Wednesday, August 31, 2016

အစိုးရသစ်၏ ပထမရက် (၁ဝဝ) နှင့်ပတ်သက်၍ ဆဋ္ဌမအကြိမ် သတင်းစာရှင်းလင်း




နေပြည်တော် သြဂုတ် ၃ဝ

အစိုးရသစ်၏ ပထမရက် (၁ဝဝ) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် ဆဋ္ဌမအကြိမ် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

စာရင်းနှင့် စာရင်းစစ်ပြပွဲ (၂ဝ၁၆)
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်ချုပ် ဦးမော်သန်းက ရက်(၁ဝဝ)အတွင်း လုပ်ငန်းစဉ် လေးခုဆောင်ရွက်ခဲ့ပါကြောင်း၊ စာရင်းနှင့် စာရင်းစစ်ပြပွဲ (၂ဝ၁၆)ကို ရန်ကုန်မြို့၌ ကျင်းပခြင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေးအဖွဲ့ အစည်းများ၊ အကြီးစားနှင့် အလယ် အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံများတို့ကို လိုက်နာ ကျင့်သုံးမှုအခြေအနေအား အစီရင်ခံတင်ပြခြင်း၊ အစိုးရကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရငွေစာရင်းထားနည်းစနစ်အား ငွေသားစီးဆင်းမှုအခြေခံမှ စေ့ရောက်မှု အခြေခံသို့ အဆင့်ဆင့်ကူးပြောင်းဆောင်ရွက်ခြင်းနှင့် ပုံမှန်စစ်ဆေးရေးအစီအစဉ် လုပ်ငန်းရပ်များကို တင်ပြခြင်းတို့ ဖြစ်ပါကြောင်း။
နမူနာကောက်ရွေးချယ်နည်း
စာရင်းနှင့်စာရင်းစစ်ပြပွဲကို ဇူလိုင် ၉ ရက် နှင့် ၁ဝ ရက်တို့တွင် အမျိုးသားဇာတ်ရုံ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ်အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံ တကာ ဘဏ္ဍာရေး အစီရင်ခံခြင်းစံများတို့ကို လိုက်နာကျင့်သုံးမှုအခြေအနေကို အစီရင်ခံတင်ပြရန် (International Financial Reporting) နှင့်ပတ်သက်၍ ဆောင်ရွက်နေပါကြောင်း၊ GIZ ဂျာမန်ကုမ္ပဏီကလည်း အထောက်အပံ့ပေးနေပါ ကြောင်း၊ ဆန်းစစ်မေးခွန်းလွှာများပြုစု၍ ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ အကြီးစားနှင့် အလယ်အလတ်စား အခွန်ထမ်းကုမ္ပဏီများ၏ နိုင်ငံ တကာဘဏ္ဍာရေး အစီရင်ခံခြင်း စံများ လိုက်နာကျင့်သုံးမှုအခြေအနေကို နမူနာကောက် ရွေးချယ်နည်းဖြင့် ရွေးချယ်ကာ လေ့လာစိစစ် သုံးသပ်မှုပြုလုပ်မည် ဖြစ်ပါကြောင်း။
ပွင့်လင်းမြင်သာမှုအားနည်း
အစိုးရကဏ္ဍ နိုင်ငံတကာစာရင်းစံများ လိုက်နာကျင့်သုံးမှုနှင့် အစိုးရငွေစာရင်း ထားနည်းစနစ်အား ငွေသားစီးဆင်းမှုအခြေခံမှ စေ့ရောက်မှုအခြေခံသို့ အဆင့်ဆင့် ကူးပြောင်းဆောင်ရွက်မှုဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပါက နိုင်ငံတွင် ပွင့်လင်း မြင်သာမှု၊ အားနည်းနေပါကြောင်း၊ ဒီအစိုးရလက်ထက်တွင် စွန့်စွန့်စားစားနှင့် မှတ်တိုင် တစ်ခုဖြစ်အောင် ကျင့်သုံးရန်ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အထူးမွမ်းမံသင်တန်းများအား ရပ်စဲခြင်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဗယ်လင်တိုင်းက ရက် ၁ဝဝ အတွင်း နိုင်ငံ့ ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေထုတ်ပြန်နိုင်ရေး၊ နည်းဥပဒေများ ထုတ်ပြန် နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြန်တမ်းဝင်အရာရှိဝင်ပေါက် ရာထူးရေးဖြေ စာမေးပွဲမေးခွန်း ပုံစံပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ပုံမှန် သင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများနှင့်စပ်လျဉ်း၍ သင်ကြားမှုပုံစံများ ပြောင်းလဲ ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများနှင့် ဘာသာရပ်ပို့ချချက်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ သင်ရိုးဇယားနှင့် သင်ရိုး ညွှန်းတမ်းများအား သုံးသပ်ခြင်းနှင့် အသစ်ပြန်လည်ရေးဆွဲခြင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(၂)ခုတွင်Civil