Tuesday, August 2, 2016

အထူးဒေသ(၄)(မိုင်းလား)က ပြည်ထောင်စုမှ ခွဲမထွက်ရေးမူကို ဆက်လက်ဆုပ်ကိုင်ထားမည်ဟုငြိမ်းချမ်းရေးကော်မရှင်နှင့် အထူးဒေသ(၄)(မိုင်းလား)အဖွဲ့တို့တွေ့ဆုံဆွေးနွေးစဉ် ပြောကြား




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၁

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးနှင့် စပ်လျဉ်းပြီး ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် အထူးဒေသ(၄) (မိုင်းလား)ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်းခေါင်းဆောင်သည့် အဖွဲ့တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် အထူးဒေသ (၄) (မိုင်းလား)အဖွဲ့က နိုင်ငံရေး အခြေခံမူအနေဖြင့် ပြည်ထောင်စုမှ ခွဲမထွက်ရေးမူကို ဆက်လက်ဆုပ်ကိုင် ထားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံးပါဝင်နိုင်ရေးကို ဖော်ဆောင်သင့်သည်ဟု ဆွေးနွေးကြောင်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဆွေးနွေးမှုအပြီးတွင် မီဒီယာများကို ပြောကြားသည်။
ဆက်လက်၍ ၎င်းက ''အဲဒီအချက်တွေထဲမှာ နိုင်ငံရေးအပြင် စီးပွားရေးအပိုင်းမှာ သယံဇာတတွေဆိုတာ နိုင်ငံတော်က ပိုင်ဆိုင်တယ်။ ဒါပေမယ့် အဲဒီပိုင်ဆိုင်တဲ့ သယံဇာတတွေကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြန်လည်ပြီး အသုံးချတဲ့အခါမှာ တိုင်းရင်းသားအားလုံး တန်းတူညီတူ အကျိုးခံစားခွင့်ရှိရ မယ်လို့ သူတို့ဘက်က မြင်တယ်။ အခွန်အခတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲ သင့်တယ်လို့ တင်ပြပါတယ်''ဟု ပြောသည်။

ထို့အပြင် လုံခြုံရေးအပိုင်းအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အားလုံးတွင် တာဝန်ရှိကြောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများကို နိုင်ငံသားတိုင်းက တိကျစွာလိုက်နာ သင့်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို လူတိုင်းက ထိန်းသိမ်းသင့်သကဲ့သို့ ၎င်းတို့အနေဖြင့် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း ပိုင်းဆိုင်ရာတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရန်နှင့် လူသားအားလုံး၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ခွင့်ပြုပေးရန် စသည့် အချက်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် သြဂုတ်လ ပထမပတ်တွင် ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲ သို့ အထူးဒေသ(၄) မိုင်းလားအဖွဲ့မှ တက်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။

''သူတို့အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ ကျင်းပတာကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြတယ်။ စိတ်ဝင်စားမှုလည်းရှိပြီး တက်ရောက်နိုင်ဖို့အတွက်ကိုလည်း အားလုံးနဲ့ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ သဘောတူညီမှုရခဲ့ပါတယ်''ဟု ဦးခင်ဇော်ဦးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် (Peace Commission)၏ တတိယအကြိမ် အစည်းအဝေးကိုလည်း ယနေ့နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)) ရုံး၌ ကျင်းပရာ အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များ၊ ရုံးအဖွဲ့၊ အလုပ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

သတင်း-ဇော်ကြီး(ပဏီတ)၊ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment