သတင်း - တင်မောင်လွင်၊ နိုင်လင်းကြည်၊ ဓာတ်ပုံ - မောင်မွှေး
ပခုက္ကူ သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းတွင် သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ပြင်းငလျင်ကြောင့် ဘုရားပုထိုးစေတီနှင့် အဆောက်အအုံနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပျက်စီးသွားသော ဘုရားစေတီအချို့အား အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
''ပခုက္ကူခရိုင်အတွင်းမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အခြေခံကျောင်း ၁ဝ ကျောင်းကို ဒေသခံ ရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ ကျောင်းကော်မတီတွေနဲ့ ပြုပြင်မှာကတော့ လေးကျောင်းဖြစ်ပါတယ်။ သက်ဆိုင်ရာပညာရေးဌာနက ဘတ်ဂျက်တောင်းခံပြုပြင်မှာကတော့ ခြောက်ကျောင်းဖြစ်ပါတယ်။ ဘုရားပုထိုးစေတီတော်တွေ စေတီတော်မြေခတာ၊ စိန်ဖူးတော်မြေခတာတွေကတော့ သက်ဆိုင်ရာ ဂေါပက အဖွဲ့ဝင်တွေ၊ အလှူရှင်တွေနဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေ ပူးပေါင်းပြီးတော့ ပြင်ဆင်သွားမှာဖြစ်ပါတယ်'' ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က ပြောသည်။
ပခုက္ကူခရိုင်ရှိ ပခုက္ကူမြို့နယ် ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တို့တွင် အဆိုပါ မြေငလျင် ဒဏ်ကြောင့် ဘုရားစေတီ စုစုပေါင်း ၁၄၆ ဆူပျက်စီးခဲ့ပြီး စေတီတချို့မှာ မြေခ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့အပြင် ဘုန်းတော်ကြီးကျောင်း ငါးကျောင်း အပါအဝင် နေအိမ်နှင့် အစိုးရရုံး အဆောက်အအုံတချို့လည်း ပြိုကျပျက်စီးခြင်းနှင့် နံရံအက်ကွဲခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
''ဒီငလျင် သဘာဝဘေးအ္တရာယ် ဖြစ်ဖြစ်ချင်းပဲ စာရင်းကောက်ယူပါတယ်။ အမှတ် (၁ဝ၁) ခြေမြန်တပ်မဌာနချုပ် အောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ် တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် တွေ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတွေ၊ ဒေသခံ ရပ်မိရပ်ဖတွေနဲ့ အားလုံး ဝိုင်းဝန်းဆောင်ရွက်ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်''ဟု ဦးကံစောလှိုင်က ဆက်လက်ပြောသည်။
ပခုက္ကူခရိုင်အတွင်း မြို့နယ် ငါးမြို့နယ်၌ ပခုက္ကူမြို့နယ်သည် ထိခိုက် ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး လူနေအိမ် ခြောက်လုံး၊ သာသနိကအဆောက် အအုံ ၁၆ လုံး၊ ဘုရားစေတီ ၅၇ ဆူ ပျက်စီးခဲ့ကြောင်း မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်က ပြောသည်။
''ပခုက္ကူမြို့ရဲ့ တန်ခိုးကြီးဘုရား ငါးဆူ ရွှေမုဋ္ဌောဘုရားက စိန်ဖူးတော် အထက်ပစ္စယံကနေ ပြုတ်ကျသွား တယ်။ သမိုင်းဝင် ရွှေတန့်တင့်ဘုရားကြီး ကလည်း စိန်ဖူးတော်ကြီး ယိုင်သွားတယ်။ နောက်ပြီး သရက္ခန်ဘုရားကြီး စိန်ဖူး တော်အုပ်ထားတဲ့ မှန်ပေါင်းချောင် အက်ကွဲသွားတယ်။ ရွှေတန့်တင့်ဘုရား မှာရှိတဲ့ ခြင်္သေ့ရုပ်ကြီးလည်း ဦးခေါင်းပိုင်း ပျက်စီးသွားတယ်'' ဟု ၄င်းက ပြောသည်။
ပြန်လည် ပြင်ဆင်ရေးပိုင်းနဲ့ ပတ်သက်ပြီး ဦးတင်ထူးအောင်က ''ကျွန်တော်တို့ မြို့နယ်ထွေအုပ်က ဦးဆောင်ပြီး ဌာနဆိုင်ရာရော လူမှုရေး အသင်းအဖွဲ့တွေပါ ပါဝင်ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ဖို့ စီမံဆောင်ရွက်ထား ပါတယ်။ နောက်ပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငလျင်လှုပ်ပြီးပြီးချင်း မှာ ရော၊ ငလျင်ငယ်တွေ ထပ်မံဖြစ်လာ နိုင်တဲ့အတွက် အိမ်တွင်းအိမ်ပြင် နေထိုင်သွားလာမှုတွေ သတိပြုကြဖို့ မိမိရပ်ကွက်ကျေးရွာအလိုက် နှိုးဆော် ထားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်'' ဟု ဦးတင်ထူးအောင်က ဆိုသည်။
အဆိုပါငလျင်ကြောင့် ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာရှိ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်သော ဗာဂျီးနီးယားဆေးပေါင်းရုံ မြင်းမိုရ်ပိတ်နံရံပြိုကျခဲ့မှုကြောင့် အမျိုး သားတစ်ဦး ပိမိသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိမှုကြောင့် ပခုက္ကူဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိရာ ယခုအခါ ကျန်းမာရေးအခြေအနေ ကောင်းမွန် သက်သာလျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးသွား သည့် ပခုက္ကူရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ ပြန်လည်ပြင်ဆင်ရေး နှင့်ပတ်သက်ပြီး ရွှေတန့်တင့်ဘုရား
ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမောင်နိုင် က'' ကျွန်တော်တို့ ပခုက္ကူမြို့ သမိုင်းဝင် ခြင်္သေ့ကြီးရဲ့ နားရွက်နဲ့ ဦးသျှောင် ပဲ့ကျ သွားတာရှိတယ်။ သရက္ခန်ဘုရားကိန်းဝပ် တဲ့ဂန္ဓကုဋိတိုက်ရဲ့ ပြာသာဒ်ဆောင် ထိပ်ပိုင်းကနေ ပြတ်ကျသွားတယ်။ သရက္ခန်ဘုရားကိန်းဝပ်တဲ့ ကန္ဓကုဋိ တိုက်ကြီးလည်း ပျက်စီးခဲ့လို့ အသစ် တစ်ဖန် ပြန်လည်တည်ဆောက်ခဲ့ရပါ တယ်။ အခုလည်း ဆက်လက်ပြီးတော့ ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ဒေသခံတွေအားလုံး ပူးပေါင်းပြီးမှ ဘုရားစေတီတွေ ပြန်လည် ပြုပြင်မွမ်းမံရေးတွေ ပြုလုပ်ဖို့ ဆောင် ရွက်နေပါတယ်။ လတ်တလော ပျက်စီး ခဲ့တာကိုလည်း ဖယ်ရှားရှင်းလင်းပြီး ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါ တယ်''ဟု ပြောကြားသည်။
''၁၉၇၅ ခုနှစ်က လှုပ်တဲ့ ပုဂံ အင်အားပြင်း ငလျင်တုန်းကလည်း ကျွန်တော်တို့မြို့ရဲ့ တန်ခိုးကြီးရွှေတန့်တင့် စေတီတော်မြတ်ကြီးမှာ လုံးလုံးပျက်စီး ပြီး စိန်ဖူးတော် မြေခခဲ့ဖူးပါတယ်။ အခု တစ်ဖန် စေတီတော်ကြီး ထပ်မံပျက်စီး သွားတော့ မြို့ခံတစ်ဦးအနေနဲ့ ပြောရရင် အလွန်ဝမ်းနည်းစရာကောင်းပါတယ်'' ဦးမောင်နိုင်က မှတ်ချက်ပြုပြောကြား သည်။
No comments:
Post a Comment