Wednesday, August 3, 2016

မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ်ပေါ်ထွက်ရေး အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

The Mirror Daily's photo.
နေပြည်တော် သြဂုတ်၂
မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုများ နှင့် အခြားဂိုဏ်းဖွဲ့ကျူးလွန်မှုခင်းများအကြား ဆက်စပ် နေမှုမှာလည်း နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်သည့် စီးပွားရေး ကို လှိုက်စားစေသည့်အပြင် တည်ငြိမ်အေးချမ်း သာယာရေး၊ လုံခြုံရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်းနှင့် ပြီးပြည့်စုံသော ဘက်ပေါင်းစုံ ချဉ်းကပ်မှုများပါဝင် သည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်ရေး အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ယနေ့ နံနက် ၉ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန စုစည်းခန်းမ၌ ကျင်းပသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ (၁/၂ဝ၁၆) အစည်းအဝေးတွင် ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က မူးယစ်ဆေးဝါးပြဿနာသည် လူမှုစီးပွားရေးပိုင်းတွင် ကြုံတွေ့ရသော Impact on Social and Economy နှင့် မှုခင်းဆိုင်ရာ တရားစီရင်ရေးပိုင်းတွင် ရိုက်ခတ်သော Impact on Criminal Justice များ တွေ့ရှိရကြောင်း၊ Social and Economy Impact အနေဖြင့် ပြည်သူ့ ကျန်းမာရေးကိစ္စများ၊ ခွဲခြားဆက်ဆံခံရမှုများ၊ ဆင်းရဲ မွဲတေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အဟန့်အတား တစ်ခုအဖြစ် တည်ရှိနေကြောင်း၊ Criminal Justice အပိုင်းတွင်လည်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများ၊ ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှု လျှော့ချရေးကိစ္စများ၊ အကြမ်းဖက်မှုနှင့် မှုခင်းကျဆင်းရေး ကိစ္စများ၊ တားဆီးနှိမ်နင်းရေးနှင့် တရားစွဲဆိုရေးကိစ္စ များ၊ အကျဉ်းထောင်အတွင်း ပြဿနာများနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းများအား ရိုက်ခတ်လျက် ရှိကြောင်း၊ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင် ခံစာအရ မူးယစ်ဆေးဝါးသုံးစွဲမှုသည် အရွယ်ရောက်သူ လူဦးရေ ၂ဝ တွင် တစ်ဦးမှာ သုံးစွဲလျက်ရှိပြီး ထိုသုံးစွဲမှု လူဦးရေပမာဏသည် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အင်္ဂလန်နိုင်ငံများ၏ လူဦးရေစုစုပေါင်းနှင့် အကြမ်းဖျင်း တူညီကြောင်း။
၎င်းတို့အနက် ဆေးသုံးစွဲသူ ၂၉ သန်းသည် စွဲလမ်းမှု ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ၁၂ သန်းသည် မူးယစ် ဆေးဝါး အကြောတွင်း ထိုးသွင်းသူများဖြစ်ကြောင်း၊ ၁ ဒသမ ၆ သန်းသည် Criminal Justice
ရောဂါ ခံစားနေရကြောင်း နှင့် ခြောက်သန်းသည် အသည်းရောင်အသားဝါ(စီ)ပိုး ရှိသူများဖြစ်ကြောင်း လွန်ခဲ့သည့် (၄)နှစ်ကြာကာလအတွင်း သုံးစွဲမှုအများဆုံး ကမ္ဘာ့မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ၌ အကြမ်းဖက်မှုပြဿနာများလည်း ရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုများမှတစ်ဆင့် ပြစ်မှုများ ကျူးလွန် နေသလို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ထုတ်လုပ်မှုအပိုင်းတွင်လည်း စနစ်တကျ စီစဉ်ထားသော အကြမ်းဖက်မှု၊ လူသတ်မှုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှု များ ဖြစ်လာကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလ ကြာရှည်စွာ ခံစားနေရကြောင်း။
နိုင်ငံတော်အစိုးရအဆက်ဆက် မူးယစ်ဆေးဝါး အန္တရာယ်ပပျောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော်လည်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ ပိုမိုဆိုးရွားလာသည်ကို တွေ့ရှိ ရကြောင်း၊ ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးမှ ဘက်ပေါင်းစုံချဉ်းကပ်မှု များပါဝင်သည့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများ ရေးဆွဲ နိုင်ရေး လုပ်ငန်းအကြံပြုချက်များအရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေး ဆောင် ရွက်သွားရန်လည်း အစီအစဉ်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် မူးယစ်ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊UNODC၊ ONCB နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက မူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ ပေါ်ထွက်လာရေး လမ်းပြမြေပုံ နှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။
ထို့နောက် ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment