Tuesday, August 30, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီစည်းဝေး



 
 
နေပြည်တော် သြဂုတ် ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ပူးတွဲကျင်းပ ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြည်သူများ ဝမ်းမြောက် ပျော်ရွှင်စွာ မျှော်လင့်ချက်အပြည့်ဖြင့် ကြိုဆိုနေကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ နိုင်ငံရေးခေါင်း ဆောင်များ၊အစိုးရအဖွဲ့မှ တာဝန်ရှိသူများ နှင့် လက်တွဲဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက (၂၁) ရာစုပင်လုံ ညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံးက ဆန္ဒရှိပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်နေကြပါကြောင်း၊ ထို့ကြောင့် ပူးတွဲကျင်းပရေးကော်မတီတွင် အဓိက တာဝန်ရှိနေပါကြောင်း၊ ယခု ညီလာခံ ပြီးမြောက်ပါက နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့မျှော်လင့်နေသည့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အခြေခံ ပြဿနာကို ဆွေးနွေးအဖြေရှာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် (၂၁) ရာစုပင်လုံညီလာခံ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်ကို အကောင်အထည်ဖော် နိုင်ရန် ယခုပူးတွဲကော်မတီမှ နောက်ဆုံး အဆင့် အတည်ပြုပြီးပါက ညီလာခံကို ကျင်းပသွားမည် ဖြစ်သည့်အတွက် ကော်မတီဝင်များက ဆွေးနွေးအဖြေရှာ၍ အောင်မြင်သည့် ညီလာခံဖြစ်ရန် ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါကြောင်း ပြောကြား သည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌ ဦးသုဝေ က မိမိတို့ မျှော်မှန်းချက်သည် ငြိမ်းချမ်း ရေး ညီလာခံအောင်မြင်စွာ ကျင်းပနိုင် ရေးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးပါက တကယ့်ငြိမ်းချမ်းရေး ရရှိ မည်ဆိုသည့် ရည်မှန်းချက်ရှိပါကြောင်း၊ ထို့ကြောင့် UPDJC အစည်း အဝေးများ အတိုင်း ယနေ့အစည်းအဝေးတွင်လည်း ဖြစ်နိုင်သည့်ကိစ္စများကို နားလည်မှု၊ ပြေလည်မှုရှိရှိဖြင့် အားလုံးက ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပထမအကြိမ် ပူးတွဲ ကျင်းပရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် နိုင်ငံရေးဆွေးနွေး ပွဲကျင်းပရေး လုပ်ငန်းကော်မတီမှ ဆွေးနွေးချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment