Tuesday, August 2, 2016

အထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်သော မသန်စွမ်းကလေးများအား ပြုစုပျိုးထောင်သင်ကြားပေးမည့် ဆရာ ဆရာမများ မွေးထုတ်ပေးလျက်ရှိ




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၁

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော မသန်စွမ်းကလေးများအား ပြုစုပျိုးထောင် သင်ကြားပေးမည့် ဆရာ ဆရာမများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန University of Wolverhampton(UK), With Love All Things Are Possible Charity(UK) နှင့် မြန်မာ နိုင်ငံအထူးပညာရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဆင်းပွဲကို ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ရန်ကုန်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးဆက်အောင်က ''လူမှုဝန်ထမ်းကဖွင့်တဲ့ မသန်စွမ်းသက်ကြီး၊ သက်ငယ်ကျောင်းတွေမှာလည်း ပြုစုစောင့်ရှောက်မှုတွေ လုပ်နေပါတယ်။ မသန်စွမ်းတွေက အမျိုးမျိုးရှိတော့ အားလုံးကို လိုက်လျောညီထွေစွာ ပြုစုနိုင်ဖို့အတွက် သင်တန်းက အနည်းဆုံး ခြောက်လလောက်သင်ရတာတွေရှိတယ်။ ဒီကလေးတွေက သာမန်ထက် ပိုဂရုစိုက်ပေးရတယ်။ နည်းနည်းခက်တယ်။ အခုလို သင်တန်းတွေပေးတာ နိုင်ငံခြားက ပညာရှင်တွေက ပြန်ပြီးမျှဝေတာ လက်ခံရမှာ ပါ''ဟု ပြောသည်။

အထူးဂရုပြု စောင့်ရှောက်ရန်လိုအပ်သော ကလေးများအား ပြုစုပျိုးထောင်သင်ကြားပေးမည့် ဆရာဖြစ်သင်တန်း အစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းပြုလုပ်ခွင့်ချပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ သင်တန်းပြုလုပ်ရန်နေရာနှင့် ရုံးလုပ်ငန်းဆောင်ရွက်နိုင်ရန်နေရာ ပံ့ပိုးကူညီပေးခြင်းတို့ ပြုလုပ်ခဲ့ပြီး University of Wolverhampton(UK) မှ သင်တန်းတွင် အသုံးပြုသည့် သင်ရိုးညွှန်းတမ်းများနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အထူးပညာရေးအသင်းမှ မြန်မာနိုင်ငံဆိုင်ရာ သင်တန်းညှိနှိုင်းရေးမှူး ဦးဒေးဗစ်ဇော်ဒိမ်က ''မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ် လူဦးရေ စစ်တမ်းအရ ဥာဏ်ရည်မသန်စွမ်းကလေးတွေက ၁ ဒသမ ၇ သန်းရှိ တယ်လို့ ဖော်ပြထားတယ်။ ဒီလောက်များတဲ့ ဥာဏ်ရည် မသန်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ ဆရာ ဆရာမတွေ အများကြီးလိုတယ်။ ၂ဝ၁၅ ပညာသင်ကာလမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အထူးပညာရေး အသင်းအနေနဲ့ အထူးဂရုပြုစောင့်ရှောက်ရန်လိုအပ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ့် သင်တန်းကျောင်း ပရဟိတ ကျောင်းတွေကို စာရင်းကောက်လိုက်ရင် ၄၂ ကျောင်းထက် မပိုဘူး။ အဲဒီကျောင်းတွေကလည်း ရန်ကုန်မှာ ၈ဝ ရာခိုင်နှုန်းလောက်ဖွင့်ထားတယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သင်တန်းကျောင်းတွေမရှိသလောက်ပဲ။ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီသင်တန်းတွေ ဖွင့်လှစ်သွားဖို့ရှိပါတယ်''ဟု ပြောသည်။

'' မသန်စွမ်းကလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့စွမ်းရည်တွေရှိတယ်။ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆရာမတွေက မသင်ကြားတတ် ရင် ပိုဆိုးသွားမယ်။ နည်းစနစ်တွေကို ဆရာမတွေ သိဖို့လိုတယ်။ သင်တန်းက အပိုင်းခြောက်ပိုင်းရှိတယ်။ အထူးပညာသင်ရမယ့်ကလေးကို ဘယ်သူမှ မသင်ချင်ဘူး။ ဒီကလေးမှာ လိုအပ်ချက်ရှိရင် ဘယ်သူကမှ လက်မခံချင်ဘူး။ သာမန်ပဲဖြစ်ဖြစ်၊ အထူးပဲဖြစ်ဖြစ် တန်းတူပညာ သင်ကြားနိုင်ဖို့အတွက် နည်းပညာပို့ချပေးတာပါ။ ဒီကလေးတွေကို ပြုစုပျိုးထောင်ပေးဖို့ ဆရာမတွေ မွေးထုတ်ပေးတာပါ''ဟု မြန်မာနိုင်ငံ အထူးပညာရေး အသင်းမှ နည်းပြဌာနမှူး ဒေါ်ကြေးမုံဝင်းက ပြောသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၄ ဦး အား အောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးများအား ပြုစုပျိုးထောင်မည့် ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့တွင် သုံးကြိမ်၊ မန္တလေးမြို့တွင် တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ဆရာ ဆရာမ ၁၁၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

(သီသီမင်း)

No comments:

Post a Comment