Tuesday, August 30, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီးတို့အား အိန္ဒိယသမ္မတက အခမ်းအနားဖြင့်ကြိုဆို



 
 
 
နယူးဒေလီ သြဂုတ် ၂၉

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့အား အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်ဝင်း(Rashtrapati Bhavan) ၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုသည့်နေရာသို့ ရောက်ရှိလာရာ အိန္ဒိယနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးနှင့် ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အိန္ဒိယသမ္မတနှင့် ဝန်ကြီးချုပ်တို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား အိန္ဒိယနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးက ¤င်းနှင့်အတူ ကြိုဆိုနှုတ်ဆက် ကြသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတကလည်း အတူလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် သမ္မတအိမ်တော်မှ မဟတ္တမဂန္ဒီ ဗိမာန်သို့ရောက်ရှိပြီး ပန်းခွေချအလေးပြုကြကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စ ဆူရှမာ ဆွာရာ့ရ်က ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁ဝ မိနစ်တွင်Taj Palaceဟိုတယ်၌ လာရောက်တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတအား အိန္ဒိယဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီက မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင်Hyderabad House ၌ အလုပ်သဘော နေ့လယ်စာစားပွဲ ဖြင့် တည်ခင်းဧည့်ခံသည်။
နေ့လယ်စာစားပွဲတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံစီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့် စီမံ ကိန်းများဆောင်ရွက်ရေး၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ နည်းပညာနှင့် သင်တန်းများ အကူအညီပေးရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့်ဖွံ့ဖြိုးရေး၊ နှစ်နိုင်ငံ တိုင်းတာရန်ကျန်ရှိ နေသည့် နယ်နိမိတ်အပိုင်းများကို တိုင်းတာရေး၊ နှစ်နိုင်ငံလွှတ်တော်များ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွား သည့်စေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် နည်းပညာအကူ အညီနှင့် အခြားလိုအပ်သော အကူအညီများပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အိန္ဒိယမှထောက်ခံပါကြောင်းနှင့် လိုအပ်သော အကူအညီများပေးရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် အကူအညီ ပေးရေးကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

ထို့နောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ သဘောတူစာချုပ်လဲလှယ်ပွဲကို ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီတို့ ရှေ့မှောက်၌ မြန်မာနိုင်ငံရှိ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ တမူး- ကျီကုန်း-ကလေးဝ လမ်းပိုင်းရှိ တံတားများနှင့် ချဉ်းကပ်လမ်းတည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနားလည်မှုစာချွန်လွှာနှင့် မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ ကလေးဝ-ယာကြီး ကားလမ်းပိုင်းတည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာ ဂျိုင်းရှန်ကာတို့က လည်းကောင်း၊ တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ တိုင်းရင်းဆေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာ ရှရီ အာဂျစ်အမ်ရာရမ်တို့ကလည်းကောင်း၊ ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် အိန္ဒိယနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန အတွင်းဝန် မစ္စတာ ရှရီ အူပန်ဒရာ ထရီပသီတို့က လည်းကောင်း အပြန်အလှန်လဲလှယ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာ သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မွန်းလွဲပိုင်းတွင် နယူး ဒေလီမြို့ရှိ အမျိုးသားပြတိုက်နှင့် အိမ်တွင်းလက်မှုပစ္စည်းပြခန်းတို့သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

ညပိုင်းတွင် အိန္ဒိယသမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံသမ္မတ တို့ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား အိန္ဒိယသမ္မတက ဂုဏ်ပြုညစာစား ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဂုဏ်ပြုညစာစားပွဲတွင် နှစ်နိုင်ငံသမ္မတများက နှုတ်ခွန်းဆက်စကားပြောကြားကြ သည်။ (သတင်းစဉ်)

No comments:

Post a Comment