Monday, August 29, 2016

ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့ရန် တစ်လမ်းမောင်းလမ်းများ စီစဉ်ဆောင်ရွက်လျက်ရှိ



Image may contain: 1 person
ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင် ရေးအတွက် တစ်လမ်းမောင်းစနစ်များ ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောသည်။
တစ်လမ်းမောင်းလမ်းများအဖြစ် ရန်ကုန်မြို့လယ်ရှိ လမ်းသစ်လမ်း(မြောက်မှတောင်)၊ လသာလမ်း (မြောက်မှ တောင်)၊ ရွှေဘုံသာလမ်း(မြောက်မှတောင်)၊ ဗိုလ်အောင် ကျော်လမ်း(တောင်မှမြောက်)၊ ဗိုလ်မြတ်ထွန်းလမ်း (တောင်မှမြောက်)၊ ဗိုလ်တထောင်ဘုရားလမ်း(တောင်မှမြောက်)၊ စန္ဒကူးလမ်း (မဟာဗန္ဓုလလမ်းမှ ကမ်းနား လမ်းအထိ)၊ ရေကျော်လမ်း(ဗိုလ်ချုပ်လမ်းမှ ရေကျော် မီးပွိုင့်အထိ) တို့ကိုဆောင်ရွက်သွားရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။
ယခုလက်ရှိတွင် ရွှေတိဂုံဘုရားလမ်း(မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအထိ တောင်နှင့်မြောက်)ကို တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားသည်။
ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရန် တစ်လမ်းမောင်းစနစ်များကို ဆောင်ရွက်ရန် စီစဉ်ရခြင်းမှာ ပြည်သူများသည် ယာဉ်ကို လက်ယာကပ်မောင်းစနစ်ဖြင့် မောင်းနှင်သည့်အတွက် ညာကွေ့များလျှင် ယာဉ်ကြော ကျပ်တည်းမှုသက်သာကာ ဘယ်ကွေ့များလျှင် တစ်ဖက်ယာဉ်ကြောကို သွားထောက်ပြီး ယာဉ်ကြောပိုမိုကျပ်တည်း မှုကိုဖြစ်စေသည့်အတွက် တစ်လမ်းမောင်းစနစ်ကို ခရုပတ် လမ်းပုံစံဖြင့်သွားရန် စဉ်းစားရမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။
ဘယ်ကွေ့နည်းပြီး ညာကွေ့များလာသည့်အတွက် ပြည်သူများသွားလာမှုအဆင်ပြေပြီး အကယ်၍ သဘာဝဘေးအန္တရာယ် အရေးပေါ်ကိစ္စများပေါ်ပေါက်လာလျှင်လည်း တစ်လမ်းမောင်းစနစ်ဖြစ်သည့်အတွက် ယာဉ်များ သွားလာရလွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း၊ တစ်လမ်း မောင်းလမ်းများတွင် မီးပွိုင့်များထားစရာမလိုဘဲ လမ်းဆုံ လမ်းခွများ၌သာ မီးပွိုင့်များတပ်ရန်လိုကြောင်း စသဖြင့် ပြည်သူများသွားလာမှုလွယ်ကူရန် ပညာရှင်များနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင်းသို့ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့် နောင်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ဒဂုံအရှေ့ပိုင်း၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနှင့် ရန်ကုန် တောင်ပိုင်းခရိုင်တို့မှဝင်လာသော ခရီးသည်တင်ယာဉ် များဝင်ရောက်မှုသည် နေ့စဉ်ပျမ်းမျှ ၃ဝဝဝ ကျော်ရှိသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ခရီးသည်တင်ယာဉ် အများဆုံးသွားလာသည့် ကမ်းနားလမ်း၊ သခင်မြပန်းခြံ လမ်း၊ အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ပြည်လမ်း၊ အလံပြဘုရားလမ်း၊ သိမ်ဖြူလမ်း၊ အထက်ပုဇွန် တောင်လမ်းနှင့် မဟာဗန္ဓုလလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုပိုမိုများပြားကြောင်း သိရသည်။
