Tuesday, August 2, 2016

တောင်သမန်အင်း ရေဝင်ရောက်မှုမြင့်တက်သဖြင့် ဦးပိန်တံတားယာယီပိတ်ထား


မန္တလေး သြဂုတ် ၁

မန္တလေး(အမရပူရ) တောင်သမန်းအင်းအတွင်းသို့ ရေဝင်ရောက်မှုတဖြည်းဖြည်းမြင့်တက်လာ သောကြောင့် သြဂုတ် ၁ ရက်မှစ၍ ဦးပိန်တံတားပေါ်ဖြတ်သန်းသွားလာမှုအား ယာယီပိတ်ထား ကြောင်း သိရသည်။
''မန္တလေးမှာ ဇူလိုင် ၃ဝ ရက်ကစပြီး မြစ်ရေက စိုးရိမ်ရေမှတ်အထက် ကျော်လာတာ ဒီနေ့ ဆိုရင် နှစ်ပေလောက်ထိရှိနေတယ်။ မြစ်ရေနဲ့ မြို့ထဲကရေတွေကြောင့် တောင်သမန်အင်းမှာ ရေများလာပြီး ဦးပိန်တံတား တချို့နိမ့်တဲ့နေရာတွေဆို ကြမ်းခင်းအထိကိုရောက်လာပြီ။တာဝန်ရှိ သူတွေကတော့ ထိန်းသိမ်းမှုတွေလုပ်နေတယ်''ဟု လာရောက်ကူညီပေးသည့် လူမှုရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။
တောင်သမန်အင်း ရေများလာခြင်းကြောင့် အင်းအရှေ့ဘက်ခြမ်း အုတ်ရိုးနံရံများမှ ရေများ စိမ့်ထွက်လာပြီး ကန်ပတ်လမ်းပေါ်တွင်ရေကျော်ကာ တစ်ဘက်ခြမ်းရှိ နံ့သာကျေးရွာသို့ ရေများ ဝင်ရောက်လာကြောင်း၊ အင်းရေတံခါးကိုလည်း မြို့တော်စည်ပင်သာယာက ယနေ့နံနက် ပိုင်းက အင်းရေလျော့ကျရန်အတွက် ဖွင့် လှစ်လိုက်ကြောင်း သိရသည်။

''တောင်သမန်အင်း ရေတံခါးဖွင့် လိုက်တော့ တခြားရွာတွေနဲ့ ရပ်ကွက် အချို့ ရေဝင်မှာပဲ။ဒါပေမယ့် အခြေအနေ အရ လုပ်သင့်တာလုပ်ရတာပဲ။ လူမှု ကူညီရေးအသင်းတွေရော ဌာနဆိုင်ရာ တွေပါ အားလုံးက လိုအပ်တာတွေ ကူညီဖို့ အဆင်သင့်ရှိနေတယ်''ဟု အမရ ပူရ မြို့ခံတစ်ဦးက ပြောသည်။
တောင်သမန်အင်း ရေမြင့်တက်မှု နှင့်ပတ်သက်ပြီး ၂ဝဝ၄ ခုနှစ်က ဦးပိန် တံတားကြမ်းပြင် ကျော်လွန်အောင် ရေလွှမ်းခဲ့ပြီး မန္တလေး(ဧရာဝတီ)မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၃ဝ ဒသမ ၇၄ ပေရှိ၍ ယင်းအထက် လေးပေခန့်ထိ ရောက်ရှိခဲ့ပြီး ယခုနှစ် သြဂုတ် ၁ ရက်တွင် စိုးရိမ်ရေ မှတ်အထက် နှစ်ပေခန့်ရောက်ရှိနေ ကြောင်း သိရသည်။
အောင်ရဲသွင်

No comments:

Post a Comment