Services Academy (CSA) များကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် Hanns Seidel Foundation ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ တည်ထောင်ရေး အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)ကို ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)ဟု အမည်ပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်းတံဆိပ် များသည် ခေတ်ကာလအားဖြင့် လျော်ညီမှုမရှိတော့ခြင်းကြောင့် တက္ကသိုလ် အမှတ်အသား Logo တံဆိပ်အသစ်၊ ဆောင်ပုဒ်အသစ်များ ပြင်ဆင်သတ်မှတ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးများ၏ အကဲဖြတ်မှတ်တမ်းနှင့် ရာထူးတိုးမြှင့်ပေး ရန် တန်းစီဇယားများစုစည်းစိစစ်ခြင်း၊အခြေခံဆရာ/ဆရာမများ၊ တက္ကသိုလ်/ ကောလိပ်ဆရာ/ဆရာများအတွက် (အထူးမွမ်းမံသင်တန်းများအား ရပ်စဲခြင်း) တို့ဖြစ်ကြောင်း။
ပြင်ဆင်ရမည့် ပုဒ်မများ
နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေထုတ်ပြန်နိုင်ရေးကိစ္စအတွက် ပြင်ဆင် ရမည့် ပုဒ်မများမှာ ပုဒ်မ ၅၈ မူလက ''ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက် မပြည့်သေးသော်လည်း အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက်ပြည့်သောအခါ နှစ်ပြည့် ပင်စင်ခံစားခွင့်ရှိသည်'' အစား ''ဝန်ထမ်းသည် အငြိမ်းစားယူရမည့် အသက်မပြည့် သေးသော်လည်း လုပ်သက် နှစ် ၃ဝ ပြည့်သောအခါ နှစ်ပြည့်ပင်စင် ခံစားခွင့်ရှိသည်''ဟူ၍ ဖြစ်ကြောင်း၊ ပုဒ်မ ၆၂ အနေဖြင့် မူလက ''အသက် ၅၅ နှစ် ပြည့်ပြီးဖြစ်သော ဝန်ထမ်းသည် အငြိမ်းစားယူနိုင်ခွင့်ရှိသည့် လုပ်သက် နှစ် ၃ဝ ပြည့်သောအခါ နှစ်ပြည့် ပင်စင် ခံစားခွင့်တောင်းခံလာပါက ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ''ဆိုသည့် စကားရပ် အစား ''ဝန်ထမ်းက ပုဒ်မ ၅၈ အရ နှစ်ပြည့်ပင်စင် ခံစားခွင့် တောင်းခံသည့်အခါ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ငြင်းပယ်ခြင်း မပြုရ''ဆိုသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးမျိုးအောင်နှင့် ဦးမြင့်ကြိုင်တို့က ရက်ပေါင်း ၁ဝဝ အတွင်း လုပ်ငန်းစဉ် ၁၃ ခု ချမှတ်ခဲ့ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခြောက်ခု ပါဝင်ပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန(၂)ခုကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်ခဲ့ပြီး ပုသိမ် မြို့၌ ဇူလိုင် ၁၆ ရက်နှင့် စစ်တွေမြို့၌ ဇူလိုင် ၂၉ ရက်တို့တွင် ဖွင့်လှစ်ပြီး ဖြစ်ပါကြောင်း။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြဝတီ၊ တာချီလိတ်နှင့် ထားဝယ်ဒေသတို့တွင် မြန်မာနိုင်ငံသား ၁၆၂ ဦးအား ပညာရှင်များဖြင့် သင်ကြားပို့ချပြီး ထိုင်းနိုင်ငံ သက်မွေး ပညာအသိအမှတ်ပြုလက်မှတ်များရရှိစေရန် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း အပါအဝင် ဒေသတွင်းလိုအပ်သည့် သင်တန်းခြောက်မျိုးပေးပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းကို ရက် ၁ဝဝ အတွင်းဆောင်ရွက်ခဲ့ပါကြောင်း။
လုပ်သားများ ကျွမ်းကျင်မှုအလိုက် ဝင်ငွေတိုးတက်ရရှိလာခြင်း၊ ကျွမ်းကျင် လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပါက ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာ-ထိုင်းနယ်စပ်တွင် စက်ရုံများ၊ လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆွဲဆောင် နိုင်မည် စသည့် အကျိုးကျေးဇူးများ မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

