Tuesday, August 30, 2016

ပြိုင်ဘက်တွေကို ကျော်ဖြတ်ဖို့ခက်ခဲမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးတို့ရဲ့ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ


မိုးမြင့်လင်းလက်

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဇုန်အလိုက် ကျင်းပနေပြီဖြစ်လို့ ဒီတစ်ပတ် ကြားရက်ဖြစ်တဲ့ စက်တင်ဘာ ၂ ရက်မှာတော့ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေ ကစားဖို့ ရှိနေပါတယ်။ ခြေစစ်ပွဲအောင်ဖို့ အပြိုင်အဆိုင်အားထုတ်နေကြတဲ့ တောင်အမေရိကအသင်းတွေရဲ့ ယှဉ်ပြိုင်မှုကတော့ ရင်ခုန်စရာပါပဲ။ လောလောဆယ် ခြောက်ပွဲကစားပြီး ချိန်မှာ ဥရုဂွေး၊ အီကွေဒေါနဲ့ အာဂျင်တီးနားအသင်းတွေက အခြေအနေကောင်းနေတာတော့ အမှန်ပါပဲ။

အာဂျင်တီးနားနှင့် ဥရုဂွေး
တောင်အမေရိကဇုန်ခြေစစ်ပွဲ ခြောက်ပွဲအပြီးမှာ ဥရုဂွေးအသင်းက လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ ၁၃ မှတ်ရရှိနေပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အာဂျင်တီးနားတို့က ခြောက်ပွဲကစား၊ သုံးပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးနဲ့ ၁၁ မှတ်ရရှိပြီး တတိယနေရာမှာ ရှိနေ ပါတယ်။ အာဂျင်တီးနားရဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲ ရလဒ်ကိုကြည့်ရင် ချီလီကို ဂိုးမရှိသရေဖြစ်ခဲ့ပြီး အမေ ရိကန်နဲ့ ဗင်နီဇွဲလားအသင်းတွေကို ဂိုးပြတ်သွင်း နိုင်ပွဲ ရထားပါတယ်။ ဥရုဂွေးတို့ကလည်း ဂျမေကာအသင်းကို နိုင်ပေမယ့် မက္ကဆီကိုကိုရှုံးထားတာမို့ ဒီပွဲမှာ ခက်ခဲပါ လိမ့်မယ်။ ဒီနှစ်သင်းတွေ့ဆုံမှုနောက်ဆုံးသုံးပွဲရလဒ်ကို ကြည့်ရင် အာဂျင်တီးနားတို့ချည်း နိုင်ပွဲတွေရယူထား တာမို့ အခုပွဲမှာလည်း အာဂျင်တီးနားတို့ သုံးမှတ်အပြည့် ရယူမယ့်ပွဲပါ။

အီကွေဒေါနှင့် ဘရာဇီး
အီကွေဒေါအသင်းဟာ ခြောက်ပွဲကစားပြီးချိန်မှာ ၁၃ မှတ်ရရှိပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ အိုလံပစ်ချန်ပီယံ ဘရာဇီးတို့ကတော့ ခြောက်ပွဲကစား၊ ကိုးမှတ်ရရှိနေတာမို့ ဆဋ္ဌမနေရာကို ရောက်နေပါတယ်။ ဘရာဇီးကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဘရာဇီးတို့ တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့တာကြောင့် အခုပွဲအဝေးကွင်းဖြစ်နေလို့ စိတ်ပူစရာပါပဲ။ အနိုင်ကစားမှရမယ့် ဘရာဇီးတို့ဟာ ဒီပွဲ ကို ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာမှာ သေချာပါ တယ်။ နေမာဦးဆောင်တဲ့ ဘရာဇီးတိုက်စစ်က ဂိုးခြေ မြူးရင်တော့ အီကွေဒေါကို အနိုင်ရဖြတ်ကျော်နိုင်ပေ မယ့် အမှားအယွင်းလည်းနည်းအောင် ကစားတတ်တဲ့ အီကွေဒေါခံစစ်ကြောင့် ဘရာဇီးတို့ ထင်တိုင်းမပေါက် နိုင်ပါဘူး။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံ ခဲ့တဲ့ သုံးပွဲ ရလဒ်ကိုကြည့်ရင် ဘရာဇီးက နှစ်ပွဲနိုင်ပြီး တစ်ပွဲသရေ ဖြစ်ထားပါတယ်။ မဖြစ်မနေနိုင်ပွဲရမှ အခြေအနေ ကောင်းမယ့် ဘရာဇီးရဲ့ စွမ်းဆောင်ရည်ကပဲ အနိုင်ကို ပုံဖော်သွားမယ်လို့ ယုံကြည်ပါတယ်။

ပါရာဂွေးနှင့် ချီလီ
အဆင့်(၄) နေရာမှာ ရှိနေတဲ့ ချီလီအသင်းဟာ နောက်ဆုံးငါးသင်းစာရင်းဝင်ဖို့ အကြိတ်အနယ်ကြိုးစား လာမယ့် ပါရာဂွေးကို ခက်ခဲစွာရင်ဆိုင်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပါရာဂွေးတို့ အမေရိကန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားပြီး ကိုလံဘီယာအသင်းကိုလည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားပါတယ်။ ကော်စတာရီကာ အသင်းကိုတော့ ဂိုးမရှိသရေပွဲဖြစ်ထားတာမို့ အခုပွဲမှာ ချီလီကို ခြေကုန်ထုတ်မှရပါလိမ့်မယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးပွဲ တွေ့ဆုံမှုမှတ်တမ်းကိုကြည့်ရင် ချီလီက နှစ်ပွဲနိုင်ပြီး ပါရာဂွေးက တစ်ပွဲနိုင်ထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ချီလီတို့ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။

ဘိုလီးဗီးယားနှင့် ပီရူး
နှစ်သင်းစလုံး ခြေစစ်ပွဲအောင်ဖို့ ခက်ခဲနေပြီဖြစ်ပါ တယ်။ ပီရူးက ခြောက်ပွဲကစားပြီး လေးမှတ်ရကာ အဋ္ဌမ နေရာမှာရှိနေသလို ဘိုလီးဗီးယားတို့ကလည်း ခြောက်ပွဲ ကစားပြီးချိန်မှာ သုံးမှတ်သာရရှိထားပါတယ်။ ဒီနှစ်သင်း ဆုံတိုင်း သရေပွဲ များနေတတ်ပေမယ့် လောလောဆယ် မှာ အာဂျင်တီးနား၊ ချီလီ၊ ပနားမားအသင်းတွေကို ဆက်တိုက်ရှုံးနေတဲ့ အိမ်ရှင်တို့ သိပ်တော့မလွယ်ပါဘူး။ ပီရူးတို့ပဲ နိုင်ပွဲရသွားပါလိမ့်မယ်။

ကိုလံဘီယာနှင့် ဗင်နီဇွဲလား
ခြေစစ်ပွဲအောင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ ကိုလံဘီယာတို့ဟာ ဒီပွဲမှာ ဗင်နီဇွဲလားကို အသာစီးရ အောင် အားထုတ်ပါလိမ့်မယ်။ ကိုလံဘီယာအသင်းဟာ လောလောဆယ် ချီလီကို နှစ်ဂိုးပြတ်ရှုံးပြီး အမေရိကန် ကို တစ်ဂိုး-ဂိုးမရှိနဲ့နိုင်ကာ ပီရူးကို ဂိုးမရှိသရေကစား ထားပါတယ်။ ဗင်နီဇွဲလားရဲ့ ခြေစွမ်းကလည်း ဥရုဂွေးကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားခဲ့ပေမယ့် အာဂျင်တီးနားကို လေးဂိုး-တစ်ဂိုးနဲ့ရှုံးကာ မက္ကဆီကိုအသင်းကို တစ်ဂိုးစီ သရေပွဲဖြစ်ထားပါတယ်။ ဒီပွဲမှာ ခြေစစ်ပွဲအောင်ဖို့ မဖြစ် မနေနိုင်ပွဲလိုအပ်နေတဲ့ ကိုလံဘီယာတို့ ခြေကုန်ထုတ် ကစားပြီး အောင်ပွဲခံသွားပါလိမ့်မယ်။ ။

No comments:

Post a Comment