Tuesday, August 2, 2016

ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ဧရာဝတီမြစ်ရေဝင်၍ ကျောင်းပိတ်ထားရ



The Mirror Daily's photo.


မန္တလေး သြဂုတ် ၁

မန္တလေး(ဧရာဝတီ)ဆိပ်ကမ်းတွင် ဇူလိုင် ၃ဝ ရက်မှစ၍ မြစ်ရေမြင့်တက်မှုမှာ စိုးရိမ်ရေအမှတ် ကျော်လွန်ခဲ့ပြီးနောက် ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း လေးပေခွဲကျော် ရေဝင်ရောက်ခဲ့သဖြင့်(ဝဲပုံ) စာသင်ကြားခြင်းမပြုနိုင် သောကြောင့် ယနေ့မှစတင်၍ ခေတ္တကျောင်းပိတ်ထားရကြောင်း သိရသည်။

''စာသင်လို့ မရတော့တဲ့အခြေအနေကြောင့် ခေတ္တပိတ်ထားလိုက်တာပါ။ အရင်ရေကြီးတုန်းက တစ်လက်မ၊ နှစ်လက်မ တဖြည်းဖြည်းတက်လာပြီး တစ်ရက် နှစ်ရက်နေ ရေပြန်ကျတယ်။၂ဝဝ၇ ခုနှစ်တုန်းကလည်း တစ်ကြိမ် ကျောင်းပိတ်ရ တဲ့အထိ ရေဝင်ခဲ့ဖူးပါတယ်'' ဟု ရတနာပုံတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုတ ကပြောသည်။

အဆိုပါတက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားပေါင်း ၂၅ဝဝဝ ကျော်နှင့် ဆရာ ဆရာမများ၊ ပတ်ဝန်းကျင်ရပ်ကွက်နေထိုင်သူများအပါအဝင် ၃ဝဝဝဝ ခန့် ရေဘေးသင့်ခံနေရသည်ဟု ပြောနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

ရတနာပုံတက္ကသိုလ်တွင်၂ဝဝ၇ ခုနှစ် ဇူလိုင် ၃ဝ ရက်က စတင်ရေဝင်ခဲ့ပြီး သြဂုတ် ၆ ရက်မှ ၁ဝ ရက်အထိ ငါးရက်ကြာ ကျောင်းပိတ်ခဲ့ရကြောင်း၊ ထိုနှစ်သြဂုတ် ၅ ရက်က ဧရာဝတီမြစ်ရေသည် ၂၃၂ ဒသမ ၅၈ ပေ (၁၃၁၆ စင်တီမီတာ)ရှိခဲ့ပြီး ယခုဖြစ်စဉ်မှာ ရေဝင်ရောက်မှုကြောင့် ဒုတိယအကြိမ် တက္ကသိုလ်ပိတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

''နောက်ရက်ကစပြီး မြစ်ရေကျတော့မယ် ဆိုပေမယ့် စိုးရိမ်ရေအမှတ်အထက်တော့ ရှိနေဦးမယ်။ သြဂုတ် ၁ ရက်မှာ မြစ်ရေက မနက်ပိုင်းကစပြီး တန့်ခံနေတယ်။ တိုးမလာဘူး။ မန္တလေး အထက်ပိုင်းက သပိတ်ကျင်းမှာ မြစ်ရေကျနေပြီ''ဟု မိုး/ဇလ(မန္တလေး)ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ကပြောသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ် ၁ ရက်တွင် ၂၃၂ ဒသမ ၈၇ ပေ (၁၃၂၅ စင်တီမီတာ)တွင် ရပ်တန့်နေပြီး မန္တလေးနှင့် စစ်ကိုင်းတို့တွင် စိုးရိမ်ရေအမှတ်အထက် နှစ်ပေခန့်စီရှိနေကြောင်း၊ နောက်ရက်တွင် မြစ်ရေကျဆင်းမှာဖြစ်သော်လည်း စိုးရိမ်ရေအမှတ်များအထက် ဆက်လက်ရှိနေဦး မည်ဟုခန့်မှန်းထားကြောင်း ဆက်လက်ပြောကြားသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment