Wednesday, August 3, 2016

(3.8.2016) ကြေးမုံစာတည်းရှုထောင့်

သစ်တစ်ပင်ချင်းအမြင်နှင့် တောအုပ်တစ်ခုလုံးအကြည့်
======================================
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (INTERNATIO- NAL CRISIS GROUP -ICG)သည် လူထုအစိုးရသစ်နှင့် ပတ်သက် သော အစီရင်ခံစာ (MYANMAR'S NEW GOVERNMENT; FINDING ITS FEET?)ကို ၂ဝ၁၆ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG)က လူထုအစိုးရသစ်၏မူဝါဒနှင့်လုပ်ဆောင်ချက်များကို ဝေဖန်ချက်များပြုလုပ်ထားသော်လည်း ခြုံငုံသုံးသပ်ချက်များ ပြုလုပ်ရာ၌ အားတက်သော သဘောထားအမြင်များကိုတွေ့ရပါသည်။ ဘက်လိုက်မှု ကင်း၍ မျှတသည့် ဝေဖန်ချက်များကို ပြုလုပ်လိုသောသတင်းမီဒီယာ ပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့် ဤအားတက်သော သဘောထား အမြင်များကို လေ့လာသုံးသပ်စေလိုပါသည်။
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG)ကလူထု အစိုးရသစ်သည် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးနှင့်တကွ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ကျေနပ်အားရသည့် အပြောင်းအလဲ များကို ဖော်ဆောင်လျက် ဗဟိုမှအာဏာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်အုပ်ချုပ်ခဲ့သော ခေတ်ကာလ၏ သမိုင်းအမွေဆိုးများ ဖြေလျှော့ရန်ဦးတည်၍ အရေးကြီးသည့် အရေးယူဆောင်ရွက်ချက်များ ကို ပြုလုပ်ခဲ့သည်ဟု ရှုမြင်သုံးသပ်ထားပါသည်။ သစ်ပင်တစ်ပင်ချင်း ထက် တောအုပ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ထားသည့် သဘောထား အမြင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သစ်ပင်တစ်ပင်ချင်းကြည့်လျက် စိတ်ပျက်နေသော ပြည်သူလူထုနှင့် သတင်းမီဒီယာများအနေဖြင့် အထက်ဖော်ပြပါ သဘောထားအမြင်ကို နှလုံးသွင်းပြီး ယောနိသော မနသီကာရပြုသင့်ပါသည်။
တိုင်းပြည်၏ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရသည်ဖြစ် သော်လည်း လူထုအစိုးရသစ်နှင့် တပ်မတော်ကြား ဆက်ဆံရေးသည် ဒီမိုကရေစီအခြေခံမူများကိုထိပါးမှုမရှိသည့်နည်းတူ အခြေခံကျသည့် မည်သို့သော ထိပ်တိုက်ရင်ဆိုင်မှု မရှိစေရန်လည်း ချိန်ဆညှိနှိုင်းဆောင် ရွက်နိုင်ခဲ့ခြင်းအပေါ် နိုင်ငံတကာပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့(ICG)က ကနဦး အောင်မြင်မှုအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ ဤအသိ အမှတ်ပြုမှုသည် လူထုအစိုးရသစ်နှင့်တပ်မတော်အတွက် ဝမ်းမြောက် အားတက်စရာကိစ္စရပ်ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်လည်း ဝမ်းမြောက်အားတက်စရာကိစ္စရပ်ဖြစ်သည်ဟု ယူဆပါသည်။
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG)က လူထုအစိုးရသစ်၏ အဓိကစိန်ခေါ်ချက်များသည် တိုင်းပြည်လွတ်လပ် ရေးရသည့် အချိန်မှစ၍ ဆင့်၍ဆင့်၍စုပုံလာသည့် ပြဿနာအနန္တကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ရေးကိုဦးတည်လျက် စီးပွားရေးကဏ္ဍတစ်ရပ်လုံး အချိုးညီညီဖွံ့ဖြိုးတိုးတက်နိုင်စေသည့် ပြုပြင်ပြောင်းလဲမှု များဖော်ဆောင်ရေးနှင့် တက်စုံရွက်စုံမဖွင့်နိုင်သေးသည့် ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးလုပ်ငန်းစဉ်တို့ကြား ဟန်ချက်ညီညီထိန်းညှိ နိုင်ရေးဖြစ်သည်ဟု တင်ပြထားသည်။ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ကို စိတ်ဓာတ်တက်ကြွစေမည့် မူဝါဒများချမှတ်ရုံမျှ ဖြင့် တိုင်းပြည်၏အနန္တပြဿနာရပ်များ မဖြေရှင်းနိုင်သည်ကိုလည်း နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ICG)က ထောက်ပြ ထားပါသည်။
လူထုအစိုးရသစ်နှင့် တိုင်းရင်းသားပြည်သူလူထုအများစု သည် ဤထောက်ပြချက်အပေါ် နှလုံးသွင်းပြီးဟုယုံကြည်သော်လည်း တချို့သောအားမလိုအားမရဖြစ်နေသည့် ပြည်သူများအနေဖြင့် ဤထောက်ပြချက်အပေါ်သုံးသပ်ဆင်ခြင်စေလိုပါသည်။
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့က အကြုံပြုထားသည့် တခြားသော အရေးကြီးသည့်အချက်တစ်ရပ်မှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးလုပ်ငန်းစဉ်များ အောင်မြင်သည် နှင့်အမျှ ဤအောင်မြင်မှု၏အသီးအပွင့်များကို တပ်မတော်အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ရရှိခံစားရမည်ကို ရုပ်လုံးကြွပုံပေါ်လာစေရန် လှုံ့ဆော်စည်းရုံးနိုင်ရေးဖြစ်ပါသည်။ ဤအကြံပြုချက်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အစဉ်တစိုက်ကိုင်စွဲခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒနှင့် တစ်ထပ်တည်းကိုက်ညီလျက် ရှိပါသောကြောင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုအပ်ပါသည်။ ။

No comments:

Post a Comment