Wednesday, August 3, 2016

ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ အရေးကြီးအချက်အလက်တချို့


The Mirror Daily's photo.
အပိုင်း(၁)
ရီယိုအိုလံပစ်ပြိုင်ပွဲကြီးကို လာမယ့် သြဂုတ် ၅ ရက်မှာစတင်မှာဖြစ်တာကြောင့် ပြိုင်ပွဲကြီးကျင်းပဖို့ အနီးကပ်ဆုံးအချိန်ကို ရောက်ရှိလာပြီလို့ ဆိုရတော့မှာပါ။ ကမ္ဘာ့နာမည်ကျော် မီဒီယာအဖွဲ့အစည်းတွေမှာရှိတဲ့ နာမည်ကြီး သတင်းထောက်တွေ၊ အယ်ဒီတာတွေက ဘရာဇီးနိုင်ငံကို ရောက်ရှိနေပြီး ရီယိုဒီဂျနေးဒိုးမြို့ရဲ့ လုံခြုံရေးအခြေအနေတွေ၊ ပြိုင်ပွဲအတွက် စီစဉ်ထားမှုတွေကို သတင်းရယူပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနေကြတာကိုလည်း သတင်းတွေကြည့်လိုက်တာနဲ့ မြင်တွေ့ နေရပါတယ်။ ဒီတော့ ရီယိုအိုလံပစ်ရဲ့ အကျဉ်းမိတ်ဆက်မှုကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြခဲ့ပြီးနောက်မှာ အရေးကြီးတဲ့ နောက်ထပ်အချက်အလက်တချို့ကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။
တောင်အမေရိကရဲ့ ပထမဆုံးအိုလံပစ်
ရီယိုအိုလံပစ် ပြိုင်ပွဲကြီးက တောင်အမေရိကတိုက်မှာ ကျင်းပခွင့်ရတဲ့ ပထမဦးဆုံး အိုလံပစ်ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ပြိုင်ပွဲကာလ ၁၇ ရက်အတွင်း နိုင်ငံပေါင်း ၂ဝ၆ နိုင်ငံမှ ကစားသမားပေါင်း ၁ဝ၅ဝဝ လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အားကစားနည်းပေါင်း ၄၂ မျိုးအတွက် ဆုတံဆိပ် ၄၉၂၄ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရီယိုအိုလံပစ်ပြိုင်ပွဲကို အဓိက အားဖြင့် ရီယိုဒီဂျနေးဒိုးမြို့ ဒီယိုဒိုရို၊ ဘာရာ၊ ကိုပါကာဘာ နာနဲ့ မာရာကားနား အရပ်မှာရှိတဲ့ ကစားကွင်းကြီး ၃၂ ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲစဉ်တွေကို ရီယိုဒီဂျနေးဒိုးမြို့အပြင် ဘီလို၊ ဟော်ရီဇွန်တီ၊ ဘရာဇီးလီးယား၊ မန်နျူး၊ ဆာဗေးဒိုးနဲ့ ဆော်ပေါ်လို မြို့တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အခုချိန်မှာ အားကစားကို ချစ်မြတ်နိုးစိတ် ပြင်းထန်လွန်းတဲ့ ဘရာဇီးလူမျိုးတိုင်းက အိုလံပစ်ပြိုင်ပွဲအပေါ်သာ အာရုံစိုက်နေပြီး လုံခြုံရေး အခြေအနေပေါ် စီမံထားရှိမှုတွေကလည်း ၂ဝဝ၈ ဘေဂျင်း အိုလံပစ်နဲ့ ၂ဝ၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွေထက်တောင် အားရစရာကောင်းတယ်လို့ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။
ဘယ်သူတွေ သွားကြရမှာလဲ
ကစားသမားအင်အားချည်း ၁ဝ၅ဝဝ ဖြစ်တာကြောင့် ဒီကစားသမားတွေ ရီယိုဒီဂျနေးဒိုးမြို့ကို ရောက်ရှိဖို့ ခရီး သည် ၅၂၄ ယောက်ဆံ့ ဂျက်လေယဉ်ကြီး ၂၁ စင်း လိုအပ် ပါလိမ့်မယ်။ ဒီလို လေယဉ်ကြီးတွေဆင်းသက်ဖို့ ဘောလုံး ကွင်း ၂၁ ကွင်းစာ မြေဧရိယာအကျယ်လည်း လိုအပ်ပါတယ်။ ဒါတောင်နည်းပြအဖွဲ့တွေ၊ ဆေးအဖွဲ့တွေ၊ ကျန်ထောက်ကူပြု အဖွဲ့ဝင် လူဦးရေစာရင်းကို ထည့်မတွက်ထားသေးပါဘူး။
ဒါ့အပြင် ဒီပြိုင်ပွဲကို မြင်းကောင်ရေ ၃၁၅ကောင်လည်း ပါဝင်ဆင်နွှဲမှာဖြစ်လို့ ဒီမြင်းတွေအတွက် သီးသန့် နေရာချပေးဖို့ အမျိုးသားကွင်းကြီး ခုနစ်ကွင်းလောက် လိုအပ်မှာဖြစ်ပါတယ်။ အမျိုးသားကွင်းကြီးလို့ ခေါ်တွင်တဲ့ ကွင်းကျယ်ကြီးတစ်ခုမှာ မြင်းကောင်ရေ ၄ဝ သာ အများဆုံး ဆံ့ပါတယ်။ ဒါ့ကြောင့် ဒီလိုကွင်းကြီး ခုနစ်ကွင်းလောက်လိုမှာလို့ သုံးသပ်ရတာဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲလို ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပဖို့ လုပ်သားအင်အား ၁၄ဝဝဝဝ လိုအပ်မှာဖြစ်ပြီး ဝန်ထမ်းအင်အား ၉ဝဝဝဝ အပြင် လုပ်အားပေး (Volunteer) အင်အား ၅ဝဝဝဝ လောက်လည်း လိုအပ်ပါတယ်။
မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment