Wednesday, August 31, 2016

(31.8.2016) ကြေးမုံစာတည်းရှုထောင့်

မြန်မာနိုင်ငံ၏ ထာဝရပန်းတိုင်
===================
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ယနေ့စတင်ကျင်းပပြီ။ မြန်မာနိုင်ငံနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်စောင့်စား အလေးထားသည့် ထိုအစည်းအဝေးဖွင့်ပွဲ ပထမနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်တစ်ဦး၊ နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်တစ်ဦးတို့က အဖွင့်အမှာစကားပြောကြားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ကျင်းပခဲ့ရာ ယခုကျင်းပသော ညီလာခံသည် အရပ်သားအစိုးရက ပထမဆုံး ဦးစီးကျင်းပသည့် (၂၁)ရာစုပင်လုံညီလာခံဖြစ်ပြီး ထူးခြားလေးနက်မှု အသွင်ဆောင်သည်။ ယခုကျင်းပသည့်ညီလာခံမှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည်သာမက နိုင်ငံတကာကပင် အလေးအနက်ထားလေ့လာ စောင့်ကြည့်နေပေရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းလည်း ဖွင့်ပွဲနေ့သို့တက်ရောက်ပြီး အမှာစကားပြောကြားမည်ဖြစ်သည်။
ယင်းကိုထောက်ရှုသော် ကုလသမဂ္ဂအဖွဲ့အစည်း၏ခေါင်းဆောင် ဖြစ်သူက ကမ္ဘာ့နိုင်ငံများကိုယ်စား လွတ်လပ်သော မြန်မာနိုင်ငံအပေါ်တွင် မေတ္တာထားကြသည်ဟူ၍ ယူဆနိုင်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် စစ်မက်မဖြစ်ပွားဘဲ တိုင်းပြည်တကာတို့ ငြိမ်းငြိမ်းချမ်းချမ်းရှိကြဖို့အရေးကို နိုင်ငံအများက လိုလားကြသည့်နည်းတူ ကျွန်ုပ်တို့နိုင်ငံအနေဖြင့်လည်း ယခုပြုလုပ်လျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ထိုကဲ့သို့ နိုင်ငံအများက ငြိမ်းချမ်းရေးလိုလားနေသောအချိန်၌ ကိုလံဘီယာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့ FARC တို့ကြားတွင် ရယူထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ပြီးခဲ့သည့်ရက်က စတင်ဖော်ဆောင်နိုင်ခဲ့ကြောင်း ကြားသိလိုက်ရသည်။ ကိုလံဘီယာနိုင်ငံတွင် ၅၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ရယူနိုင်ခဲ့ခြင်းမှာ ကိုလံဘီယာပြည်သူများအတွက် ကြီးကျယ်သော အောင်ပွဲတစ်ရပ်ပင် ဖြစ်သည်။ ကိုလံဘီယာအစိုးရနှင့် FARC လက်နက်ကိုင်အဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လေးနှစ်ကြာပြုလုပ်ခဲ့ပြီးနောက် အပစ် အခတ်ရပ်စဲရေးသဘောတူညီမှုကို ရယူနိုင်ခဲ့ပြီး လာမည့်လ၌ ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ကို အပြီးသတ်လက်မှတ်ရေးထိုးနိုင်တော့မည် ဖြစ်သည်။
ထိုကဲ့သို့ အောင်မြင်မှုရရှိခဲ့သည့်အတွက် ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ်ဆန်တို့စ်က ''ကျွန်တော်တို့နိုင်ငံအတွက် အနာကျင်ရဆုံး စာမျက်နှာတွေ အဆုံးသတ်တော့မှာဖြစ်ပါတယ်။ သမိုင်းဝင်ခြေလှမ်းမျိုး လှမ်းနိုင်အောင် ပူးပေါင်းပါဝင်ခဲ့သူအားလုံးကို ကျေးဇူးတင်ရပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။ နှစ်ပေါင်း ၅ဝ ကျော်ကြာ ငြိမ်းချမ်းမှုနှင့်အလှမ်းဝေးခဲ့ ရပြီး စစ်ဘေးစစ်ဒဏ်ခံခဲ့ကြသော ကိုလံဘီယာနိုင်ငံတွင် ပြည်တွင်းစစ်လုံးဝ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းနှင့် ပြည်တွင်းစစ်ကြောင့် နိုင်ငံအတွင်း ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် တောင်းပန်ပါကြောင်း၊ ကိုလံဘီယာနိုင်ငံသားများ အနေဖြင့် ညီရင်းအစ်ကိုတမျှ ချစ်ကြည်ရင်းနှီးစွာ အတူတကွယှဉ်တွဲ နေထိုင်ဖို့ကိုလည်း တောင်းဆိုပါကြောင်း FARC လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်က ပြောကြားခဲ့သလို ကိုလံဘီယာတပ်မတော်ဘက်ကလည်း ထာဝရအပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။
ကိုလံဘီယာနိုင်ငံအတွက် ဝမ်းမြောက်ပီတိဖြစ်မိသည်။ ငြိမ်းချမ်းရေးနှင့်နှစ်ပေါင်း ၆ဝ ကျော် အလှမ်းဝေးနေသေးသည့် မြန်မာ နိုင်ငံအနေဖြင့်လည်း ပြည်တွင်းစစ်များ ထာဝရချုပ်ငြိမ်းရေးအတွက် ငံ့လင့်နေကြသည်။ ယခုအခါ ပစ်ခတ်တိုက်ခိုက်မှုများ အပြီးတိုင်ရပ်ဆိုင်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရသည်။ နှစ်ဖက်ခေါင်းဆောင်များ ရင်ကြားစေ့ကာ ပြည်သူများအကျိုးကို ရှေးရှု ဆောင်ရွက်ခဲ့သည့် ကိုလံဘီယာမှာ ပြရုပ်တစ်ခုဖြစ်သည်။ အနေအထား မတူသော်လည်း မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များအနေဖြင့်လည်း မဝေးတော့သည့်ကာလတွင် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ညီညီညွတ်ညွတ် ရင်ကြားစေ့နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment