Tuesday, August 30, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အားပေး

နေပြည်တော် သြဂုတ် ၂၉

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှ ဂီတပညာရှင် ၉၅ ဦး ပါဝင်သောThe Thailand Philharmonic Orchestra (TPO)ဂီတဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု အားပေးသည်။
ဖျော်ဖြေပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက် ကြည့်ရှုကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် ဂီတပညာရှင်များနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ထို့နောက် ဂီတအဖွဲ့မှ မြန်မာနိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုတီးခတ်၍ အခမ်းအနား စတင် ဖွင့်လှစ်ကာ မန်းတောင်ရိပ်ခိုသီချင်း နှင့် ထိုင်းရိုးရာဂီတသံစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂီတပညာရှင်များအား ဂုဏ်ပြုပန်းစည်း ပေးအပ်သည်။

အဆိုပါTPO နယ်လှည့်ဖျော်ဖြေပွဲကြီးသည် ဗန်ကောက်မြို့Mahidol ဂီတ တက္ကသိုလ်၊ ထိုင်းသံရုံး၊ မြန်မာ၊ ဂျာမန်သံရုံးနှင့်Goethe-Institute ဂျာမန်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းတင်ဆက်သည့်ပွဲဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုအထိမ်းအမှတ်အပြင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက် ထီးနန်းရခြင်းအထိမ်းအမှတ်နှင့် သြဂုတ် ၁၂ ရက်တွင် ကျရောက်သော ထိုင်း ဘုရင်မကြီး သီရိခေတ် မွေးနေ့အထိမ်းအမှတ်ပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment