မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကြိုဆိုထောက်ခံပွဲ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း ကျင်းပခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် နိုင်ငံလုံးအနှံ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် (၂၁)ရာစု ပင်လုံ ထောက်ခံပွဲကျင်းပခြင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေပြောင်းလဲလာ မှုကို ပေါ်လွင်စွာထင်ဟပ်ပြသလျက်ရှိပေသည်။
ထိုလူထုထောက်ခံပွဲကျင်းပခြင်းမှာ ယခင်ခေတ်များကလို အစိုးရ ကတာဝန်ခံကျင်းပခြင်းမျိုးမဟုတ်၊ တစ်အိမ်တစ်ယောက် မလာမနေရ ဆိုသော ကိုယ့်ထမင်းထုပ်ကိုယ်ပိုက်၍ ချီတက်ရခြင်းမျိုးမဟုတ်၊ ထိုလူထု ထောက်ခံပွဲသို့ တက်ရောက်လာကြသူများ၊ ဦးဆောင် ကျင်းပကြသူများ မှာ နိုင်ငံရေးလှုပ်ရှားတက်ြ<ွကသူများ၊ လူမှုအသင်းအဖွဲ့များ၊ ရုပ်ရှင်အနု ပညာသည်များ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ တိုင်းရင်းသားများ၊ သာမန်ပြည်သူများသာဖြစ်ကြသည်။ ကိုယ်ပိုင်အသိစိတ်ဓာတ်၊ ကိုယ်ပိုင် နိုင်ငံရေးနိုးကြားမှုဖြင့် ရောက်ရှိလာကြသူများဖြစ်ကြသည်။
ငြိမ်းချမ်း ရေးကို တကယ်လိုလားမြတ်နိုးသူများဖြစ်ကြသည်ကို တွေ့ရပေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းလက်နက်ကိုင်အဖွဲ့အစည်း အတော် များများပါဝင်သော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို တော်လှန် ရေးကောင်စီလက်ထက် ၁၉၆၃ ခုနှစ်က ကျင်းပရန် ကြိုးစားဖူးသည်။ ထိုစဉ်က လက်နက်ကိုင်အဖွဲ့များတွင် အယူဝါဒရေးရာလက်နက်ကိုင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ကြသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲ ကို အစိုးရဘက်မှ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကမ်းလှမ်းခဲ့ပြီး အပစ်အခတ်ရပ်စဲရေးပင် အသေအချာမလုပ်နိုင်ဘဲ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရပ်စဲသွားခဲ့ရသည်။ ထိုစဉ်ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် '၆'ခရိုင် လူထုဆန္ဒပြပွဲဆိုသည်ကို ကျင်းပခဲ့ကြသည်။
၎င်းတို့၏ ကြွေးကြော်သံနှင့် တောင်းဆိုချက်များမှာ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)၏ တောင်းဆိုချက်များနှင့် ထပ်တူ ဖြစ်နေသည်။ အစိုးရဘက်မှ တောနှင့်မြို့ နှစ်ဖက်ညှပ်တိုက်သည်ဟု ယူဆပြီး ဆွေးနွေးပွဲများ အတိအလင်းမစနိုင်မီမှာပင် ပျက်သွားခဲ့ရသည်။
ယခု လူထုထောက်ခံပွဲများက ထိုသို့မဟုတ်ပေ။ လက်ရှိ မြန်မာ နိုင်ငံတွင် အယူဝါဒရေးရာ လက်နက်ကိုင်များလည်း ချုပ်ငြိမ်းသွားပြီဖြစ် သည်။ ကျန်ရှိနေသည်မှာ တိုင်းရင်းသားအသီးသီး၏ လက်နက်ကိုင် များသာဖြစ်သည်။ တိုင်းရင်းသားညီနောင်များ အချင်းချင်းကြား နှစ်ရှည်လများတည်ရှိလာသော တန်းတူမညီမျှမှု၊ မကျေနပ်ချက်၊ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းဆွေးနွေးကြရန် လူထုကတိုက်တွန်း ကြခြင်း၊ ထောက်ခံကြခြင်းသာဖြစ်သည်။ ပင်လုံနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်ဆက်စပ်နေသည်။ ပင်လုံစာချုပ်သည် သဘောတူညီချက်များ အားဖြင့် မများလှသော်လည်း အဓိပ္ပာယ်ကား ကျယ်ဝန်းလှသည်။ စိတ်ဓာတ်နှင့် ယုံကြည်ချက်က မြင့်မားလှသည်။ ကတိကဝတ်များက မျှတမှန်ကန်လှသည်။ ယခုလူထုက ပင်လုံစိတ်ဓာတ်ကို ဖော်ပြကြခြင်း သာဖြစ်ပါသည်။
၁၉၄၇ ခုနှစ်(၂ဝ ရာစု)ပင်လုံကာလက ရပလလူငယ်များနှင့် တောင်ကြီး၊ ဟိုပုံးတစ်ဝိုက် လူထုများ၏အခန်းကဏ္ဍက အလွန်အရေးပါခဲ့ သည်။ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ၄င်းတို့၏ပါဝင်မှု၊ လူထုအား ဖြင့် ဖိအားပေးမှုက အရာရောက်ခဲ့သည်ကို တွေ့နိုင်သည်။ ယခု စစ်ကိုင်း တိုင်းမှာ၊ မွန်ပြည်နယ်မှာ၊ ကချင်ပြည်နယ်မှာ၊ မ္တလေးတိုင်းမှာ၊ ရှမ်း ပြည်နယ်မှာ အနှံ့အပြားကျင်းပနေကြသော ပင်လုံလူထုထောက်ခံပွဲများ မှာ ပြည်သူတစ်ရပ်လုံး၏ ရိုးသားသောငြိမ်းချမ်းရေး လိုအင်ဆန္ဒကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
ယခုပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် (၂၁)ရာစုပင်လုံသို့ တက်ရောက်လာကြမည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအားလုံး တိုင်းပြည်၏ အနာဂတ်အတွက် အသင့် တော်ဆုံးသော အဖြေများကိုရရှိအောင် ညှိနှိုင်းကြရမည်ဖြစ်သည်။ အမြင့်ဆုံးသော တောင်းဆိုချက်များသည် အောင်မြင်နိုင်ဖွယ်မရှိဘဲ အသင့်တော်ဆုံးသော၊ လက်တွေ့ဖြစ်နိုင်ခြေရှိသော အချက်များသာ ချမှတ်သွားကြရဖွယ်ရှိပါသည်။ အရေးကြီးဆုံးမှာ လူထုကိုစိတ်မပျက်စေ ဖို့ပင် ဖြစ်သည်။ လူထု၏မြင့်မားလှသော ငြိမ်းချမ်းရေးမြတ်နိုးမှု၊ ယုံကြည်မှုတို့ကို နှလုံးသွင်း၍ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ကြမည်ဟု မျှော်လင့်ကြောင်း တင်ပြရပါသည်။ ။
No comments:
Post a Comment