သက်သေခံကတ်ပြားထုတ်ပေးမှု
နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(National Verification Card)ထုတ်ပေးမှုမှာ သြဂုတ် ၂၆ ရက်အထိ တိုင်းဒေသကြီး၊ ပြည်နယ်တွင် စုစုပေါင်း ၇၉၅၇ ဦး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ၂၂၂၃ဦး၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းဆောင်ရွက်မှုမှာ သြဂုတ် ၂၆ ရက်အထိ လျှောက်လွှာလက်ခံရရှိမှု ၃၄၄၁ ဦး၊ မြို့နယ်မှ စိစစ်ပြီး ၃၁၇၆ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်မှ စိစစ်ပြီး၂၈၄၁ ဦး၊ ရုံးချုပ်သို့ တင်ပြမှု ၇၉ဝ နှင့် ဗဟိုအဖွဲ့သို့တင်ပြမှု ၁၈၇ဦး ရှိပါကြောင်း။
အမည်မည်းစာရင်း(Black List) ပယ်ဖျက်မှုမှာ မြန်မာနိုင်ငံသား ၂၄၈ ဦး နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦး ရှိပြီး ကျန်ရှိသည့် အမည်မည်းစာရင်းတွင် နိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး၊ နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့ရှိပါ ကြောင်း ပြောကြားသည်။

ဥပဒေမူကြမ်းများ စိစစ်အကြံပေး
ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ဥပဒေမူကြမ်း များ စိစစ်အကြံပေးခြင်းလုပ်ငန်းတွင် ဥပဒေမူကြမ်း ၃၅ ခု အနက် ၃ဝ ကို စိစစ်ပြီး ဥပဒေအကြံပြုနိုင်ခဲ့ပါကြောင်း၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း မူကြမ်းများအား စိစစ်အကြံ ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဥပဒေမူကြမ်း ၅၅ ခု အနက် ဥပဒေမူကြမ်း ၅၂ ခု ကို ဥပဒေအကြံပြု နိုင်ခဲ့ပါကြောင်း။
ဥပဒေဘာသာပြန်ဆိုခြင်းတွင် ဥပဒေ ၃၈ ခု အနက် ၂၄ ခု ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ အကြံပြုဖြေကြားခြင်းများ ပြုလုပ်ရာတွင် ဥပဒေ အကြံပြု ရှစ်ခုတွင် ခုနစ်ခုကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီး ဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးများက ပေးပို့လာသည့်MoU, MoA, LoI အစရှိသည့် သဘောတူညီချက်များ စိစစ်အကြံပြုခြင်း လုပ်ငန်း ပြီးစီးမှုအနေဖြင့် သဘောတူစာချုပ် ၁၃ဝ ကိုအကြံပြုနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင်တင်ပြမည့် လျှောက်လဲချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြ ပြီးစီးမှုအခြေအနေမှာ စီမံချက်ကာလအတွင်း သေဒဏ်အတည်ပြုမှု ခြောက်မှု၊ ရာဇဝတ်အယူခံမှု ၄၃ မှု၊ ရာဇဝတ် ပြင်ဆင်မှု ၆၅ မှု၊ ရာဇဝတ်အထွေထွေမှု တစ်မှု ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တရားသေလွှတ်မိန့် အယူခံမှုများ ကာလ စည်းကမ်း သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ရေးအတွက် ရာဇဝတ်အယူခံမှု ၆၆ မှု ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ပြင်ဆင်မှုများ အချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရေးအတွက် ပြင်ဆင်မှု ၂၆ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဥပဒေအကြံဉာဏ်ပေးခြင်း
တရားမစွဲမီဥပဒေအကြံဉာဏ်ပေးခြင်းကို အတည်ပြုခြင်းနှင့် ပြင်ဆင်ခြင်းတို့ အပေါ် စိစစ်ခြင်းလုပ်ငန်းပြီးစီးမှုမှာ ၁၈၅၈ မှု ဖြစ်ပြီး အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် ဝန်ကြီးဌာနများသို့ ဥပဒေအကြံÓဏ်ပေးခြင်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးများသို့ လမ်းòန်မှု ဥပဒေအကြံÓဏ်ပေးခြင်းလုပ်ငန်းတွင် ပြီးစီးမှု ၂၁ မှု ပြီးပြတ်အောင် ဆောင်ရွက်နိုင်ပါကြောင်း။
ဥပဒေရုံးအဆင့်ဆင့်၏ ရက် ၁ဝဝ စီမံချက်ဆောင်ရွက်ပြီးစီးမှုများမှာ ခြောက်လ အထက် ကြန့်ကြာမှုခင်းပြီးပြတ်မှုစီမံချက်တွင် ၆၃၆၂ မှုကို ပြီးစီးခဲ့ပြီး အမှုများ ရုပ်သိမ်း ခြင်းနှင့်စပ်လျဉ်း၍ ကြန့်ကြာမှုမရှိဘဲ အမြန်ပြီးပြတ်စေရေးတွင် ၂၃ဝ၁ မှု ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်များကို ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

စာရင်းနှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများ
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက စာရင်းနှင့်ပတ်သက်၍ ပြုပြင် ပြောင်းလဲမှုများကို မည်သည့်နည်းလမ်းများနှင့် ကြိုးစားဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် စာရင်းနှင့် ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတော်ကဏ္ဍဟူ၍ ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများနှင့်ပတ်သက်၍ နိုင်ငံတကာစာရင်းစစ်စံများ လက်ခံကျင့်သုံးရန် ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းသည် လုပ်ငန်းသစ်မဟုတ်ပါကြောင်း၊ ယခင်ကတည်းက ကမ္ဘာ့ဘဏ်အပါအဝင် အဖွဲ့အစည်းများမှ ရေးဆွဲထားပါကြောင်း၊ ကုမ္ပဏီများ၏ စာရင်းစံနှင့်ပတ်သက်၍ က္ဘာ့ဘဏ်အစီရင်ခံစာတွင် အလွန်အားနည်း သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် စာရင်းစံများ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဏ္ဍတွင် ငွေသားစီးဆင်းမှုကို အခြေခံ၍ ဆောင်ရွက်နေ ပါကြောင်း၊ အဆိုပါ အခြေခံစနစ်မှ International Public Sector Accounting Standard တစ်နည်းအားဖြင့် ငွေသားစီးဝင်မှုနှင့် စီးထွက်မှုသာမက သက်ဆိုင်ရာ အစိုးရဌာနများ၏ ပိုင်ဆိုင်မှုနှင့် အရှုံးအမြတ်အပါအဝင် ငွေသားစီးဆင်းမှုအဆင့်မှ စေ့ရောက်မှုအဆင့်ထိရောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ တွင် စတင်ဆောင်ရွက်သည့်အဆင့်၌သာ ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် လိုအပ် သည့်အချက်အလက်များ တောင်းထားသည့်အဆင့်တွင် ရှိပါကြောင်း၊ ယခုဆောင်ရွက်မှု သည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အကြီးအကျယ် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ယင်းလုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်သည့်အဆင့်တွင် အတော် များများရှိပါကြောင်း၊ မိမိတို့အနေဖြင့် စတင်ဆောင်ရွက်နေခြင်းဖြစ်၍ မည်သည့် အချိန်တွင် ပြီးစီးမည်ကို ဖြေကြားနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက တပ်မတော်မှ အရာရှိများ ကို အရပ်ဘက်သို့ ပြောင်းလဲခန့်အပ်ရန် ရှိ မရှိနှင့်ပတ်သက်၍ မေးခွန်းကို ဖြေကြား ရာတွင် ဌာနတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် လုပ်ငန်းများ ရှိပါကြောင်း၊ တပ်မတော်မှ ဝန်ထမ်းအဖွဲ့အစည်းများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် မှုများရှိသော်လည်း စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ရသည့်အပြင် သက်ဆိုင်ရာဌာန က လက်ခံမှုရှိရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီမှုကိုလည်း လိုအပ်ပါကြောင်း၊ ဌာနများ တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မှုသည် ဆက်လက်ရှိမည်ဖြစ်သော်လည်း အကန့်အသတ် အများ ကြီးရှိပါကြောင်း ဖြေကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အနိမ့်ဆုံးလုပ်ခလစာ၊ ခုံသမာဓိကောင်စီတို့နှင့်ပတ်သက်၍ မေးမြန်းမှုကို ဖြေကြားရာတွင် အနည်းဆုံးအခကြေးငွေကို ၂ဝ၁၄ ခုနှစ်က ငွေ$ကျပ် ၃၆ဝဝ သတ်မှတ်ထားပါကြောင်း၊ အနည်းဆုံးအခကြေးငွေသည် အလုပ်သမား ပြည်သူ ၏ နေထိုင်စားသောက်မှုကုန်ကျစရိတ်ကို အခြေခံပါကြောင်း၊ လောလောဆယ် ပြင်ဆင်ရန် မရှိသေးပါကြောင်း၊ ခုံသမာဓိကောင်စီတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရဆိုသည့် သုံးပွင့်ဆိုင်ဖွဲ့ထားပါကြောင်း ဖြေကြားသည်။

အလုပ်အကိုင်အခွင့်အလမ်း
ပြည်ပအလုပ်အကိုင်ကိစ္စနှင့်ပတ်သက်၍ ဦးမျိုးအောင်က ဖြေကြားရာတွင် အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် အိမ်တွင်းအထောက်အကူ လုပ်ငန်းများ လုပ်မည်ဆိုလျှင် ဟောင်ကောင်တွင် ဒေါ်လာ ၅ဝဝ ကျော်ရပြီး စင်ကာပူသွားလျှင် ဒေါ်လာ ၄ဝဝ ကျော်ရကြောင်း၊ ကိုယ့်နိုင်ငံထဲတွင် တချို့ဘွဲ့ရသူများ ထိုဝန်းကျင် မရရှိ ကြကြောင်း၊ ထို့အတွက် စဉ်းစားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အချိန်မရွေးပြောနိုင်
အလုပ်သမားအဖွဲ့များဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဖြေကြားရာတွင် အလုပ်သမား ဥပဒေတွင် အတိအကျပြဋ္ဌာန်းထားရှိပါကြောင်း၊ အခြေခံအဖွဲ့အစည်းပြီးလျှင် မြို့နယ် အဖွဲ့၊ ပြီးမှ ပြည်နယ်နှင့်တိုင်း ရှိပါကြောင်း၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့်အဖွဲ့ရှိ လျှင် အချိန်မရွေးပြောနိုင်ပါကြောင်း ဖြေကြားသည်။
အမြန်ဆုံး နှစ်ရက်၊ နောက်အကျဆုံးတစ်ပတ်
တိုင်ကြားစာနှင့် အသနားခံစာများကိစ္စ၊ အမှုများ အမြန်ပြီးပြတ်အောင် စစ်ဆေး ဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိ မရှိနှင့်ပတ်သက်၍ မေးခွန်းကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ဖြေကြားရာတွင် တိုင်ကြားစာ၊ အသနားခံစာ များနှင့်ပတ်သက်ပြီး သမ္မတရုံး၊ အစိုးရအဖွဲ့ရုံးတို့က ရှေ့နေချုပ်ရုံးသို့ သဘောထား မှတ်ချက် တောင်းပါကြောင်း၊ အမြန်ဆုံး နှစ်ရက်အတွင်းနှင့် နောက်အကျဆုံးတစ်ပတ် အတွင်း ပြန်ကြားပေးပါကြောင်း။

ဥပဒေနှင့်အညီ စစ်ဆေး
ပြစ်မှုနှင့် ပတ်သက်လျှင် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေအရ ခြောက်လ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည် ဆိုသည့် ညွှန်ကြားချက် ရှိပါကြောင်း၊ သို့သော် အမှုတစ်မှုဖြစ်ခဲ့လျှင် Process များ အများကြီး ရှိပါကြောင်း၊ စစ်ဆေးသည့် ကိစ္စတွင်လည်း ဥပဒေနှင့်အညီ စစ်ဆေးရပါကြောင်း၊ တရားစွဲ အဖွဲ့အစည်းများ၊ ဥပဒေ အရာရှိများ၊ တရားရုံးများ၏ ဆောင်ရွက်ချက်ကြောင့်သာ မဟုတ်ဘဲ ဖြစ်ပေါ်နေ သည့် ပြစ်မှုဆိုင်ရာ စစ်ဆေးသည့်နည်းလမ်းများတွင် ဥပဒေအရ ခံစားခွင့်များကို ကြားဖြတ် အမိန့်များရှိသည့်အတွက်ကြောင့်လည်း ကြန့်ကြာနိုင်ပါကြောင်း ဖြေကြား သည်။
(သတင်းစဉ်)

No comments:

Post a Comment