Monday, August 29, 2016

နောက်ဖေးလမ်းကြားတွင် အမှိုက်ပစ်ခြင်း၊ အဝတ်တန်းများ၊ အမိုးအဖီများပြုလုပ်လျှင်ဒဏ်ငွေကျပ် ငါးသောင်းမှ ငါးသိန်း၊ ထောင်ဒဏ်တစ်နှစ် အရေးယူမည်



Image may contain: outdoor
ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်မြို့တွင်း မြို့နယ်များတွင် နောက်ဖေးလမ်းကြား သန့်ရှင်းရေးကို မြို့တော်စည်ပင်မှ တာဝန်ယူရှင်းလင်းပေး နေရဆဲဖြစ်သည်။ သန့်ရှင်းရေးပြုလုပ်ပြီးစီးသော ရပ်ကွက် အချို့တွင် နောက်ဖေးလမ်းကြားများ အစဉ်သန့်ရှင်းမှုရှိနေစေရန် နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့အမှိုက် ပစ်ခြင်း၊ အဝတ်တန်းများ၊ အမိုးအဖီများ ပြုလုပ်ခြင်းများ ပြန်လည်မြင်တွေ့ရပါက ငွေဒဏ်၊ ထောင်ဒဏ်ချမှတ် အရေးယူမည့် အသိပေးမှုများရှိလာသည်ဟု လမ်းမတော် မြို့နယ်(၅)ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။
ရပ်ကွက်အတွင်းရှိ နောက်ဖေးလမ်းကြားများကို မြို့တော်စည်ပင်သာယာရေးကော်မတီမှ ငွေအင်အား၊ လူအင်အားများဖြင့် ရှင်းလင်းဆောင်ရွက်ပြီးဖြစ်သည်။ အပြောင်ရှင်းလင်းပြီးသော နောက်ဖေးလမ်းကြားများတွင် အမှိုက်ပစ်ခြင်း၊ အဝတ်တန်း၊ အမိုးအဖီများ မပြုလုပ်ရ။ တားမြစ်ချက်ကိုပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။ နောက်ဖေးလမ်းကြားများတွင် အမှိုက်ပစ်ခြင်း၊ အဝတ်တန်းများ၊ အမိုးအဖီပြုလုပ် ခြင်းများ တွေ့ရှိပါက ဒဏ်ငွေကျပ်ငါးသောင်းမှ ငါးသိန်း အထိ ဒဏ်ရိုက်ခံရပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ် သတ်မှတ်ထားသည်။ ဘော်ဒါဆောင်နေသူများအနေဖြင့် စည်းကမ်းမဲ့အမှိုက်ပစ်ပါက အထက်ဖော်ပြပါပြစ်ဒဏ်များဖြင့် အရေးယူခြင်းအပြင် တည်းခိုခန်း ဥပဒေပုဒ်မအရ အရေးယူအပြစ်ပေးခံရမည်ဖြစ်ကြောင်း ရပ်ကွက်အတွင်းရှိ လမ်းအသီးသီးသို့ သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အသိပေးကြေညာမှုရှိသည်။
မြို့တော်စည်ပင်က နောက်ဖေးလမ်းကြားများကို အပြောင်ရှင်းလင်းပေးရာတွင် လမ်းမတော်မြို့နယ် ရပ်ကွက် များမှ နံနက်စာ ကျွေးမွေးခြင်းများရှိသည်။ သန့်ရှင်းရေး ပြုလုပ်ပေးပြီးသော (၅)ရပ်ကွက်အတွင်းရှိ နောက်ဖေးလမ်း ကြားများတွင် အနော်ရထာလမ်းမှ ကမ်းနားလမ်းအထိ တိုးလျှိုပေါက်မြင်ကွင်းရှင်းလင်းနေသည်ကို မြင်တွေ့လာရ သည်ဟု (၁၁)လမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
ယင်းသို့တားမြစ်ချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက အရေးယူမည့်ငွေဒဏ်၊ ထောင်ဒဏ်ပမာဏကို အသိပေးထားမှုရှိသဖြင့် လိုက်နာမှုရှိလာနိုင်မည်ဟု မျှော်လင့်ရသည်။ ကျူးလွန်ဖောက်ဖျက်မှုများကို တစ်ပြေး ညီအရေးယူမှုပါရှိလာလျှင် နောက်ဖေးလမ်းကြားများ အစဉ်သန့်ရှင်းပြီး လုံခြုံရေးအရလည်း မြင်ကွင်း ရှင်းလင်းလာနိုင်သည်။
နောက်ဖေးလမ်းကြားများတွင် အမိုးအဖီများပြုလုပ် ခြင်း၊ စားသောက်ဆိုင်များ ချက်ပြုတ်ရောင်းချခြင်း၊ လမ်း ဘေးဈေးသည်ပစ္စည်းသိမ်းဂိုဒေါင်အဖြစ်အသုံးချခြင်းများအပြင် မိလ္လာကန်အချို့ ပြုပြင်ထိန်းသိမ်းမှု အားနည်းသဖြင့် နောက်ဖေးလမ်းကြားရေမြောင်းများတွင် အနံ့ဆိုးထွက် ရေဆိုးရေညစ်စီးဆင်းမှုများရှိခဲ့သည်။
လမ်းမတော်မြို့နယ်အတွင်း နောက်ဖေးလမ်းကြား သန့်ရှင်းရေးလုပ်ဆောင်ပြီးသော ရပ်ကွက်အချို့ရှိ နောက်ဖေးလမ်းကြားအချို့အတွင်း အဝတ်တန်း၊ အမိုး၊ အဖီများသာမက ဆိုင်ခန်းသဖွယ်ချက်ပြုတ်အသုံးချနေ ခြင်းများကို မြင်တွေ့နေရဆဲဖြစ်သည်ဟု မဟာဗန္ဓုလ လမ်းတစ်လျှောက် နေ့စဉ်ဖြတ်သန်းသွားလာနေသော ကိုမင်းက ပြောသည်။
လသာမြို့နယ် တရုတ်တန်းလမ်းသွယ်အချို့ နောက်ဖေးလမ်းကြားများတွင် စီးပွားရေးအရ ကျူးကျော် အသုံးချနေမှုများအပေါ် အရေးယူဒဏ်ငွေရိုက်မှုများ ၂ဝ၁၆ နှစ်ဆန်းတွင်ရှိခဲ့သော်လည်း ဒဏ်ငွေဆောင်ပြီးနောက် ဆက်လက်ကျူးကျော်အသုံးပြုနေဆဲဖြစ်သည်။ လမ်းမတော် မြို့နယ်အတွင်း နောက်ဖေးလမ်းကြားသန့်ရှင်းရေးကို ပထမဆုံးစတင်ပြုလုပ်နေသော်လည်း မူလအခြေအနေ မှာပင် လမ်းမတော်မြို့နယ်အတွင်း နောက်ဖေးလမ်းကြား အများစု၊ အခြားမြို့နယ်များထက် သန့်ရှင်းမှုများသည် ယခုကဲ့သို့ စည်းကမ်းမဲ့လုပ်ဆောင်မှုအပေါ် ငွေဒဏ်၊ ထောင်ဒဏ်အသိပေးမှုများပါရှိလာသဖြင့် စံပြမြို့နယ် အဖြစ် ရောက်ရှိလာနိုင်သည်။ လမ်းမတော်ကဲ့သို့ ဆက်စပ် မြို့နယ်များတွင်လည်း ဆက်လက်၍ ထိရောက်စွာအကောင် အထည်ဖော်ပေးလျှင် မြို့နယ်အားလုံး နောက်ဖေးလမ်းကြား များ သန့်ရှင်းမှုပိုမိုလာပြီး စည်းကမ်းမဲ့ဖြစ်စဉ်များ လျော့နည်းလာနိုင်သည်ဟု လသာမြို့နယ်အတွင်း နေထိုင်သူ ဦးလှဟန်က သုံးသပ်ပြောဆိုသည်။
(မောင်စေအောင်)

No comments:

Post a Comment