Tuesday, August 2, 2016

တရားမဝင် နေထိုင်သူ မြန်မာနိုင်ငံသားများအား တရုတ်အစိုးရက ပြန်လည်လွှဲအပ်




The Mirror Daily's photo.
မူဆယ် သြဂုတ် ၁

တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၆၈၁ ဦးကို မြန်မာပြည်သို့ ဇွန် ၂၆ ရက်မှ ဇူလိုင်၂၈ရက်ထိ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား ၅၆၂ ဦးနှင့် အမျိုးသမီး ၁၁၉ ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ ကိုင်ဆောင်ထားခြင်းမရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ နန်းတော်နယ်ခြားဂိတ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ ရေးဌာနခွဲအမှတ်(၇) မူဆယ်ရုံးအဖွဲ့လဝကမှူးဦးဇော်လင်းထံသို့ လွှဲပြောင်းပေးခဲ့ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လက်ခံခဲ့ပြီးမူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးသန်းထိုက်၏ လမ်းညွှန်ကြီးကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ မြို့နယ်လဝကစသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများက အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစိုးသန်းသည် ရောက်ရှိလာသူများ ပြစ်မှုကင်းရှင်းခြင်း ရှိ၊ မရှိစုံစမ်းရာတွင် နေရပ်ပြန်မည့် ခရီးစဉ် နှောင့်နှေးမှုမရှိစေရန် အလေးထား၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ ချိတ်ဆက်မေးမြန်းခဲ့သည်။


တစ်ဖက်နိုင်ငံတွင် ယခုကဲသို့ဖမ်းဆီးခံရသည့် ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ နိုင်ငံသားတစ်ဦးအနေဖြင့် ဆက်သွယ်စုံစမ်း လေ့လာသင့်ကြောင်း မိမိတို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့လည်း လာရောက်အကူအညီ တောင်းနိုင်ကြောင်း ပြောကြားကာ နေရပ်ပြန်သူများအား လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
တရုတ်နိုင်ငံ မန်စီမြို့၊ ရွှေလီမြို့နှင့် ကြယ်ဂေါင်ရှိ မြန်မာနိုင်ငံသားအများစုသည် အထည်စက်ရုံ၊ စီးကရက်စက်ရုံ၊ အထပ်သားစက်ရုံ၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်း၊ အရောင်းဆိုင်နှင့် ကုန်တင်ကုန်ချစသဖြင့် လုပ်ငန်းပေါင်းစုံ၌ တရားဝင်နေထိုင်ခွင့် လက်မှတ်များဖြင့် တရားဝင်နေကြသူများရှိသကဲ့သို့ တရားမဝင် နေထိုင်သူများလည်းရှိကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနခွဲအမှတ်(၇) ဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်ကပြောကြားခဲ့ပြီး ရွှေလီရဲစခန်းဌာနမှူး ရဲမှူးကြီး ကူပင်းအား ထပ်မံလွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။
ဆရာမောင်(မူဆယ်)

No comments:

Post a Comment