ဒုတိယရဲမှူးကြီးအောင်ကိုဦးက ''ယာဉ်ကြောပိတ် ဆို့မှုတွေကိုဖြေလျှော့ဖို့ ခရီးသည်ယာဉ်တွေကို ခရိုင်အလိုက်ပြေးဆွဲမလား။ တစ်လမ်းမောင်းသတ်မှတ်ပြီးပြေး ဆွဲမလား။ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းတွေမှာ ခရုပတ်ပုံပြေးဆွဲတဲ့စနစ် ဆောင်ရွက်မလား။ ကြားလမ်းတွေ ကိုပေးမဝင်တော့ဘူး။ ဒါတွေကို ဆောင်ရွက်ဖို့တော့ အစီအစဉ်ရှိတယ်။ ယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့ဖို့ စနစ်တစ်ခုကိုတော့ သတ်မှတ်ပေးသင့်တယ်။ မသတ်မှတ် ရင် ယာဉ်ကြောကတော့ ပိတ်နေမှာပဲ။ ဒါကို ကျွန်တော် တို့က ပါဝင်ဆောင်ရွက်ပေးရမယ်။ ညွှန်ကြားလာရင် ကျွန်တော်တို့လုပ်ပေးရတော့မယ်။ စနစ်မရှိရင် စည်းကမ်းမဲ့ ဖြစ်မှာပဲ။ အဲဒီအခါမှာအရေးယူမှုတွေ၊ဆုပေးဒဏ်ပေး စနစ်တွေလုပ်ဖို့လိုတယ်။ ဒီစနစ်ကို ဆုံးဖြတ်ချက်ချပေးနိုင် မယ့်သူတွေ အကောင်အထည်ဖော်ပေးရင် ကျွန်တော်တို့ လိုက်ပါဆောင်ရွက်မယ်။ ဒါဆို အောင်မြင်မှာပါ ''ဟု ပြောသည်။
၂ဝ၁၆ ခုနှစ်အထိ ယာဉ်စီးရေ ခုနစ်သိန်း ကျော်ရှိရာ ယာဉ်ထိန်းတစ်ဦးလျှင် ယာဉ် ၇၆၄ စီး ထိန်းသိမ်းနေရပြီး စည်းကမ်းမဲ့မောင်းနှင်မှုများကြောင့် နှစ်စဉ်ယာဉ်တိုက်မှုများ ၁ဝဝဝ ကျော်၊ သေဆုံးသူပေါင်း ၄ဝဝဝ ကျော်နှင့် ဒဏ်ရာရ သူပေါင်း ၈ဝဝဝ ကျော်ရှိကြောင်းသိရသည်။
အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးအောက်တွင် ယာဉ်ထိန်းအင်အား ၉ဝဝ ကျော်ရှိပြီး ယာဉ်အသုံးပြုသူ ၄ ဒသမ ၅ သန်းခန့်၊ ခြေကျင်အသုံးပြုသူ ၃ ဒသမ ၆ သန်းခန့်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်က ဒုတိယတပ်ဖွဲ့ခွဲ တစ်ဖွဲ့သာရှိပြီး ယခုလေးဖွဲ့အထိဖွဲ့စည်းထားကာ ခရိုင်အလိုက် ဒုတိယတပ်ဖွဲ့ခွဲ ၆၊ ၇၊ ၈၊ ၉ အဖြစ် မြေပြင်အနေ အထားအရ လမ်းကြောပိတ်ဆို့သည့် နေရာများတွင် ဒုတိယတပ်ဖွဲ့ခွဲမှူးများလိုက်ပါ ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ပင်မအသက်သွေးကြောလမ်းမကြီး များဖြစ်သည့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်ကမ်းနားလမ်း၊ အင်းစိန်လမ်း၊ အောက်မင်္ဂလာ ဒုံလမ်း၊ ဝေဇယန္တာလမ်းတို့နှင့် သံသုမာလမ်းမကြီးများတွင် တောင်မှမြောက်သို့ ယာဉ်များသွားလာလျက်ရှိပြီး ပါရမီလမ်း၊ အလုံလမ်း၊ ခရေပင်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းတို့တွင် အရှေ့မှ အနောက်သို့ ယာဉ်များအများဆုံးသွားလာ လျက်ရှိရာ ထိုနေရာများတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စနစ်တကျဦးစားပေး ယာဉ်ကြောများကို ကြီးကြပ်ရှင်းလင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဒုတိယရဲမှူးကြီးအောင်ကိုဦးက ''ယာဉ်ထိန်းရှိရှိ၊ မရှိရှိ ယာဉ်မောင်းသူတွေ၊ လမ်းဖြတ်ကူးသူတွေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့လိုတယ်။ စည်းကမ်းမဲ့တာမျိုး မဖြစ်သင့်၊ မရှိသင့်တော့ဘူးလို့ထင်တယ်။ ပြည်သူတွေ အားလုံးစည်းကမ်းတကျ ပါဝင်လိုက်ပါလာစေချင်တယ်'' ဟု ပြောသည်။
ရန်ကုန်မြို့တော်၌ နေ့ရောညပါ ယာဉ်ကြော ကျပ်တည်းသည့်နေရာမှာ ယခင်ကစုစုပေါင်း ၇၉ နေရာ ရှိပြီး ယခု နေရာ ၆ဝ ထိကျဆင်းသွားရခြင်းမှာ ခုံးကျော် တံတားများ တည်ဆောက်လိုက်ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
သတင်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ရီရီသန့်

No comments:

Post a Comment