နေပြည်တော် သြဂုတ် ၂၇
ငလျင်ကြောင့်ပြိုကျပျက်စီးသွားသော ပုဂံဒေသရှိ ဘုရား ပုထိုးများအား ပြန်လည်ပြုပြင်ရန် ယနေ့နံနက်ပိုင်းတွင် အလှူ ငွေကျပ်သိန်းတစ်ထောင်ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းကိုယ်စား ကမ္ဘောဇဘဏ်လီမိတက် ညောင်ဦးဘဏ်ခွဲ တာဝန်ခံဦးသန်းဆွေက ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက လက်ခံရယူသည်။
ထို့အတူ ယနေ့ ညနေပိုင်းက နေပြည်တော်ကောင်စီ နယ်မြေတပ်ကုန်းမြို့နယ်တွင် မိုးများပြီး တောင်ကျချောင်းရေများ ပြင်းထန်စွာ စီးဆင်းမှုကြောင့် တပ်ကုန်းမြို့နယ် သံပုရာ ကုန်းကျေးရွာ အုပ်စု သံပုရာကုန်းကျေးရွာနှင့် လက်ပံအိုက် ကျေးရွာတို့မှ အိမ်ခြေ ၂၂ လုံး ရေစီးဖြင့် မျောပါပျက်စီးကာ လူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အဆိုပါ နေအိမ်များအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ် ဆီတစ်ပုံးနှင့် ငွေကျပ် ငါးသိန်းစီတို့ကို ကျေးရွာအရောက် သွားရောက်လှူဒါန်းခဲ့သည်။
ဖောင်ဒေးရှင်းသည် ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့်နွေရာသီကာလများတွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် နေရာဒေသအနှံ့အပြားတွင် သောက်သုံးရေများ ရှားပါးပြတ်လပ်မှုများအတွက် အဝီစိ စက်ရေတွင်းများတူးဖော်ပေးခြင်း၊ ရေဂါလန် ၃ဝဝဝဆံ့ ရေဘောက်ဆာကားကြီး ၄၃ စီးဝယ်ယူကာ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းခြင်း၊ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းခြင်း၊ ရာသီဥတုဖောက်ပြန်၍ မိုးသီး များကြွေကျသဖြင့် တောင်သူများ၏ လယ်ယာသုံးခိုင်းနွား များသေဆုံးမှုများကို ခိုင်းနွားတစ်ကောင်လျှင် ငွေကျပ် ၁ဝ သိန်းစီပေးအပ်လှူဒါန်းခြင်းတို့ကိုလည်းကောင်း၊ မိုးရာသီတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာတွင်လည်း ရေဘေး သင့်ပြည်သူများထံ နေ့စဉ်ထမင်းထုပ်များ ဖြန့်ဝေလှူဒါန်း ခြင်း၊ အလှူငွေများပေးအပ်လှူဒါန်းခြင်းတို့ကိုလည်းကောင်း၊ ဆောင်းရာသီတွင် ဖြစ်ပေါ်နိုင်သည့် လာနီညာ ရာသီဥတု ကြောင့် အအေးဒဏ်လွန်ကဲမှုဒဏ်ကို ကာကွယ်နိုင်ရန် အတွက် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါ အနွေးထည် ၁၆ဝဝဝဝ ကို ပြည်ပမှ မှာယူကာ အအေးဒဏ်လွန်ကဲနိုင်သောဒေသများရှိ တိုက်ပွဲရှောင် ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ဘုန်းတော် ကြီးပညာသင်ကျောင်းများမှ ကလေးငယ်များအတွက် လှူဒါန်းခြင်းတို့ကိုလည်းကောင်း နွေ၊ မိုး၊ ဆောင်း၊ စဉ်ဆက်မပြတ် လှူဒါန်းကူညီ ဆောင်ရွက်ပေးနေသကဲ့သို့ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုအတွက် ငွေကျပ် သိန်းတစ်ထောင်စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၄ဝဝဝ ကိုလည်းဇူလိုင်လနှင့် သြဂုတ်လအတွင်း ပေးအပ် လှူဒါန်း ခဲ့ရာ ယနေ့အထိ လှူဒါန်းငွေစုစုပေါင်း ကျပ် ၁ဝ၇ ဘီလီယံ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
(ဝ၁ဝ)
No comments:
Post a Comment