီးကို တိုက်ရိုက်လာကြတယ်။ ဒီရောက်မှ တံတားကို ဖြတ်သန်းလို့မရ၊ ရထားနဲ့ ကြည့်မယ် ဆိုတော့လည်း အဆင်မပြေ။ အပျော်စီးရထားတွေ ဂုတ်ထိပ်ကနေ စီစဉ် ပေးမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့်ကိစ္စပါ''ဟု လာရောက်လည်ပတ်သူ မဟေမာက သုံးသပ်ပြောဆိုသည်။

ဂုတ်ထိပ်တံတားကြီးကို ပြည်တွင်းပြည်ပဧည့်သည် အများအပြား လာရောက်လည်ပတ်လျက်ရှိရာ နွေရာသီကာလတွင် တစ်ရက်လျှင် ခရီးသည် ၁ဝဝဝ ကျော် လာရောက်ပြီး မိုးရာသီကာလတွင် ခရီးသည် ၂ဝဝ ကျော် လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
(အောင်ရဲသွင်)

No comments:

Post a Comment