Monday, August 29, 2016

မှတ်တမ်းမတင်ဘဲရောင်းချသည့် အလှကုန်ပစ္စည်းများအား စစ်ဆေးတွေ့ရှိပါက အရေးယူမည်

Image may contain: indoor

ရန်ကုန် သြဂုတ် ၂၈

ပြည်တွင်းဈေးကွက်အတွင်း ရောင်း ချလိုသည့် အလှကုန်ပစ္စည်းများအား အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသို့ တရားဝင်မှတ်တမ်းတင်ရမည်ဖြစ်ပြီး မှတ်တမ်း မတင်ဘဲ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ပြည်သူ့ ကျန်းမာရေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ ဂန္ဓမာဟိုးဆေးလ်တွင် ပြုလုပ်သည့်ဆွေးနွေးပွဲမှ သိရသည်။
''အလှကုန် ပစ္စည်းတွေကို တရား ဝင်ရောင်းချရင် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ရမယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတယ်။ မှတ်တမ်းတင်ဖို့ အတွက်လည်း အသိပညာပေးတာတွေ လုပ်နေတယ်။ မှတ်တမ်းမတင်ဘဲ ဈေးကွက်မှာ တရားမဝင်ရောင်းချရင် နောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဥပဒေအရ အရေးယူသွားမယ်''ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသဇင်ရီလှိုင်က ပြောသည်။
အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနသို့ မှတ်တမ်းမတင်ဘဲ အလှကုန်ပစ္စည်းများ တင်သွင်း၊ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဥပဒေအရ ထောင်ဒဏ်တစ်နှစ်မှ ၁၃ နှစ်အထိ ချမှတ် အရေးယူဆောင်ရွက်နိုင်ကြောင်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
''အလှကုန်ပစ္စည်း သုံးစွဲသူတွေ အနေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဓာတုဆေးဝါးပါတဲ့အတွက် သုံးစွဲဖို့ မသင့်ဘူးဆိုပြီး နိုင်ငံပိုင်သတင်း စာတွေ၊ ရုပ်သံမီဒီယာတွေကနေ တစ်ဆင့် ကြော်ငြာထားတဲ့ အလှကုန် ပစ္စည်းတွေကိုလည်း မသုံးစွဲကြဖို့ ပြောချင်တယ်''ဟု ဒေါက်တာသဇင်ရီ လှိုင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ၁၉၇၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဥပဒေပုဒ်မခွဲ(၁)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ လည်းကောင်း၊ အာဆီယံအလှကုန် ပစ္စည်း ပြဋ္ဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် လည်းကောင်း ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်တွင် အလှကုန်ပစ္စည်းဆိုင်ရာ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ရောင်းချနေသည့် အလှကုန်ပစ္စည်း များအား ၂ဝ၁၃ ခုနှစ်မှစတင်ကာ တားမြစ်ဓာတုဗေဒ ပစ္စည်းသုံးစွဲထား ခြင်းရှိ၊မရှိစစ်ဆေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း အဆိုပါအခမ်း အနားမှ သိရသည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသဇင်ရီလှိုင်နှင့် ဒေါက်တာ ဒေါ်ခင်ချစ်တို့က အလှကုန်ပစ္စည်းများ ဓာတ်ခွဲစစ်ဆေးခြင်း နှင့် အလှကုန်ပစ္စည်းများအကြောင်းရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံ အလှကုန်အသင်းဥက္ကဋ္ဌ ဦးကျော်မင်း က အဆိပ်သင့်အလှကုန်များ အကြောင်း ဆွေးနွေးခဲ့သည်။
သတင်း-သီသီမင်း၊ဓာတ်ပုံ-ဖြိုး

No comments:

Post a Comment