Wednesday, August 31, 2016

(၂၁) ရာစုပင်လုံညီလာခံ ပြည်သူအများ သောင်းသောင်းဖြဖြ ချီတက်ထောက်ခံ

သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

ရန်ကုန် သြဂုတ် ၃ဝ

ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်ကဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကို ကြိုဆိုထောက်ခံသောအားဖြင့် လူထုချီတက် ထောက်ခံပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်၌ကျင်းပခဲ့ရာ ချီတက်ထောက်ခံ သူများ၊ ကြည့်ရှုလေ့လာသူများဖြင့် အထူးစည်ကားလှသော လူထုထောက်ခံ ပွဲကြီးတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ လူထုချီတက်ထောက်ခံပွဲကို ကုန်သည်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်မှ စတင်ထွက်ခွာလာရာ ယင်းမှတစ်ဆင့် မဟာဗန္ဓုလလမ်းအတိုင်း ဆူးလေစေတီတော်ဆီ ဦးတည်ချီတက်လာပြီး မြို့တော်ခန်းမရှေ့ရင်ပြင်တွင် အဆုံးသတ်ကာ အစီအစဉ်များ အတိုင်း ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းလူထု ချီတက်ထောက်ခံပွဲတွင် ''တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ဆိုရင် သူမနာ ကိုယ်မနာ လမ်းစဉ်က အကောင်းဆုံးပဲ'' ဟူသော စာတန်းပါ သခင် ကိုယ်တော်မှိုင်း၏ ဆိုင်းဘုတ်၊ ငြိမ်းချမ်းရေးဗိသုကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်၏ဆိုင်းဘုတ်နှင့် ''ပြည်ထောင်စုကို ထူထောင်ကြမယ်ဆိုရင် ဘာရမလဲဆိုတာ ထက် ဘာပေးရမလဲဆိုတာကို အခြေခံပြီးစဉ်းစား ရလိမ့်မယ်'' ဟူသော စာတန်းပါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဆိုင်းဘုတ်ကြီးများကို ကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ချီတက်ခဲ့ကြသည်။
''(၂၁) ရာစုပင်လုံညီလာခံကြီးအား ထောက်ခံကြ၊ ဝိုင်းရံ ကြ''၊ ''စစ်ပွဲတွေ ချက်ချင်း ရပ်-ချက်ချင်းရပ်''၊ ''တန်းတူအခွင့် အရေးဆောင်ရွက်ပေး၊ ဆောင်ရွက်ပေး'' ဟူသော ကြွေးကြော်သံများ သံပြိုင်ရွတ်ဆို၍ ချီတက်ထောက်ခံခဲ့ကြသည်။

အဆိုပါ ချီတက်ထောက်ခံပွဲတွင် ငြိမ်းချမ်းရေးတက်ကြွ လှုပ်ရှားသူ ဦးမိုးသူက ''အစိုးရသစ်ရဲ့ အပြောင်းအလဲတွေထဲမှာ ဒီအပြောင်းအလဲက အကြီးမားဆုံးပြောင်းလဲမှု တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟာ ကျွန်တော်တို့နိုင်ငံအတွက်တော့ အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် ဒီညီလာခံကြီးကို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ထောက်ခံအားပေးနေကြတာဖြစ်ပါတယ်'' ဟု ပြော ကြားသည်။
အလားတူ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက် လုပ်ငန်းကော်မတီဖော်ဆောင် ရေးတာဝန်ခံ ကိုမြတ်ကျော်က ''ကျွန်တော်တို့အနေနဲ့ မျက်လုံးစုံမှိတ်ပြီး မျက်ကန်း ထောက်ခံနေခြင်းမဟုတ်ပါဘူး။ ပြည်သူလူထုက တိုင်းပြည်အမှန်တကယ် ငြိမ်းချမ်းစေ ချင်လှပါပြီ။ ရာစုနှစ်ဝက်ကျော် သွေးမတိတ်တဲ့အနာ ပြည်တွင်းစစ်ကြီး ရပ်စဲစေချင် လှပါပြီ။ ဒီအတွက် ပြည်သူအားလုံးနဲ့အတူ လှိုက်လှိုက်လှဲလှဲကြီးကို ထောက်ခံကြိုဆို တာပါ'' ဟု ပြောကြားသည်။ ထောက်ခံပွဲတွင် ကြည့်ရှုသူများအပါအဝင် လူပေါင်း တစ်ထောင်ခန့်ရှိသည်။
လူထုချီတက်ထောက်ခံပွဲ ချီတက်လာကြသူများသည် မြို့တော်ခန်းမရှေ့၌ မြန်မာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ မြန်မာ့ငြိမ်းချမ်းရေး၊ က္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့သော၊ ကြိုးပမ်းဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များအား ဂုဏ်ပြုဦးညွှတ်၍ တစ်မိနစ်ငြိမ်သက်ခြင်း၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၏ (၂၁) ရာစု ပင်လုံညီလာခံအား ကြိုဆိုထောက်ခံသည့်ကြေညာချက်အား ဖတ်ကြား ခြင်း၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ ဦးဆောင် ကော်မတီဝင် ဦးသိန်းကြည် (ခေါ်)ကဗျာဆရာ သူရဇ္ဈာန်က ငြိမ်းချမ်းရေးကဗျာဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေးစကား များ ဟောပြောခြင်းတို့ဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

No comments:

Post a Comment